Breaking News

ကိုသစ်(သီတဂူ) - ဂမ်ဘီယာ၊ မြန်မာနဲ့ ဒေါ်အောင်ဆန်းစုကြည်

Myanmar Foreign Affairs Facebook Page

ကိုသစ်(သီတဂူ) -  ဂမ်ဘီယာ၊ မြန်မာနဲ့ ဒေါ်အောင်ဆန်းစုကြည် 

(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၉

လူဦးရေ နှစ်သန်းပင် မပြည့်တတ်သည့် အာဖရိကတိုက်အနောက်ပိုင်းက ဂမ်ဘီယာ နိုင်ငံလေးက မြန်မာနိုင်ငံကို ICJ ကမ္ဘာ့ခုံရုံးမှာ တရားစွဲလိုက်ပြီဆိုသော သတင်းကြောင့် မြန်မာပြည်သူတို့ အထိတ်တလန့်ဖြစ်ခဲ့ရပါသည်။ ပြည်တွင်းစစ်၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးစသည့် အခက်အခဲ ပြဿနာများစွာတို့ဖြင့် နစ်မွန်းနေရသည့် မြန်မာပြည်သူတို့အတွက် ICJ အမှုက ထပ်ပြီးဘေးကျပ်နံကျပ်ဖြစ်စေခဲ့သည်။ တဦး တယောက်ထဲကိုရွေးပြီး တရားစွဲဆိုခြင်းမျိုး မဟုတ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးကို ကမ္ဘာ့ခုံရုံးမှာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ မည်သို့ လုပ်ကြမည်နည်း။

ပြည်သူတွေ စိုးရိမ်သောကတွေ ဝေနေချိန်မှာပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မားမားမတ်မတ် ရှေ့ထွက်လာခဲ့သည်။ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့ ကမ္ဘာ့ခုံရုံးကို သူကိုယ်တိုင်သွားပြီး သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းခဲ့သည်။ ဒီမိခင်ကြီးက ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် နှစ်ယောက်မရှိသော ခေါင်းဆောင် ကောင်းပင်ဖြစ်သည်။ မေတ္တာတရားကြီးမားခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ဆင်ခြင်တုံ တရားနှင့်ပြည့်စုံခြင်း၊ အမြော်အမြင်ရှိခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းနှင့် ခေါင်းမာခြင်းတို့သည် လူထုခေါင်းဆောင်ကြီး၏ အရည်အသွေးများပင်ဖြစ်သည်။

ကမ္ဘာ့တရားရုံးထဲက ရှေ့ဆုံးအတန်းမှာထိုင်နေတဲ့ မိခင်ကြီးတယောက် မျက်နှာညှိုး နေတာကို မြင်လိုက်ရတဲ့နေ့က မိမိတို့ပြည်သူတွေအားလုံး စိတ်မကောင်းဖြစ်ခဲ့ကြ ရသည်။ မိခင်ကြီး ပြုံးတော့မှ အားလုံးစိတ်သက်သာရာ ရခဲ့ကြသည်။ ကမ္ဘာ့တရားရုံးမှာ သုံးရက်ကြာ နှစ်ဘက်လျှောက်လဲချက်တွေကတော့ ကြာသပတေးနေ့က ပြီးဆုံးသွား ခဲ့ပါပြီ။ မြန်မာပြည်သူတွေအတွက် သင်္ခန်းစာတွေ တနင့်တပိုးကြီး ရလိုက်မယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ ပြည်သူတွေအနေနဲ့ အဖြူအမည်းလည်း ကောင်းကောင်းကွဲ သွားမယ်လို့ ထင်ပါတယ်။

အမှန်အတိုင်းပြောရရင် ကိုယ့်တိုင်းပြည်က ဆင်းရဲတယ်။ ဆင်းရဲတော့ ပညာမတတ် ကြဘူး။ ပညာမတတ်တော့ ဆင်းရဲတယ်။ ကိုယ့်တိုင်းပြည်က ဆင်းရဲတော့ ဝိုင်းပြီး အနိုင်ကျင့်ကြတာပေါ့။ ICJ မှာ တရားစွဲတယ်ဆိုတာကလည်း အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း တမျိုးပါပဲ။ ဖေ့စ်ဘွက်က သူတို့လိုချင်တဲ့ ရိုင်းစိုင်းတဲ့ ကွန်မန့်လေးတွေကို စုစည်းပြီး တရားရုံးမှာ သက်သေတခုအဖြစ် ယူငင်ကိုးကား နေကြတဲ့ခေတ်မှာ ကိုယ်တို့ပြည်သူ တွေက နေရာတိုင်းမှာ ပါးပါးနပ်နပ်နဲ့ တုံ့ပြန်ကြဖို့လည်း လိုအပ်တဲ့အကြောင်း ဂမ်ဘီယာ အမှုက မီးမောင်းထိုးပြနေပါတယ်။ ဆင်းရဲခြင်း၊ ပညာမတတ်ခြင်းကို အခွင့် ကောင်းယူပြီး ကိုယ့်တိုင်းပြည်ကို ပုံစံအမျိုးမျိုးနဲ့ အနိုင်ကျင့်ကြလိမ့်အုံးမယ်။ အုပ်စုဖွဲ့ပြီး စိုးမိုး ချယ်လှယ်ဖို့ ကြိုးစားကြပါလိ်မ့အုံးမယ်။ ဒီအတွက် ဘာတွေများ အဆင်သင့် ပြင်ဆင်ထားကြပြီလဲ။

မြန်မာပြည်ကောင်းကျိုးအတွက် အပင်ပမ်းခံ၊ အနစ်နာခံပြီး ကြိုးစားပေးနေကြသူတွေ ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့ဆုံးက ပါပါတယ်။ မြန်မာပြည်တည်ဆောက်ရေး မှာ ပြည်ထောင်စုမိခင်ကြီးဟာ အရေးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ လူတိုင်းသိ နားလည်ပြီးသားပါ။ မြန်မာပြည်ကောင်းကျိုးအတွက် အပင်ပမ်းခံပြီး အစွမ်းကုန်ကြိုး စားပေးနေတဲ့ မိခင်ကြီးကို ပြည်တွင်းပြည်ပက လူမျိုးစုံ၊ အဖွဲ့အစည်းမျိုးစုံက ပုံစံ အမျိုးမျိုးနဲ့ ဝေဘန်တိုက်ခိုက်နေကြပါတယ်။ အဆောက်အဦတခုမှာ ထောက်တိုင် ကျိုးလို့ မဖြစ်ပါဘူး။ လူထုခေါင်းဆောင်ရဲ့ရှေ့မှာ အရင်ကထက်ပိုပြီး မားမားမတ်မတ် ရပ်တည်ပေးကြဖို့ လိုအပ်လာပြီဆိုတာကို ပြည်သူတွေပိုသိလာကြတာကတော့ ဝမ်းသာ စရာပါပဲ။ ဒီထက်ပိုပြီး စည်းလုံးကြမယ်။ ဒီထက်ပိုပြီး ညီညွတ်ကြ မယ်ဆိုရင် ပြည်သူတွေ ရည်မှန်းတဲ့ပန်းတိုင်ဟာ လက်တကမ်းမှာပဲ ရှိနေမှာပါ။

ဂမ်ဘီယာက မြန်မာကို တရားစွဲလိုက်တော့ ပြည်သူတွေရဲ့မြင်ကွင်းတွေက ပိုကျယ် သွားခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် မြန်မာ့နိုဘလ်ငြိမ်းချမ်းရေးဆုရှင်ကို ကမ္ဘာ့တရား ရုံးမှာ မြင်လိုက်ရတော့ ဝမ်းနည်းရပါသည်။ ဘာသာတရားကိုင်းရှိုင်းပြီး မေတ္တာတရား အားကြီးလှတဲ့ လူထုခေါင်းဆောင် တယောက်အနေနဲ့ ကမ္ဘာ့တရားရုံးမှာ ရောက်နေရ တာဟာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ဝမ်းသာစရာ မဟုတ်ပါဘူး။ ပြည်တွင်းမှာ ဒီလောက်အလုပ်တွေများနေရတဲ့ကြားထဲကနေ မြန်မာပြည်သူတွေအတွက် တရား ရင်ဆိုင်ဖို့ ဥရောပနယ်သာလန်နိုင်ငံအထိ သွားခဲ့တယ်။ မိခင်ကြီးကတော့ ဉာဏ်အမြော် အမြင်ကြီးသူပီပီ အခြေအနေအရပ်ရပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ မည်သူကိုမျှ ထိပါးနစ်နာ စေခြင်း အလျဉ်းမရှိဘဲ အကောင်းဆုံး ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အနောက်ကမ္ဘာ အတွက်တော့ သူတို့လိုချင်တဲ့ အဖြေမထွက်လာလို့ သိပ်အားရလှမယ် မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်အတွက် ဖိအားတွေဟာ ဒီထပ်ပိုလာနိုင်ပါတယ်။ အရာရာ အားလုံးကို ရင်ဆိုင်တွန်းလှန်ခုခံဖို့ ပြည်သူတွေ အခုထက် ပိုပြီး အားရှိမှဖြစ်မှာ။

မြန်မာပြည်ကို ဟိုး..ခပ်ဝေးဝေး ခပ်လှမ်းလှမ်းတနေရာကနေ လှမ်းကြည့်လိုက်ပါ။ အမေရိကန်နိုင်ငံက တက်ဆက်ပြည်နယ်လောက်ပင် မကျယ်ဝန်းလှသည့်မြန်မာပြည်တွင် လက်နက်ကိုင် တော်လှန်နေကြသည့် အဖွဲ့ပေါင်းက တစ်ရာ(၁၀၀)ကျော်ရှိပါသည်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပြည်တွင်စစ်ကြီးကလည်း ရှိနေသေးသည်။ ပါတီအဖွဲ့ အစည်းပေါင်းကလည်း တစ်ရာကျော်ရှိနေသည်။ ဘယ်မှာလဲ ငြိမ်းချမ်းရေး၊ ဘယ်မှာလဲ ညီညွတ်ရေး။ သေသေချာချာတွေးကြည့်တော့ ဖောင်စီးရင် ရေငတ်နေကြခြင်းဖြစ်သည်။ နိဗ္ဗာန်ရရေးဟာ အရေးကြီးသလို ပြည်သူတွေ ညီညွတ်ရေး၊ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းရေးဟာလည်း အရေးကြီးပါတယ်လို့ ဓမ္မကထိကဆရာတော်တွေအနေနဲ့ ကြိုးစားတရားဟောကြမယ်ဆိုရင် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးဟာ မဖြစ်နိုင်စရာ လုံးဝ မရှိပါဘူး။

ဘဝမှာ မိမိအတွက် ပျော်ရွှင်မှုသည်သာ ပဓာနဟူသော ခံယူချက်ဖြင့် မိမိဘဝ သာယာပျော်ရွှင်ရေးကို ဇောင်းပေးထားသည့်ဝါဒကို Hedonism ဟု ဆိုပါသည်။ သည်ဝါဒ က အတ္တကို ဗဟိုပြုထားလို့ နည်းနည်းတကိုယ်ကောင်းဆန်ပါသည်။ ဘယ်သူတွေ ဘာဖြစ်နေနေ သူ့အတွက် အရေးမကြီး။ စိတ်လည်း မဝင်စား။ သူတို့စိတ်ဝင် စားသည်က ကိုယ့်ပါတီ၊ ကိုယ့်အသိုက်အဝန်းကလေးအတွက်သာ ကွက်ပြီး အဆင်ပြေ သာယာ ပျော်ရွှင်ရေးပင် ဖြစ်သည်။ စီးပွါးရေးမှာပဲဖြစ်ဖြစ် ပညာရေးမှာပဲဖြစ်ဖြစ် တကိုယ်ရေ ကြီးပွါးချမ်းသာရေးကို ပဓာနထားပြီး တခြားသူတွေ ပျက်သုဉ်းသွားရေးကို ဦးတည်ထား သည့် Hedonism တွေ မိမိတို့ လူ့အဖွဲ့အစည်းမှာ ဒီထက်ပိုများမလာဖို့ပဲ ကြိုးစားကြ ရပါမည်။

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားသည့်အမှုက မည်သို့ဆုံးဖြတ်ချက်ချမည်ကို မသိရသေး ပါ။ ICJ အမှုနဲ့ပတ်သက်ပြီး မိခင်ကြီးအပေါ်မှာထားသည့် ပြည်သူတွေရဲ့ ယုံကြည်ချက် ကို ကမ္ဘာကြီးက ချီးကျူးနေကြပါသည်။ ICJ အမှုတခုတည်းမဟုတ်။ အခက်အခဲပေါင်း များစွာ ရှေ့မှာကျန်ပါသေးသည်။ အမှန်တရားကို မြတ်နိုးခြင်းနှင့် ယဉ်ကျေးသိမ်မွေ့ခြင်း တို့သည် လူသားတဦး၏ကောင်းမြတ်သော အရည်အသွေးများပင်ဖြစ်ပါ သည်။ ရှေ့မှာ ဘယ်လိုအခက်အခဲတွေပဲကြုံကြုံ သည်းခံခွင့်လွှတ်ခြင်း ချစ်ခြင်းမေတ္တာတရားများစွာဖြင့် မိခင်ကြီးနှင့်အတူ အခက်အခဲအားလုံးကို ရင်ဆိုင်ကျော်ဖြတ်သွားကြဖို့ အားမွေးထားကြ ပါစို့။


ကိုသစ် (သီတဂူ)
၁၂၊ ၁၃၊၂၀၁၉