Breaking News

မြင့်ကျော် - ပဋိပက္ခသတင်းတင်ပြတဲ့အခါ

MMTimes

မြင့်ကျော် - ပဋိပက္ခသတင်းတင်ပြတဲ့အခါ

(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၉

ပဋိပက္ခသတင်းတင်ပြတဲ့အခါ သတင်းသမားတွေ ရဲ့ ကျွမ်းကျင်မှုနဲ့ ကျင့်ဝတ် ဘယ်လောက်အရေးကြီးသလဲ ...

တနေ့က သတင်းမီဒီယာကျင့်ဝတ်အကြောင်း အရပ်ဖက် အဖွဲ့အစည်းတခုမှာ သွားရှင်းပြဆွေးနွေးတဲ့ အခိုက် တယောက်က ပဋိပက္ခဂရုပြုသတင်းပညာ (conflict sensitive journalism, CSJ) အကြောင်းလေးပါ ဆွေးနွေးပေးပါဦးလို့ဆိုတာနဲ့ ပဋိပက္ခဂရုပြု သတင်းပညာဆိုတာ ဘာကိုဆိုလိုတာလဲ ဆိုတာ ဆွေးနွေးဖြစ်ခဲ့တယ်။

ပဋိပက္ခတွေမှာ မျှတမှုရှိအောင်၊ တိကျမှုရှိအောင်၊ သတင်းရဲ့ အကျိုးသက်ရောက်မှုကိုလည်း ထည့်သွင်းစဉ်းစား တင်ပြတာ၊ CSJ ဆိုရာမှာ ဖြစ်ပျက်နေတာကို ဖုံးဖိဖို့မဟုတ်ပဲ ၊ အဖြစ်အပျက်ကိုဖေါ်ပြရာမှာ ပြဿနာရဲ့အရင်းခံ အကြောင်းရင်းတွေ၊ ပြဿနာမှာပါဝင်ပတ်သက်နေတဲ့ အုပ်စုတွေအားလုံးရဲ့ အသံ၊ အင်အားကြီးသူ လွှမ်းမိုးနိုင်သူတွေရဲ့ အသံတင်မကပဲ အင်အားနည်းသူ၊ လူနည်းစု၊ ဂရုစိုက်မခံရသူတွေ ရဲ့ အသံ၊အမြင်၊ နစ်နာမှု၊ လိုလားချက်၊ ဖြစ်နိုင်ခြေအဖြေတွေ ပါ ပါဝင်အောင် ဂရုထားပြီး တင်ပြတာ၊ ပဋိပက္ခရဲ့ အကျိုးဆက်တွေကို တင်ပြပြီး ပဋိပက္ခကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခွင့်ရှိသူတွေ ဂရုပြုလာပြီး ပဋိပက္ခကို အဖြေရှာနိုင်ဖို့ မီးမောင်းထိုးပြတာ၊ ပြဿနာရဲ့ အနိဌါရုံသက်သက်ကိုသာ ဖေါ်ပြခြင်းမျိုးမဟုတ်ပဲ ပြဿနာရဲ့ ဖြစ်နိုင်ခြေ အဖြေတွေကိုပါ သတင်းထဲမှာပါဝင်အောင် တင်ပြတာမျိုးပါ။ စကားလုံးအသုံးပြုရာမှာ တိကျတဲ့စကားလုံး၊ အမုန်းပွားစေတဲ့၊ ပဋိပက္ခကို ပိုနက်ရှိုင်းစေမယ့် လံှု့ဆော်နှိုးဆွတဲ့ စကားလုံးတွေကို သတိကြီးစွာထားပြီး သုံးစွဲတဲ့ သတင်းတင်ပြခြင်းမျိုးလို့ အနှစ်ချုပ်ဆွေးနွေးဖြစ်ပါတယ်။

လတ်တလော ရေးသားတင်ပြနေကြတဲ့ ပဋိပက္ခသတင်းတွေကိုကြည့်လိုက်တဲ့အခါ“ ပြောရေးဆိုခွင့်ရှိသူ” ဆိုသူ ၂ ဘက်ရဲ့ အသံနဲ့ပဲ သတင်းတင်ပြနေကြတာ ၈၀ ရာနှုန်းလောက်ဖြစ်နေတာတွေ့ရတယ်။

ရခိုင်မှာဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခလို့ဆိုရင် ၂ ဖက်က ပြောရေးဆိုခွင့်ရှိသူတွေရဲ့ အသံ ပါရင်ပြီးရော ဆိုတာမျိုးဖြစ်နေတာ သတိပြုမိတယ်။ နေ့စဉ်ဖတ်ကြည့်တိုင်းစိတ်ထဲ မသက်မသာဖြစ်ရတယ်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်တယ် အရပ်သားတွေထိခိုက်မှုရှိတယ်၊ လက်နက်ကိုင်အဖွဲ့က ထိခိုက်မှုရှိတယ် ဆိုတာကြားလိုက်တာနဲ့ ဒေသခံပြောဆိုချက် က တပိုဒ်ဆိုရင် ပြောရေးဆိုခွင့်ရှိသူဆိုသူတွေပြောဆိုချက်က ၃ ပိုဒ် ၄ ပိုဒ်လောက် ပါရှိတာတွေ့ရတယ်။ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့အခါ တွေက စစ်မြေပြင်မှာတင်တိုက်ခိုက်ကြတာမဟုတ်ပဲ ပြောရေးဆိုခွင့်ရှိသူဆိုသူတွေက ဝါဒဖြန့်ချိရေးနယ်ပယ်မှာပါ စစ်ပွဲသဖွယ် တဖက်နဲ့ တဖက် တိုက်ခိုက်ပြောဆို အပြစ်တင်ပြောဆိုခြင်းဖြင့် အမှန်တရားကို ဖုံးကွယ်ပြီး အသာစီးရအောင် လုပ်ကြရတဲ့ သဘောရှိပါတယ်။ သူတို့အနေနဲ့ ပြောစရာစကား၊ အကြောင်းပြချက် အဆင်သင့်မဖြစ်သေးတဲ့အခါ ဖုန်းပိတ်ထားတာမျိုး၊ နို့မဟုတ်ရင် ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်မသိရသေးဘူးလို့ ပြောတာမျိုး၊ အကြောင်းအချက်က ကိုယ့်ဘက်က အလေးသာတဲ့အခါမျိုးဆို အားရပါးရ ဖြေတာမျိုး စတဲ့ နည်းအမျိုးမျိုးနဲ့ မီဒီယာကို လှည့်စားကြတယ်။ ကျနော်တို့ မီဒီယာသမားတွေဘက်က သူတို့ပြောတဲ့ ဆင်ခြေ၊ စကားလုံး အသုံးအနှုန်းတွေရဲ့ တိကျမှုကို လုံလောက်အောင် မေးခွန်းမထုတ်နိုင်ကြတာက အများစုလိုဖြစ်နေတယ်၊

တခါတရံ အဲဒီပြောရေးဆိုခွင့်ရှိသူတွေရဲ့ ပြောဆိုချက်တွေကို လိုအပ်သလောက်သာ အသုံးပြုတာမဟုတ်ပဲ အစအဆုံး ထည့်သွင်းပေးလိုက်လို့ သူတို့ကို နိုင်ငံရေး စည်းရုံးဖို့ ပလက်ဖောင်းပေးသလိုမျိုးတောင်ဖြစ်သွားတဲ့ သတင်းတွေ မကြာခဏ တွေ့ရလေ့ရှိတယ်။

တခါတရံမှာ အရပ်သား သတ်ခံရတာဖြစ်ဖြစ် ၊ ဖမ်းဆီးခံရတာဖြစ်ဖြစ် ဖမ်းဆီးခြင်း သတ်ခြင်းရဲ့ အကြောင်း (တချို့ကိစတွေမှာ ထိန်းချုပ်နိုင်ခြင်း မရှိတာကြောင့် သို့မဟုတ် မမျှော်လင့်ပဲ ဖြစ်ပျက်သွားတာကို ဆင်ခြေပေးတာမျိုး) ကို ပြောရေးဆိုခွင့်ရှိသူတွေက ပြောတဲ့အခါ သတင်းမီဒီယာ အနေနဲ့ တုံ့ပြန်မေးခွန်း၊ စောကြောတဲ့မေးခွန်းမျိုး မမေးနိုင်ခဲ့ရင် တဖက်က ပေးတဲ့အကြောင်းပြချက်ကို မီဒီယာက အတည်ပြု ထောက်ခံပေးသလိုဖြစ်တတ်ပါတယ်။ ဒီအခြေအနေမျိုးမှာ မီဒီယာရဲ့ အခန်းကဏ္ဍက အရမ်းကို အရေးကြီးပါတယ်။

အဲဒီလိုသဘောဆောင်တဲ့ သတင်းမျိုးတွေ ယခုနှစ်ပိုင်းမှာ မကြာခဏ ဖတ်ရ နားဆင်နေရတာ သတိပြုမိပါတယ်။ တလောက လက်နက်မဲ့ အရပ်သားတဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတဲ့ကိစမှာ သတင်းမီဒီယာတခုက ဖမ်းဆီးသွားတဲ့ ဘက်ကိုမေးတော့ ဖမ်းဆီးတဲ့ဘက်က ပေးတဲ့ဆင်ခြေတွေ အားလုံးကို လုံလောက်တဲ့ တုံ့ပြန်မေးခွန်းမျိုး မမေးဖြစ်ခဲ့တာတွေ့ရပါတယ်။ အဲဒီသတင်းဖေါ်ပြမှုကြောင့် ဖမ်းဆီးခံရသူတွေရဲ့ မိသားစု လုပ်ဖေါ်ကိုင်ဖက် အသိုက်အဝိုင်းက အတော်လေးစိုးရိမ်ကြောင့်ကြမှု ၊ တဖက်ရဲ့ဖမ်းဆီးမှုကို
အောက်ခြေမှာ အမှန်တကယ်ဖြစ်ပျက်တာကို သိရှိရအောင် တခြားသတင်းရင်းမြစ်တွေ ရှာဖွေဖို့ သတင်းထောက်အနေနဲ့ အချိန်ပိုပေး၊ အဆက်အသွယ်တွေရှာ၊ ဝိရိယစိုက်ထုတ်ဖို့ အားနည်းနေကြတာတွေ့ရတယ်။ သတင်းခန်းတွေမှာ လူအင်အားနည်းလာတာ၊ သတင်းထောက်တယောက် အနေနဲ့ စက်ရုံ အလုပ်သမားတွေလိုပဲ ထုတ်ကုန် အရေအတွက် ပြည့်မှီအောင် ထုတ်ရမယ့် အခြေအနေမျိုး ဖြစ်နေတာလည်း ကျွန်တော်တို့ သတင်းလောကရဲ့ ကနေ့ ပကတိ အခြေအနေဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် အထက်ကလို ပဋိပက္ခသတင်း တွေက အရည်အသွေး မပြည့်မှီတဲ့အခါ လူမှု အသိုက်အဝိုင်းပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်စေမှာ ကို သတိပြုသင့်ပါတယ်။ နှစ်ဖက်ကိုမေး ဖြေသူက ဖြေချင်ရာဖြေ ၊ ပြောစကားတွေက အဖြစ်အပျက်နဲ့ ပတ်သက်တဲ့ အချက်အလက်ထက် အမုန်းတရား၊ အာဃာတ၊ ခံစားချက် တွေကို ထုတ်ဖေါ်တဲ့ စကားလုံးတွေဖြစ်နေတဲ့အခါ သတင်းအတွက် တကယ်လိုအပ်သလား သုံးမလား မသုံးဘူးလားဆိုတာကို စက္ကန့်အနည်းငယ် ရပ်ပြီး စဉ်းစား/တိုင်ပင် သင့်ကြတယ် လို့ထင်ပါတယ်။
ပြောသူက သူ့စကားသူ့တာဝန်ယူရတာပဲ လို့ ဆိုပြီး အထက်က သဘောဆောင်တဲ့ ပြောဆိုမှုတွေပါ ထည့်သွင်းဖေါ်ပြလိုက်တဲ့အခါ မီဒီယာက မီးလောင်ရာ လေပင့်ပေးသလိုဖြစ်သွားနိုင်ပါတယ်။ ဒီလို သတင်းဖေါ်ပြမှုတွေက သတင်းမီဒီယာ အပေါ်ယုံကြည်မှု လျော့နည်းစေတာ၊ ကျင့်ဝတ်ဆိုင်ရာ မေးခွန်းထုတ်စရာတွေ ဖြစ်လာစေတယ် လို့မြင်ပါတယ်။