Breaking News

ဧရာ(မန္တလေး) - ဉာဏ်နဲ့ မြင်ဖို့


ဧရာ(မန္တလေး) - ဉာဏ်နဲ့ မြင်ဖို့

(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၉

တခါတလေမှာ တစုံတခုက ကိုယ့်မျက်စိအောက်မှာတင် ရှိနေပါလျှက် ရှာမတွေ့နိုင်ဘဲ မျက်စိလျှမ်း နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါမျိုးက မျက်စိနဲ့ ကြည့်ရှာတဲ့ ကိစ္စမှ မဟုတ်ပါဘူး။ အသိဉာဏ်နဲ့ နားလည်ရမယ့် နေရာမှာလည်း ဖြစ်တတ်ပါတယ်။ ဘာမှ အထွေအထူး ရှင်းပြနေစရာ မလိုလောက်အောင် ပေါ်လွင် ထင်ရှားနေပေမယ့်၊ မသိမမြင်နိုင်ဘဲ ဖြစ်နေတာမျိုးတွေ ရှိပါတယ်။ မျက်စိလျှမ်းတဲ့ အခါမျိုးမှာ ဘေးလူ တယောက်ယောက်က ပြလိုက်ရင် အလွယ်တကူ မြင်နိုင်ပေမယ့်၊ အသိဉာဏ်လျှမ်းနေတဲ့ အခါမျိုးမှာတော့ ဘေးလူက ပြတာတောင် လွယ်လွယ်နဲ့ သဘောမပေါက်ဘဲ ဖြစ်တတ်ပါတယ်။ ဒီအခါမျိုးမှာ ထွေထွေထူးထူး ရှင်းပြမနေတော့ဘဲ၊ ဉာဏ်ပွင့်သွားစေလောက်မယ့် တိုတိုတုတ်တုတ် စကားလေးတွေက ပိုပြီး ထိရောက်တတ်ပါတယ်။ ဒီလို တဖက်လူရဲ့ စရိုက်နဲ့ စိတ်နေစိတ်ထားကို နားလည်ပြီး သူ့ရဲ့စရိုက်အလိုက် ဉာဏ်ပွင့်သွားအောင် လုပ်ပေးနိုင်တဲ့ အရည်အချင်းမျိုးကို ဥပါယကောသလ္လ (skill-in-means) လို့ ခေါ်ပါတယ်။ မြန်မာစကားမှာ “ဥပါယ်အတတ်တွင် ကျွမ်းကျင်လိမ္မာခြင်း” လို့လည်း သုံးလေ့ရှိပါတယ်။ ဇင်ဗုဒ္ဓဘာသာမှာ ဥပါယ်အတတ် ကျွမ်းကျင်တဲ့ ဆရာက “ကိုအန်” လို့ခေါ်တဲ့ ပဟေဠိဆန်ဆန် မေးခွန်းလေးတွေ၊ စကားလေးတွေကို သုံးပြီး တပည့်ဖြစ်သူ တရားရအောင် ပြပေးတတ်ပါတယ်။

နိပါတ်တော်တွေထဲမှာ “ပဉ္စဝုဓ” လို့ အမည်ရတဲ့ ဇာတက ပုံပြင်တပုဒ် ရှိပါတယ်။ ကလေးတွေ ကြိုက်တတ်တဲ့ ပုံပြင်လေး တပုဒ်ပါ။ ပဉ္စဝုဓဆိုတာ လက်နက် ငါးမျိုးလို့ အဓိပ္ပါယ်ရပါတယ်။ တက္ကသိုလ်ပြည်မှာ ပညာသင်ကြားနေတဲ့ ဘုရားအလောင်းတော်က လက်နက် ငါးမျိုးကို ကိုင်တွယ် အသုံးပြုရာမှာ ကျွမ်းကျင်လိမ္မာတဲ့ အတွက် ပဉ္စဝုဓမင်းသားလို့ နာမည်ရပါတယ်။ ပညာစုံတဲ့ အခါ ဒိသာပါမောက္ခ ဆရာကြီးပေးလိုက်တဲ့ လက်နက် ငါးမျိုးကို ယူပြီး ပြည်တော်ကို ပြန်ပါတယ်။ အပြန်လမ်းခရီး တောအုပ်ထဲမှာ ဘီလူးတကောင်နဲ့ တွေပါတယ်။ ဒီဘီလူးရဲ့ အမွှေးအမျှင်တွေက အလွန် စေးကပ်တဲ့ အတွက် “သိလေသလောမယက္ခ” (သိလေသ - စေးကပ် + လောမ - အမွှေး + ယက္ခ -ဘီလူး) လို့ခေါ် ပါတယ်။ ပဉ္စဝုဓမင်းသားက အလွန်ရဲစွမ်း သတ္တိရှိသလို လက်နက် ငါးမျိုးကို ကျွမ်းကျင်သူ ဖြစ်လေတော့ မကြောက်ပါဘူး။ “ငါသင့်ကို အမှုန့် ချေပစ်မယ်” လို့ ကြုံးဝါးပြီး သူ့မှာ ပါတဲ့ လက်နက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ပါတယ်။ ဒါပေမယ့် သူပစ်လိုက်သမျှ လေးမြား ဓားလှံ လက်နက်အားလုံးက ဘီးလူးရဲ့ ကိုယ်က အမွှေးအမျှင်တွေပေါ်မှာ ကပ်ကုန်ပါတယ်။ ဒါပေမယ့် မင်းသားက မကြောက်ပါဘူး။ အလျှော့ မပေးပါဘူး။ “ငါသင့်ကို အမှုန့် ချေပစ်မယ်” လို့ ဆက်လက် ကြုံးဝါးပြီး လက်သီးနဲ့ ထိုးပါတယ်။ လက်သီးက ဘီးလူးကိုယ်မှာ ကပ်နေပြန်ပါတယ်။ ဒူးနဲ့ တိုက်ပါတယ်။ ဦးခေါင်းနဲ့ တိုက်ပါတယ်။ နောက်ဆုံး သူ့ရဲ့ လက်နှစ်ဖက်၊ ခြေနှစ်ဖက်နဲ့ ဦးခေါင်းတွေက ဘီလူးကိုယ်မှာ ကပ်နေပြန်ပါတယ်။

ဒါပေမယ့်လည်း မင်းသားက ကြောက်ရွံဟန် မပြပါဘူး။ ဒီတော့ ဘီလူးက ဒီသူငယ်က သူအရင်တွေ့ဖူးတဲ့ သူတွေနဲ့ မတူဘူး၊ အတော် သတ္တိကောင်းတာပဲလို့ စဉ်းစားပြီး “ဘာလို့ သေမှာ မကြောက်သလဲ” လို့ မေးပါတယ်။ ဒီအခါမှာ မင်းသားက ခပ်တည်တည်နဲ့ပဲ “ငါက ဘာလို့ သေမှာ ကြောက်ရမှာလဲ။ ဘဝမှာ တခါသာ သေရိုးထုံးစံ ရှိတယ်။ ငါ့ဝမ်းထဲမှာ ဝရဇိန်လက်နက်ရှိတယ်။ ငါ့ကို စားလည်း ဝရဇိန်လက်နက်ကတော့ ကျေပျက်မှာ မဟုတ်ဘူး။ သင့်ရဲ့ အူအသည်းတွေသာ အပိုင်းပိုင်း ပြတ်ပြီး သင်လည်း ငါနဲ့ အတူ သေလိမ့်မယ်” ဆိုပါတယ်။ ဒီမှာတင် ဘီလူးက မစားတော့ဘဲ မင်းသားကို ပြန်လွှတ်လိုက်ပါတယ်။ ပုံပြင်လေးကတော့ ဒါပါပဲ။

ဒီဇာတ်လမ်းမှာ ပေးချင်တဲ့ သင်ခန်းစာက "ကိုယ်တကယ် အားကိုးရမယ့် လက်နက်က အပြင်မှာ ရှိတာမဟုတ်ဘူး။ အသိဉာဏ်နဲ့ ယှဉ်တဲ့ မကြောက်တရားနဲ့ အလျှော့မပေး မတွန့်မဆုတ်တဲ့ စိတ်ဓာတ် (အလီနစိတ္တ) ကမှ ကိုယ်တကယ် အားကိုးရမယ့် လက်နက်ပဲ" လို့ ဆိုနိုင်ပါတယ်။ ဒီပုံပြင်ကို ကလေးတွေကို ပြောပြတဲ့အခါ ကလေးတွေကတော့ ဘီလူးရဲ့ ကိုယ်က ကပ်ငြိတတ်တဲ့ အမွှေးအမျှင်တွေက သံယောဇဉ်နဲ့ တူတယ်၊ ဝရဇိန်လက်နက် စိန်သံလျှက် ဆိုတာက ထက်မြက်တဲ့ အသိဉာဏ်၊ မကျေပျက်နိုင်တဲ့ အသိပညာနဲ့ တူတယ် ဆိုတာမျိုးလောက်ထိတော့ တွေးယူနိုင်မှာ မဟုတ်သေးပါဘူး။ အချို့ကလေးတွေက ဒီမင်းသားက သိပ်သတ္တိ ကောင်းတာပဲ။ ဉာဏ်သိပ်ပိုင်တာပဲလို့ တွေးချင်တွေးပါလိမ့်မယ်။ အချို့ကလည်း ဒီဘီလူးက အတော်ညံ့တာပဲ၊ တချက်ကလေး လှိမ့်လိုက်တာနဲ့ အညာမိသွားရောလို့ တွေးမိကောင်း တွေးမိပါလိမ့်မယ်။

ဒီနေရာမှာ ကျွန်တော် တွေးမိတာက “ဟာ ဒီဘီလူးက ချက်ဆို နားခွက်က မီးတောက်ပါလား” လို့ပါ။ ဒီပုံပြင်အဆုံးမှာ ပဉ္စဝုဓမင်းသားက မြတ်စွာဘုရား ဖြစ်လာပြီး၊ ဘီလူးက အင်္ဂုလိမာလ ဖြစ်လာတယ်လို့ ဇာတ်ပေါင်း ထားပါတယ်။ ကြားဖူးကြပါလိမ့်မယ် …။ လူဆိုးကြီး အင်္ဂုလိမာလက မြတ်စွာဘုရားရဲ့ လက်ညိုးကို ဖြတ်ဖို့လိုက် လိုက်ရင်း “ဟေ့ ရဟန်းကြီး … မပြေးနဲ့ ရပ်လိုက်” လို့ လှမ်းအော်ပါတယ်။ မြတ်စွာဘုရားက “ငါက မပြေးဘူး ရပ်နေတယ်။ ပြေးနေတာက သင်” လို့ပဲ ဆိုလိုက်ချိန်မှာပဲ အင်္ဂုလိမာလ တရားရပါတယ်။ အကယ်၍သာ ဒီနေရာမှာသာ မြတ်စွာဘုရားက “’ဒါနကထာ၊ သီလကထာ၊ ကာမာနံ အာဒီနဝကထာ၊ သစ္စကထာ” တွေကို အသေးစိတ် သွားဟောနေရင် အင်္ဂုလိမာလလည်း တရားမရဘဲ အဝီစိကျသွားနိုင်ပါတယ်။ မြတ်စွာဘုရားရဲ့ ဥပါယကောသလ္လ ဉာဏ်တော်ကို ကြည်ညိုနိုင်ဖို့ပါ။ အင်္ဂုလိမာလရဲ့ အကင်းပါးလှတဲ့ ဇဝနဉာဏ်ကိုလည်း လေးစားမိဖို့ပါ။