Breaking News

ဇင်လင်း - လူ့အခွင့်အရေးနေ့မှာ ကြုံရတဲ့ လူ့အခွင့်အရေးပြဿနာ


ဇင်လင်း  - လူ့အခွင့်အရေးနေ့မှာ ကြုံရတဲ့ လူ့အခွင့်အရေးပြဿနာ

(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၉


ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ အကြောင်းမလှတဲ့ တိုက်ဆိုင်မှုတစ်ခုကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကြောင့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့တဲ့ အမှုကိစ္စကို ၂၀၁၉ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ နယ်သာလန်နိုင်ငံ သဟိဂ်မြို့(The Hague) အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ စတင်ကြားနာမယ့် နေ့လည်း ဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း(UDHR) ကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အတည်ပြုခဲ့ပြီးနောက် နှစ်စဉ် ဒီဇင်ဘာလ ၁၀ ရက်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့တယ်။ ဒီနှစ်ဆိုရင် လူ့အခွင့်အရေး ကြေညာစာတမ်း အတည်ဖြစ်ခဲ့တာ ၇၁ နှစ် ပြည့်ခဲ့ပြီ ဖြစ်တယ်။ လူ့အခွင့်အရေးဆိုတာ လူသားများရဲ့ မွေးရာပါ အခြေခံအခွင့်အရေးများ နဲ့လွတ်လပ်ခွင့်များကို ဆိုလိုတယ်။ ဥပမာ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ လူ့အခွင့်အရေးများဖြစ်တဲ့ အသက်ရှင်နေထိုင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှ ဖြစ်ခွင့်၊ စီးပွားရေး လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ဖြစ်တဲ့ မိမိကိုယ်ပိုင် ယဉ်ကျေးမှုမှာ လွတ်လပ်စွာ ပါဝင်ခွင့်၊ ရေ နဲ့ အစားအစာ ရရှိခွင့်၊ တန်းတူ အလုပ်အကိုင်အခွင့်အလမ်း ရရှိခွင့်၊ တန်းတူ ပညာသင်ကြားခွင့် စသဖြင့် ဖြစ်တယ်။

ဒီထက်နည်းနည်း ကျယ်ကျယ်ပြန့်ပြန့် ပြောမယ်ဆိုရင် လူ့အခွင့်အရေးလို့ု ဆိုလိုက်တာနဲ့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးတို့နဲ့ တိုက်ရိုက် ဆက်စပ်နေတာ တွေ့နိုင်တယ်။ မြန်မာနိုင်ငံရဲ့နောက်ခံသမိုင်းကို ပြန်လည်သုံးသပ်ရင် နှစ်ပေါင်းငါးဆယ်ကျော် အုပ်ချုပ်ခဲ့တဲ့ တပ်မတော်အစိုးရများလက်ထက်မှာ တရားဥပဒေစိုးမိုးမှု ယိုယွင်းခဲ့ပြီး၊ ပြည်တွင်း စစ်ကို လက်စ မသတ်နိုင်တာကြောင့် ငြိမ်းချမ်းရေး မရှိ ဖြစ်ခဲ့ရတယ်။ ပြည်တွင်းစစ် ရှိနေသမျှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကျဆင်းရတယ်။ စီးပွားရေးကျဆင်းတဲ့အတွက် ပညာရေးနိမ့်ကျခဲ့ရတယ်။ ပညာရေး နိမ့်ကျခဲ့တဲ့အတွက် နိုင်ငံရဲ့လူသား အရင်းအမြစ်တွေ အရည်အချင်းကျဆင်းခဲ့ရတယ်။ အကျိုးဆက်က အခြေခံလူ့အခွင့်အရေးကို မသိနားမလည် ဖြစ်ရတယ်။ ဒါကြောင့် ကိုယ့်အခွင့်အရေးကိုလည်း မသိ၊ သူတစ်ပါးအခွင့်အရေးကိုလည်း လွယ်လွယ် ချိုးဖေါက်ခဲ့ကြတယ်။

တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား၊ တိုင်းရင်းသား အချင်းချင်းအကြား ဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခတွေ ကြောင့် အိုးခြေပစ် အိမ်ခြေပစ်၊ လယ်ယာမြေကို ပစ်ပြီး တောထဲတောင်ထဲမှာ၊ စစ်ရှောင် စခန်းတွေမှာ သွားရောက် ခိုလှုံနေ ကြရတယ်။ ဒီတော့ အလုပ်အကိုင်ပုံမှန် မရှိ၊ သားသမီးတွေ ပညာသင်ခွင့်ဆုံးရှုံး၊ ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်မရ ဖြစ်ကြရတယ်။ ဒါကြောင့် ပြည်သူလူထု အတွက် လူ့အခွင့်အရေးဆိုတာ ဘာမှန်းမသိ၊ လက်နက်ကိုင်ထားသူမှန်သမျှ ကြောက်နေခဲ့ကြရတယ်။ လိုရင်းပြောရရင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ရရှိခံစားခွင့် မရှိသေးဘူး။ အမျိုးသားပြန်လည် သင့်မြတ်မှုနဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးသရွေ့ ပြည်သူတွေ လူ့အခွင့်အရေး ခံစားခွင့်ရဖို့ မလွယ်သေးဘူး။ ပြည်တွင်းစစ်မရပ်နိုင်ရင် လက်နက်မဲ့ အရပ်သူအရပ်သားတွေ၊ စစ်ဘေးရှောင် ဒုက္ခသည်တွေ အနေနဲ့ လူ့အခွင့်အရေး ဆက်လက်ဆုံးရှုံးနေရဦးမှာ ဖြစ်တယ်။

အရင်းစစ်တော့ အမြစ်မြေက ဆိုသလိုပဲ၊ စစ်ပွဲတွေဖြစ်လာတဲ့အခါ ရန်လို မုန်းတီးစိတ်တွေ၊ လက်စားချေလိုစိတ်တွေ ဖြစ်ခဲ့ကြတယ်။ စစ်မြေပြင်မှာ အနေကြာလာတဲ့ စစ်သားတွေဟာ သာမန်စစ်စည်းကမ်းဆိုတာလောက်ပဲ သိကြတယ်။ ဂျီနီဗာ ကွန်ဗင်းရှင်းမှာ ဘာတွေ တားမြစ်ထားတယ်ဆိုတာ သူတို့မသိကြ။ စစ်မြေပြင်မှာ ငတ်ပြတ်ချိန်ကြုံတဲ့အခါ လုယက်စားတာ မျိုးတွေဖြစ်မယ်။ အဓမ္မမှုတွေ ကျူးလွန်မယ်။ တာဝန်ရှိတဲ့ အရာရှိတွေက ဂျီနီဗာကွန်ဗင်းရှင်းပါ စည်းမျဉ်းစည်းကမ်းကို မထိန်းနိုင် ဖြစ်လာတဲ့အခါ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်ကြတယ်။ အရေးကြီးတဲ့ကိစ္စက သတင်းမီဒီယာတွေ အပါအဝင် နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရေးသားခွင့်တွေ ပိတ်ပင်ဟန့်တားခံထားရတယ်။ အထူးသဖြင့် ဆက်သွယ်ရေး ဥပဒေ၊ ပုဂ္ဂလိက လွတ်လပ်ခွင့် ကာကွယ်တဲ့ ဥပဒေ၊၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေတွေနဲ့ ဖမ်းဆီးမှုတွေ လုပ်လာတယ်။ ဒီလို ဖမ်းဆီးအရေးယူ တာတွေကြောင့် ပြည်သူတွေရဲ့ အခြေခံ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ဆိုးဆိုးရွားရွားထိခိုက်စေတယ်။ ဥပဒေကို အလွဲသုံးပြီး ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာမျိုးတွေ ဖြစ်နေတာကလည်း တကယ်တော့ လူ့အခွင့်အရေးချိုးဖေါက်ခံနေရတာ ပါပဲ။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ေတွက ဒီလိုချိုးဖေါက်မှုတွေ ဖြစ်ပေါ်လာတာကို ဝေဖန်ထောက်ပြကြတယ်။ သတင်း မီဒီယာတွေကလည်း သတိပေးနှိုးဆော် ဖေါ်ပြကြတယ်။ ဒါပေမယ့် ဒါတွေကို ကွင်းဆင်း လေ့လာသုံးသပ်တာမျိုး မလုပ်ကြ ဘူး။ မျက်စိပိတ် နားပိတ်ငြင်းတာမျိုး သမားရိုးကျ လုပ်ခဲ့ကြတယ်။ နှစ်ကာလကြာလာတော့ ဒီလို လူ့အခွင့်အရေးချိုးဖေါက် မှုတွေကို စိစစ်အရေးယူမှုမရှိတဲ့အတွက် ထပ်ပြီး ကျူးလွန်ဖို့ ဝန်မလေးတော့ဘူး။ ဒီလိုနဲ့ ဆယ်စုနှစ်နဲ့ချီ ကြာလာတဲ့အခါ ထုထည် ကြီးမားပြီး ချေဖျက်ရ ခက်တဲ့အခြေအနေရောက်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရ တာဝန်ယူပြီးနောက်၂၀၁၆ ခုနှစ်မှာ ရုတ်တရက် ရခိုင်အရေးကိစ္စ ပေါ်ပေါက်လာခဲ့တယ်။ ARSA အဖွဲ့နဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ပြဿနာ ပိုကြီးသွားပြီး၊ စိန်ခေါ်မှုတွေလည်း ပိုမိုကြီး မားလာခဲ့တယ်။

ပြည်တွင်းရေးအခြေအနေကို အမှန်အတိုင်း အရှိအတိုင်း ပြန်ကြည့်ရင် အရပ်သားအစိုးရမှာ လုပ်ပိုင်ခွင့် အာဏာ အပြည့် အဝမရှိဘူး ဖြစ်နေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်သားအစိုးရက ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့နယ်စပ် ရေးရာ သုံးဌာနအပေါ် သြဇာမသက်ရောက်ဘူး။ ဒီတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်လုံခြုံရေးကိစ္စ၊ ဥပဒေနဲ့ အကာ အကွယ်ပေးရေးကိစ္စတွေမှာ လျော့ရဲမှုတွေ ဟာကွက်တွေ ပေါ်လာတယ်။ ရှေ့တန်းစစ်မျက်နှာနဲ့ ဝေးလံခေါင်သီဒေသတွေ မှာ ဥပဒေစိုးမိုးမှုအားနည်းနေတာ အစိုးရက သိပေမယ့် ထိထိရောက်ရောက်အရေးယူ ထိန်းသိမ်းတာမျိုး မလုပ်နိုင်ဘူး။

အခြေအနေကို ပိုဆိုးစေတဲ့အချက်က စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်လည်း အကန့်အသတ်ခံနေရ တယ်။ ဒီတော့ မြန်မာပြည်တွင်း သတင်းတွေကို မြန်မာသတင်းစာတွေက ပွင့်ပွင့်လင်းလင်းတင်ပြလို့မရဘူး။ ဒီအခြေ အနေကို နိုင်ငံခြား သတင်းဌာနတွေက အခွင့်ကောင်းယူ သတင်းလုပ်တဲ့အခါ၊ ရခိုင်ပြဿနာကို မီးလောင်ရာ လေပင့် သလို ရေးခဲ့ကြတယ်။ သေးတဲ့ အမှုတွေ ကြီးသွားခဲ့တယ်။ ဒါက အစိုးရနဲ့တပ်မတော်တို့ ပြည်တွင်းသတင်းစာတွေကို အလွန်အကျွံ ထိန်းချုပ်လွန်းတဲ့အတွက် ဖြစ်တယ်။ ဒါကြောင့် ပြည်တွင်းသတင်းစာတွေက နိုင်ငံတကာက သတင်းအမှား တွေကို တုံ့ပြန်ခွင့် မရခဲ့ကြဘူး။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဝါဒဖြန့်လှုံ့ဆော်နေခဲ့တာ ဆယ်စုနှစ်သုံးစု လောက်ရှိခဲ့ပြီ။ ဒါကို စစ်အစိုးရတွေလက်ထက်မှာ ချေဖျက်ဖို့ မလုပ်နိုင်ခဲ့ဘူး။ ဥပမာ နိုင်ငံခြားသတင်း တွေက ထွက်ပြေးကြတဲ့ ဘင်္ဂ ါလီ အရေအတွက်ကို ရှိတာထက် ပိုပြီး ခြောက်သိန်း ခုနစ်သိန်း စသဖြင့် ပုံကြီးချဲ့ရေးခဲ့ကြ တယ်။ ဒီကနေ့ဆိုရင် တစ်သန်းနီးပါး လို့တောင် ရေးလာကြတယ်။ သတင်းစာလွတ်လပ်ခွင့် စနစ်တကျ ခွင့်ပြုမပေးခဲ့တဲ့ အတွက် သတင်းအတု သတင်းအမှားတွေက မြေပြင်အမှန်ဖြစ်ရပ်တွေအပေါ် လွှမ်းမိုးသွားခဲ့တယ်။

ဒီလိုနဲ့ ရခိုင်ပြည်နယ် ပြဿနာဟာ ထိလွယ်ရှလွယ်အခြေအနေ ရောက်ခဲ့ရတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ အိုအိုင်စီလို့ခေါ်တဲ့ အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organisation of Islamic Cooperation) တို့က ဖိအားတွေ အမျိုးမျိုးပေးခဲ့တာတွေ့ရတယ်။ ဒါကြောင့် ကုလသမဂၢ လုံခြုံရေးကောင်စီ အထိ မြန်မာ့အရေးကိစ္စကို တင်သွင်း ဆွေးနွေးစရာ ဖြစ်ခဲ့တယ်။ ရခိုင်ပြည်နယ်အရေးကိစ္စကို နိုင်ငံတကာပြဿနာအဖြစ် ကုလသမဂၢက ဆုံးဖြတ်ပြီး၊ အပြည် ပြည်ဆိုင်ရာတရားရုံး (ICJ – International Court of Justices) ကနေ အရေးယူဖို့အထိ တွန်းအားပေးခဲ့ကြတာတွေ့ ရတယ်။ တကယ်တော့ မြန်မာနိုင်ငံအနေနဲ့ သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးပြီး နေရပ်စွန့်ခွာသူတွေ ပြန်လာနိုင်ဖို့ NLD အစိုးရတာဝန်ယူချိန်က စပြီး ညှိနှိုင်းအဖြေရှာခဲ့တယ်။

၂၀၁၇ နိုဝင်ဘာ ၂၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ လက်မှတ်ရေးထိုး ခဲ့တဲ့ သဘောတူညီချက်အရ ၁၉၉၂ ခုနှစ်က အခြေခံမူတွေအတိုင်း မြန်မာနိုင်ငံမှာ နေခဲ့ဖူးကြောင်း အထောက်အထားပြနိုင် ရင် ပြန်လက်ခံမယ်လို့ဆိုခဲ့တယ်။ ဒါကလည်း ၁၉၇၆ ခုနှစ် မတ်လ ၂၃ က နိုင်ငံတကာ စာချုပ် စာတမ်းတစ်ခုဖြစ်တဲ့ International Covenant on Civil and Political Rights အရ နေရပ်စွန့်ခွာသွားသူတွေ ပြန်လာရင် လက်ခံဖို့ တာဝန်ရှိတာကြောင့် လို့ဆိုတယ်။ အခုလို လက်ခံလိုက်ခြင်းကြောင့် လူမျိုးစုအလိုက် မောင်းထုတ်တယ်ဆိုတဲ့ Ethnic Cleansing မဟုတ်ဘူးဆိုတာကို သက်သေပြရာလည်း ရောက်တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက နိုဝင်ဘာ ၂၆ ရက်နေ့ MRTV’s Sunday Talk အစီအစဉ်မှာ ရှင်းပြခဲ့ဖူးတယ်။

အဲဒီ အစီအစဉ်မှာပဲ ပြည်ထောင်စုဝန်ကြီးက ဒီနိုင်ငံမှာ နေဖူးတယ်ဆိုရင် နိုင်ငံတကာ ကျင့်ထုံး (International Customary law) အရ ပြန်ခေါ်ရမယ်။ နေရာပြန်ချထားပေးရမယ်။ အဲဒီလို မလုပ်ရင် အဲဒါကို အကြောင်းပြပြီး R2P (Responsibility to Protect) ဆိုတဲ့ ကျင့်ထုံးနဲ့ အရေးယူလို့ရနိုင်ကြောင်း ပြောခဲ့ဖူးတယ်။ R2P ကို ၂၀၀၅ ခုနှစ် ကုလသမဂၢအဖွဲ့ဝင်နိုင်ငံ အားလုံးပါဝင်တဲ့ ကမ္ဘာ့ထိပ်သီးညီလာခံ (The 2005 World Summit) က အတည်ပြု ပြဋ္ဌာန်းခဲ့တာ ဖြစ်တယ်။ လူအစု လိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက်နှင်ထုတ်မှု နဲ့လူသားမျိုးနွယ်အား ဆန့်ကျင်ကျူးလွန်သည့် ရာဇဝတ်မှု များ ဖြစ်ပေါ်လာရင် ဝိုင်းဝန်းပူပေါင်းကာကွယ်တားဆီးရမယ်ဆိုတဲ့ နိုင်ငံတကာ သဘောတူညီမှုဖြစ်တယ်။ တကယ်လို့ မြန်မာအစိုးရအနေနဲ့ နေရပ်စွန့်ခွာခဲ့သူတွေကို ပြန်လည်စိစစ် လက်မခံခဲ့ရင် လူသားချင်း အကာအကွယ်ပေးဖို့ ပျက်ကွက်မှု အကြောင်းပြပြီး R2P နဲ့ အရေးယူနိုင်တယ်လို့ ဆိုတယ်။

နိုင်ငံတစ်နိုင်ငံမှာ အစိုးရက လူတွေကို မကာကွယ်နိုင်ဘူး၊ လူအမြောက်အများ ဒုက္ခရောစေတယ်၊ သေကြေမှုဖြစ်စေတယ် ဆိုရင် R2P - Responsibility to Protect ဆိုတဲ့ ကျင့်ထုံးနဲ့ အရေးယူလို့ရနိုင်ကြောင်း ဝန်ကြီးဦးသောင်းထွန်းက ၂၀၁၇ နိုဝင်ဘာ ၂၆ ရက်နေ့ MRTV’s Sunday Talk အစီအစဉ်မှာ ရှင်းပြခဲ့ဖူးတယ်။ ကုလသမဂၢအထွေထွေ ညီလာခံရဲ့ တတိယ ကော်မတီ မှာ မြန်မာနိုင်ငံကနေ လူငါးသိန်း ခြောက်သိန်းထွက်ပြေးနေရတယ်။ နေအိမ်တွေ မီးရှို့ခံရ တယ်။ လူတွေကို အင်အားသုံး ဖယ်ရှားတယ် စသဖြင့် စွပ်စွဲမှုတွေဖြစ်နေတယ်လို့ ဝန်ကြီးကဆိုတယ်။ ဒီလို စွပ်စွဲတာတွေကို နိုင်ငံခြား မီဒီယာတွေကလည်း ဖွနေတယ်။ OIC ၅၇ နိုင်ငံ၊ ဥရောပသမဂၢ ၂၈ နိုင်ငံက ပူးပေါင်းပြီး တတိယကော်မတီမှာ အဆိုပြုလွှာ တင်တယ်။ အနောက်နိုင်ငံ အများစုက ထောက်ခံခဲ့ကြတယ်။ ဒါကြောင့် မြန်မာနိုင်ငံအခြေအနေဟာ စိုးရိမ်ရတဲ့ အန္တရာယ် ရှိတယ်လို့ ၁၃၅ နိုင်ငံက မဲပေးထောက်ခံခဲ့တယ်။ မြန်မာဘက်က ရပ်တာ ၁၀ နိုင်ငံနဲ့ကြားနေ ၃၂ နိုင်ငံပဲ ရှိခဲ့တယ်။

ကုလသမဂၢ အထွေထွေညီလာခံက ဆုံးဖြတ်တာဆိုရင် မြန်မာနိုင်ငံအနေနဲ့ ဘာလုပ်သင့်ကြောင်းဆိုပြီး တိုက်တွန်းတာ မျိုးရှိတယ်လို့ သိရတယ်။ လုံခြုံရေးကောင်စီ (UNSC) က ဆုံးဖြတ်ရင် ဒဏ်ခတ်ပိတ်ဆို့ အရေးယူနိုင်တယ်။ အင်အားသုံး ပြီးနိုင်ငံတွင်း ဝင်လို့ရတယ်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံလုံး လိုက်နာရတယ်။ ဒီလို ဖြစ်မလာအောင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နီုင်ငံရဲ့ ဒေသတွင်းကိစ္စအဖြစ် လက်ရှိမြန်မာအစိုးရက ဦးစားပေးဆောင်ရွက်နေတာဖြစ်တယ်လို့ဆိုတယ်။ နှစ်နိုင်ငံ ကိစ္စအဖြစ် ဖြေရှင်းနိုင်ရင် နိုင်ငံတကာက ဝင်လို့မရဘူးလို့ ဝန်ကြီးက ရှင်းပြခဲ့ဖူးတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို မြန်မာနိုင်ငံဘက်က ပြန်လည်စိစစ်လက်ခံဖို့ အစီအစဉ်ကို နှစ်လအတွင်းဆောင်ရွက်ဖို့နဲ့ မြန်မာပြည်တွင်းမှာနေထိုင်ခဲ့ေကြာင်း အထောက်အထား တစ်စုံတစ်ခုပြနိုင်မယ်ဆိုရင် လက်ခံ ဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးထားတယ် လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ၂၀၁၇ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ပြောကြောင်း RFA သတင်းက ဖေါ်ပြခဲ့တယ်။ မြန်မာဘက်က အခုလို ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံဖို့ စိစစ်ရေးစခန်းတွေ ဆောက်လုပ်နေတာကို ကြည့်ခြင်းအားဖြင့် နိုင်ငံ တကာရဲ့ ဖိအားပေးမှုကို ကာကွယ်ပြီးသား ဖြစ်နေတယ်လို့ ဆိုနိုင်တယ်။ ဒီအခြေအနေက လွန်ခဲ့တဲ့ ၂ နှစ်က တပ်မတော် ကို လူ့အခွင့်အရေးချိုးဖေါက်မှု စွဲချက်တွေနဲ့ အရေးယူဖို့ နိုင်ငံတကာက လုပ်ဆောင်နေမှုတွေ ဖြစ်တယ်။

လက်ရှိအချိန်မှာ OIC နဲ့ အနောက်နိုင်ငံတချို့က မြန်မာနိုင်ငံကို လူအစုလိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုလိုက် နှင်ထုတ်မှု နဲ့ လူသားမျိုးနွယ်အား ဆန့်ကျင်ကျူးလွန်သည့် ရာဇဝတ်မှုများ စတာတွေနဲ့ အရေးယူနိုင်ဖို့ လုပ်နေတာ တွေ့ရတယ်။ အခု ၂၀၁၉၊ ဒီဇင်ဘာ ၁၀ ရက်မှာ အစ္စလမ် ၅၇ နိုင်ငံပါဝင်တဲ့ OIC အဖွဲ့ရဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ စွဲဆိုထားတယ်။ ၂၀၁၇ ခုနှစ်တုံး က တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ရခိုင်မြောက်ပိုင်းဒေသက ဘင်္ဂါလီ (ရိုဟင်ဂျာ) ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ နိုင်ငံခြားသတင်းတွေက ဖေါ်ပြခဲ့တယ်။ အဆိုပါ စစ်ဆင်ရေးကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က လူမျိုးတုံးသတ်ဖြတ်မှုလို့ ဆိုထားတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မွာ ဂမ္ဘီယာက စြဲဆိုထားမႈကို ရင္ဆိုင္ဖို႕ ျမန္မာနိုင္ငံကိုယ္စားလွယ္အဖြဲ့ကို နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထားတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နယ်သာလန်နိုင်ငံ သဟိဂ် (The Hague) မြို့ကို ရောက်ရှိဖြေရှင်းနေပြီ ဖြစ်တယ်။ ဖြေရှင်းရမယ့် အကြောင်းရင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့စဉ်က ဘင်္ဂါလီ (ရိုဟင်ဂျာ)တွေအပေါ် လူအစု လိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့စွပ်စွဲထားတယ်။ နောက်ဆက်တွဲအဖြစ်နဲ့ ဘင်္ဂါလီရိုဟင်ဂျာ ၇ သိန်းကျော် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတယ်လို့ နိုင်ငံတကာအသိုင်းဝိုင်းက ခန့်မှန်းပြောဆိုထားတယ်။ ဒီဖြစ်စဉ်မှာ လုံခြုံရေး တပ်ဖွဲ့တွေဘက်က လူမျိုးတုံးသတ်ဖြတ်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ပြော ကြားထားတယ်။

မြန်မာဘက်ကတော့ ရိုဟင်ဂျာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို ပြန်လည် တုန့်ပြန်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ပြီး ကုလသမဂ္ဂက ပြောသလို လူမျိုးတုံးသတ်ဖြတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်ဆောင် ခဲ့တာ မဟုတ်ကြောင်း ငြင်းဆိုထားတယ်။ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အပြည်ပြည်ဆိုင်ရာတရားရံုး ICJ မွာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးဖြေရှင်းသွားမယ့်အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ကြေညာ ထားပြီး ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းပီပီသသ နိုင်ငံ့ဂုဏ်သိက္ခာကို ပြန်လည်ထိန်း သိမ်းဖို့ရှေ့ထွက် မားမားမတ်မတ် ရပ်တည်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံပြည်သူတွေကတော့ ညီညီညွတ်ညွတ် တခဲနက် ထောက်ခံနေကြ တာ ထူးထူးခြားခြား တွေ့ရတယ်။ ဒီအခြေအနေပေါ်ကနေ မြန်မာနိုင်ငံအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး အမြတ် ထွက်အောင်လုပ်ရေး ရှေးရှုကြဖို့လိုကြောင်း သုံးသပ်မိပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် တနင်္လာနေ့ထုတ် ဒီလှိုင်းစာစောင်၌ ဖေါ်ပြသည့် ဆောင်းပါး။