Breaking News

ခင်မျိုးချစ် - ငြိမ်းချမ်းရေးရှာပုံတော်ခရီး၏ မှတ်တိုင်များ (၁)

(photo – Sayadaw U Vinaya (middle) resided as a meditation master at our house in 1956 – 1968.

ခင်မျိုးချစ် - ငြိမ်းချမ်းရေးရှာပုံတော်ခရီး၏ မှတ်တိုင်များ (၁)

ကျွန်မဘဝကို ပြောင်းလဲစေခဲ့သော တွေ့ဆုံမှု (၁)

အတွေးအမြင် ဒီဇင်ဘာ ၂၀၁၉ 
(မိုုုုုုုးမခ) ဒီီီီီဇင်််််ဘာ ၁၆၊ ၂၀၁၉

အချိန်မှာ ၁၉၅၅ ခုနှစ် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ဖြစ်သည်။ ထိုအချိန်တွင် ထူးခြားသော သတင်းတခုကို ကြားလိုက်ရသည်။ ကျွန်မ ဂျပန်ခေတ် တော်လှန်ရေးကာလက တွေ့ဆုံခဲ့ပြီး ရန်ဖြစ်ခဲ့ သော ဘီအိုင်အေစစ်ဗိုလ် ကိုသိန်းဆွေသည် ဘုန်းကြီးဝတ်လိုက်ပြီ။ ဗိုလ်သိန်းဆွေသာမက ကျွန်မတို့၏ မိတ်ဆွေ၊ ကျွန်မတို့အိမ်သို့ အသည်းကွဲ၍ ရောက်လာခဲ့သော ကိုလှဖေသည်လည်း ဘုန်းကြီးဝတ်လိုက် ပြီ။ ဗိုလ်သိန်းဆွေနှင့် ကိုလှဖေ နှစ်ဦးစလုံး ဘောက်ထောက် စွန်းလွန်းတွင် ဘုန်းကြီးဝတ်လိုက်ခြင်း ဖြစ်သည်။

မြန်မာ ဗုဒ္ဓဘာသာ၏ ဓလေ့တခုတွင် အသက်နှစ်ဆယ် ပြည့်ပြီးသော ယောကျာ်းလေးတဦးသည် ဘုန်းကြီးဝတ်၍ ဘုန်းကြီးကျောင်း၌ တပတ်၊ ဆယ်ရက်မျှလောက် နေခြင်းသည် မဆန်းသော လုပ်ရပ်တခု ဖြစ်သည်။ ဤကဲ့သို့ လုပ်ရခြင်း၏ အကြောင်းတခုမှာ နားငြီးတတ်သော အမျိုးသမီး ဆွေမျိုးတဦးက သူ ကုသိုလ်ရရှိစေရန် ထိုယောကျာ်းလေးကို ဘုန်းကြီးဝတ်ခိုင်းသောကြောင့် ဖြစ်နိုင် သည်။ သို့သော် ကိုလှဖေနှင့် ဗိုလ်သိန်းဆွေကဲ့သို့သော ပုဂ္ဂိုလ်များကို ခေတ္တခဏပင်လျှင် ဘုန်းကြီးဝတ် လိမ့်မည်ဟု မထင်မိပါ။ သေချာစဉ်းစားလေ၊ ဤကိစ္စသည် ဖြစ်ဖို့ တော်တော်ခဲယဉ်းသည်ကို သဘောပေါက်ပါသည်။

ကိုလှဖေသည် စီးပွားရေးလောကတွင် လျှမ်းလျှမ်းတောက် ဖြစ်သည်။ သူ၏ အိမ်ထောင်ကွဲသွားခြင်း သည် သူ့ကို ပို၍ပင် စိတ်ဝင်စားဖို့ ဖြစ်လာသည်။

ဗိုလ်သိန်းဆွေမှာကား ဤလောကကြီးသည် သူသာ မရှိလျှင် ရပ်တည်၍မဖြစ်နိုင်ဟူသော အတွေးများ ဖြင့် ဘဝင်မြင့်နေသောသူ ဖြစ်သည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်နှစ်ဦးသည် ဘုန်းကြီးဝတ်ပြီး ယခုအထိ တနှစ်တိုင်တိုင် နေခြင်းသည်ကား တကယ် အံ့ဩလောက်ပါသည်။

ကျွန်မသည် ကိုလှဖေ ပြောခဲ့သော စကားတခုကို သတိရလျက်ရှိသည်။ သူသည် တနဂငေ်္နွနေ့တိုင်း ဘုန်းကြီးကျောင်းတွင် တရားသွားထိုင်လျက် ရှိသည်။ ထိုသတင်းကို ကြားသော် ကျွန်မအနေနှင့် သိပ်အထင်မကြီးပါ။ သူ့မှာ အခြားအကြောင်း တခုခု ရှိရမည်ဟု ထင်သည်။ ဘုန်းကြီးကျောင်းတွင် ရှိသော လူစုလူဝေးများသည် ကိုလှဖေကဲ့သို့သော လွတ်လပ်သော လူတယောက်အဖို့ လူမှုရေးရှုထောင့်မှ စိတ်ဝင်စားစရာ များစွာ ရှိနိုင်ပါသည်။

ဗိုလ်သိန်းဆွေနှင့်ပတ်သက်၍ ပြောရလျှင် သူနှင့် ရန်ဖြစ်ပြီးနောက်ပိုင်းတွင် သူ့အကြောင်းတွေ တော်တော်များများ ကြားရပါသည်။ သူသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အလွန်ရင်းနှီးပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ဆုံးသွားပြီးနောက်တွင် သူသည် စာကြည့်တိုက်အလုပ်ကို လုပ်ပါသည်။ သူ ကျယ်ကျယ်ပြန့်ပြန့် လုပ်သော အလုပ်တခုမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အချက်အလက် များကို ရှာဖွေစုဆောင်းခြင်း ဖြစ်သည်။ သူသည် စာကြည့်တိုက်အလုပ်အတွက် အမေရိကန်နိုင်ငံသို့ ပညာတော်သင်သွားခဲ့သည်။ အမေရိကန်နိုင်ငံမှ ပြန်ရောက်ပြီး သူ့အတွက် အောင်မြင်မှုလမ်းကြောင်း ပေါ်သို့ တက်ရန် လှေကားသည် အဆင်သင့် ဖြစ်နေပါပြီ။ ယခုတော့ ဗိုလ်သိန်းဆွေသည် သူ၏ အစီအစဉ်များကို စွန့်လွှတ်ပြီး ဘုန်းကြီးဝတ်သွားပြီဟူသော သတင်းသည် အထင်ကြီးစေသောစိတ်များ ဖြစ်ပေါ်လာပါသည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်များသည် ဘုန်းကြီးဝတ်၍ တနှစ်ကျော်ကျော် နေခဲ့ခြင်းသည် အကြောင်းမဲ့တော့ မဟုတ်နိုင်ပါဟု စိတ်ထဲတွင် ဖြစ်မိပါသည်။ တဖက်တွင်လည်း စိတ်ထဲတွင် လှောင်ပြောင်လိုသော စိတ်ကလေးသည် ကျန်ရှိလျက်ရှိသည်။ ‘ဘုန်းကြီးဖြစ်ဖို့ လူ ဒီလောက်ပဲ ရှားသလား’ ဟု စိတ်ထဲတွင် ဖြစ်မိသည်။ ကျွန်မကိုယ်တိုင် ကောင်းကောင်းသိကျွမ်းခဲ့သော ထိုပုဂ္ဂိုလ်နှစ်ဦးစလုံးကို ကြည်ညိုလိုသော စိတ်မျိုး သိပ်တော့မရှိပါ။ သို့သော် ကျွန်မ၏ သိချင်စိတ်ကို နှိုးဆွပေးသည်မှာ အမှန်ဖြစ်ပါသည်။ ကျွန်မ အသိချင်ဆုံးမှာ သူတို့တွေ ဘာကြောင့် ဘုန်းကြီးဝတ်သလဲ။

ကျွန်မတို့သည် ဘုန်းကြီးကျောင်းသို့ သွားကြပါသည်။ ဦးသန်းတင် အမည်ရှိသော စာရေးဆရာ မိတ်ဆွေ တဦးသည် သူ့ကားဖြင့် ခေါ်သွားပါသည်။ သူသည် ကျွန်မနှင့် ကိုလတ်တို့ကို ဘုန်းကြီးကျောင်းသို့ ခေါ်သွားရသည်ကို အလွန်ပျော်နေပုံရပါသည်။ သူက ပြောပြ၍သိရသည်မှာ ယခု သွားမည့် ဘောက်ထောက် စွန်းလွန်းကျောင်းကို စွန်းလွန်းဆရာတော်ကြီးက တည်ထောင်ခြင်း ဖြစ်သည်။ စွန်းလွန်းဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို လွန်ခဲ့သော အနှစ်နှစ်အလလက ကျွန်မတို့ ဖူးခဲ့ပါသည်။ သူသည် အားလုံးကဲ့သို့ပင် စွန်းလွန်းဆရာတော်ကြီးသည် ရဟန္တာဟု ယုံကြည်သည်။ ဦးသန်းတင်သည် ဆရာတော်၏ ညွှန်ကြားမှုအောက်တွင် တရားအားထုတ်ခဲ့ဖူးသည်။ ဦးသန်းတင်သည် သူကိုယ်တိုင် ဆရာတော်ကြီး၏ ညွှန်ကြားမှုအောက်၌ တရားအားထုတ်ခဲ့ပုံတို့ကို ပြန်ပြောသည်။ ကျွန်မ၏စိတ်ထဲတွင် ဖြစ်ပေါ်နေသည်မှာ ဦးသန်းတင်ကဲ့သို့သော တက္ကသိုလ်ဘွဲ့ရ ပညာတတ်တယောက် အနေဖြင့် သူကိုယ်တိုင် နှစ်နှစ်ကာကာ ယုံကြည်တော့မှသာ စိတ်ပါလက်ပါ အရာရာကို လုပ်လိမ့်မည် ဖြစ်သည်။ ကျွန်မသည် အရာရာကို စောင့်ကြည့်ရဦးမည်ဟု ဆုံးဖြတ်သည်။

ဘုန်းကြီးကျောင်းသည် လူသူဝေးကွာသောအရပ်တွင်ရှိ၍ အားလုံး ငြိမ်သက်လျက် ရှိသည်။ ဆရာတော် သည် စကားသိပ်များများ မပြောသော်လည်း သူသည် လူများအပေါ် မေတ္တာထားသည်မှာ ထင်ရှားပါ သည်။ ဦးသန်းတင်သည် ကျွန်မတို့ကို ဆရာတော်နှင့် မိတ်ဆက်ပေးသည်။ ဆရာတော်သည် တရားဓမ္မ ရှည်ရှည်လျားလျား မဟောပါ။ မေးခွန်းများလည်း မမေးပါ။ ကျွန်မတို့သည် ဦးပဉ္စင်းဗိုလ်သိန်းဆွေနှင့် ဦးပဉ္စင်းကိုလှဖေတို့၏မိတ်ဆွေ ဖြစ်ကြောင်းကို ဆရာတော်အား လျှောက်သောအခါ ထိုဦးပဉ္စင်းနှစ်ပါး ရှိရာ ပို့ပေးလိုက်သည်။ ကျွန်မတို့သည် ဘုန်းကြီးများ သီတင်းသုံးရာ အဆောင်သို့ သွားကြသည်။ ဦးသန်းတင်သည် သင်္ကန်းများကို တန်းပေါ်လှန်းနေသည့် ဘုန်းကြီးတပါးကို လှမ်း၍ ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။

“ဟောဟိုမှာ ခင်ဗျားတို့အနေနဲ့ ဗိုလ်သိန်းဆွေလို့ သိထားတဲ့ ပုဂ္ဂိုလ်ပါပဲ”

ကျွန်မသည် ကျွန်မ၏မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်သွားသည်။ ထိုဘုန်းကြီးသည် မျက်လွှာချ ထားသဖြင့် ကျွန်မတို့ကို မမြင်သေးပါ။ သူ၏မျက်နှာသည် အေးချမ်းတည်ငြိမ်လျက် ရှိသည်။ အရင်က ရှိခဲ့ဖူးသော ကြွားဝါသည့်ပုံစံမျိုး လုံးဝ မရှိတော့ပါ။

ဦးပဉ္စင်းဗိုလ်သိန်းဆွေသည် ကျွန်မတို့ကို တွေ့သောအခါ သူသည် ဝမ်းသာသွားသော အမူအရာ၊ အံ့ဩ သွားသော အမူအရာကို ပြသလိုက်ပါသည်။ သူ၏ ဝမ်းမြောက်မှု၊ အံ့ဩမှုတို့ကို သူ၏နှုတ်ခမ်း မသိမသာ အပြုံးလေးဖြင့်သာ ပြသလိုက်သည်။ ကျွန်မသည် သူ၏ တည်ကြည်သောဣန္ဒြေကို ဖူးမြင်ပြီး ကြည်ညိုမိ သည်။ သူ၏စကားသံမှာလည်း အလွန်သိမ်မွေ့နူးညံ့သည်။ ဒီပုဂ္ဂိုလ်သည် ကျွန်မနှင့် ဆယ်နှစ်ကျော်ကျော် က ရန်ဖြစ်ခဲ့သော ဗိုလ်သိန်းဆွေ ဟုတ်ရဲ့လား။ သူ၏ပုံစံသည် မေတ္တာ၊ ကရုဏာအပြည့် ရှိနေသည်။ သူ့ကို ဖူးမြော်ရင်း ကျွန်မတွင် ကြည်ညိုစိတ်များလွှမ်း၍ စကားပင် ပြော၍မထွက်တော့ဘဲ ဖြစ်သွား သည်။ ဤကဲ့သို့သော အံ့ဩစိတ်၊ ကြည်ညိုစိတ်မျိုး တခါမျှ မဖြစ်ဖူးပါ။

ကျွန်မသည် ဦးပဉ္စင်း ဗိုလ်သိန်းဆွေကို လှမ်းကြည့်ရင်း(ဖူးရင်း) စဉ်းစားနေမိသည်မှာ ‘သူ ဘာကြောင့် ဒီလို ပြောင်းလဲသွားတာလဲ’ သူ့ဘဝကို သူ ချမှတ်ထားတဲ့ အစီအစဉ်တွေနဲ့ အခုနဲ့က တခြားစီပဲ။ သူ စီစဉ်ထားတာတွေ ဘာကြောင့် စွန့်လွှတ်လိုက်သလဲ’။

ကျွန်မသည် သူ ဘာကြောင့် ဘုန်းကြီးဝတ်လိုက်သနည်းဟု ရိုးရိုးပဲ မေးလိုက်သည်။ သူ ပြန်၍ပြောပြ သည်မှာ သူသည် သူ့အဒေါ်တယောက်၏ အလိုဆန္ဒကို လိုက်လျော၍ ပဉ္စင်းခံလိုက်ခြင်း ဖြစ်သည်။ သူ ဘုန်းကြီးဝတ်စဉ်အခါက တပတ်သာ နေဖို့ စဉ်းစားခဲ့ပါသည်။ သို့သော် သူသည် သူ ရည်ရွယ်ထားသည် ထက် ပို၍နေဖြစ်သွားသည်။ ယခု တနှစ်လောက် ကြာသွားပြီ ဖြစ်သည်။ ဒါပါပဲ။ သူ မှန်းထားတာထက် ပိုပြီး နေဖြစ်သွားတာပါပဲ။ သူ ပြောပြာလိုက်တော့ လွယ်လွယ်လေးပါပဲ။ ဗိုလ်သိန်းဆွေသည် ယခု ဗိုလ်သိန်းဆွေ မဟုတ်တော့ပါ။ သူသည် ဘိက္ခုဦးသာသနဝိသုဒ္ဓိ ဖြစ်သွားပါပြီ။ သူ့ကို ကျွန်မတို့က ဦးသာသနဟုပဲ ခေါ်ကြပါသည်။

ထိုအချိန်တွင် ကိုလှဖေ (ယခု ဘိက္ခု ဦးဝိနယ) ရောက်လာသည်။ ဒီတကြိမ်တွင်လည်း ကျွန်မ အံ့ဩသွား ရပြန်သည်။ ယခင်က လူတွေ့တိုင်း ရယ်စရာ ဟာသတွေ လူပြက်ကဲ့သို့ ပြောနေသောသူသည် ယခုတော့ ဤသို့ မဟုတ်တော့ပါ။ သူသည် ဘုန်းကြီးဝတ်ဖြင့် တပတ်လောက်သာ နေလိုသောစိတ်ဖြင့် ဘုန်းကြီး ဝတ်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်ပုံမှာ စွန်းလွန်းဆရာတော်ကြီး၏ အထိမ်းအမှတ်ပွဲ၏ ဖွင့်ပွဲသို့ ကိုလှဖေနှင့် မိတ်ဆွေများသည် မြင်းခြံသို့ သွားကြသည်။ ထိုအခါ ပဉ္စင်းတက်ရန်အတွက် မဲနှိုက်ကြသည့်အခါ ကိုလှဖေအပေါ် မဲကျခဲ့သည်။ သူသည် မဲကျသောကြောင့်သာ ပဉ္စင်းတက်၍ တပတ်လောက်သာနေဖို့ စိတ်ကူးသည်။ ယခုကဲ့သို့ တနှစ်ကြာဖို့ မရည်ရွယ်ပါ။ ဤကဲ့သို့ မရည်ရွယ်ခြင်းသည် သဘာဝကျပါ သည်။

ကျွန်မသည် ဘုန်းကြီးနှစ်ပါးထံမှ ကြားရသော စကားများသည် လုံးဝ မမျှော်လင့်သော စကားမျိုးတို့ ဖြစ်သည်။ ကျွန်မက မျှော်လင့်ခဲ့သည်မှာ လောကကြီးကို စိတ်ပျက်၍ သို့မဟုတ် သံဝေဂရ၍ လောကကြီး ကို စွန့်ခွာခဲ့သည့် ဇာတ်လမ်းမျိုးတို့ကို ကြားရမည်ဟု ထင်မိပါသည်။ သူတို့သည် ဘုန်းကြီးဝတ်ဖြင့် အဘယ်ကြောင့် တနှစ်လောက် ဆက်၍နေခဲ့သနည်းဟူသည်ကို မေးကြည့်သောအခါ သူတို့၏အဖြေမှာ သူတို့သည် တရားအားထုတ်ခြင်းကြောင့် ယခင်က မရရှိခဲ့၊ မတွေ့ခဲ့သော အရာကို ရရှိ၊ တွေ့ရှိခဲ့ရသည်။ ဒါပါပဲ။

ခင်မျိုးချစ်