Breaking News

"အောင်ကြီးမဟုတ်ရင်ဘယ်သူလဲ" ဗစ်တိုးရီးယားအတွက် တရားမျှတမှုခရီး ဤတွင်ပြီးပြီလား

"အောင်ကြီးမဟုတ်ရင်ဘယ်သူလဲ" ဗစ်တိုးရီးယားအတွက် တရားမျှတမှုခရီး ဤတွင်ပြီးပြီလား

အောင်ကြီးကို တရားရုံးက တရားရှင်လွှတ်ပေးပြီးနောက်တွင် တရားခံအစစ်က ဘယ်သူလဲဆိုသည့် မေးခွန်းကျန်နေသေးပြီး "ဗစ်တိုးရီးယားအတွက် တရားမျှတမှုကို ဆက်လက်ရှာဖွေမှာပါ” ဟု မိန်းကလေးငယ်၏ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။

ဉာဏ်လှိုင်လင်း Myanmar NOW

(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၉

နေပြည်တော်၊ ဒက္ခိဏခရိုင်ရှိတရားခွင်တစ်ခုအတွင်း လက်ခုပ်သံများ “ဖြောင်းဖြောင်း” မြည်ဟီးခဲ့၏။ ဗစ်တိုးရီးယားဟု အမည်ဝှက်ဖြင့်ခေါ်ဆိုကြသော လိင်အကြမ်းဖက်ခံခဲ့ရသူ မူကြိုအရွယ် မိန်းကလေးငယ်လေးအတွက် အမှန်တရားကို ရှာဖွေနေကြသည့် ဒီဇင်ဘာ ၁၈ရက်၊ တရားရုံးချိန်း ၁၃ ကြိမ်မြောက်တွင်ဖြစ်ပါသည်။

တရားလို၊ သံသယတရားခံ နှစ်ဖက်ရှေ့နေများအားလုံးဆီမှ လွင့်ပျံ့လာသော လက်ခုပ်သံများနည်းတူ တရားခွင်၌ရှိနေသူ အားလုံးနီးပါးကလည်း လှုပ်လှုပ်ရွရွဖြစ်နေသည်။ ကြမ်းပြင်၌ ပြားပြားဝပ်ကာ တရားသူကြီးနှစ်ဦးနှင့် ၎င်း၏ရှေ့နေများကို အကြိမ်ကြိမ် ရှိခိုးဦးချ နေသူတစ်ဦးလည်းရှိ၏။ အဆိုပါအမှုတွင် ကျူးလွန်သူဟု ရဲတပ်ဖွဲ့က ခြောက်လကျော်ကြာ ဖမ်းဆီးကာ ပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုခံရထားသူ ကိုအောင်ကျော် မျိုး(ခ) အောင်ကြီးပင်။

တရားလိုပြသက်သေ ၇ ဦး ကျန်နေသေးသော်လည်း စစ်ဆေးပြီးသူ ၂၀ ဦး၏ ထွက်ဆိုချက်များအရ ကိုအောင်ကြီး ကျူးလွန်ကြောင်း ထင်ရှားမှုမရှိ၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃(၂) အရ စွဲချက်မတင်မီ ခရိုင်တရားရုံးက တရားရှင် လွှတ်လိုက်ခြင်းဖြစ်သည်။

အထက်ပါ ပျော်ရွှင်ကြည်နူးဖွယ်ရာ မြင်ကွင်းများ၏ အခြားတစ်ဖက်တွင် လက်ရှိအခြေအနေသည် ဗစ်တိုးရီးယားအတွက် တရားမျှတမှု ရှာပုံတော်ခရီး တစ်ခန်းရပ်သွားရခြင်းပင်ဖြစ်ကြောင်း နားလည်သဘောပေါက်သူတို့လည်း ရှိနေ၏။

“ဒီအမှုကြီးတစ်ခုလုံးက တရားခံမရှိတော့ဘူးဆိုပြီး ပြီးသွားပြီကိုး၊ ပိတ်ပစ်လိုက်ပြီ”ဟု ဗစ်တိုးရီးယားဘက်မှ ရှေ့နေ ဒေါ်ရွက်နုအောင်က Myanmar Now ကို ပြောသည်။

နှစ်ဖက်ရှေ့နေများနှင့် ဗစ်တိုးရီးယားမိသားစုဘက်မှ ကိုအောင်ကြီး လွတ်မြောက်သည်ကို ဝမ်းပန်းတသာ ရှိကြသော်လည်း တရားခွင် ရုတ်တရက်ရပ်သွားမှုအပေါ် မချိတင်ကဲ ဖြစ်နေကြခြင်းဖြစ်သည်။

“အခုထိ တရားခံရှာမတွေ့ဘဲနဲ့ ဗစ်တိုးရီးယားလေး နစ်နာနေရတာကိုတော့ ကျွန်တော်မကြိုက်ဘူး” ဟု ကိုအောင်ကြီးကို လွတ်မြောက်အောင် ဆောင်ကြဉ်းပေးခဲ့သည့် ရှေ့နေ ဦးခင်မောင်ဇော်က Myanmar Now ကိုပြောသည်။

သို့သော် ဇာတ်ရှိန်တက်နေသည့် တရားခွင်အတွင်း စစ်ဆေးပေါ်ပေါက်မှုများကြောင့် ဗစ်တိုးရီးယားအတွက် တရားမျှတမှုကို ဆက်လက်ရှာဖွေနိုင်မည်ဟု နှစ်ဖက်ရှေ့နေများက မျှော်လင့်ထားကြသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူကိုယ်တိုင်က အမှုပေါ်ပေါက်မှုဖြစ်စဉ်ကို ထုတ်ဖော်ပြောဆိုထားခြင်း၊ ဗစ်တိုးရီးယားကို ဆေးစစ်ခဲ့သည့် မှုခင်းဆရာဝန်ကြီးထွက်ဆိုချက်အရ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု အမှန်တကယ်ပေါ်ပေါက်ကြောင်း ပေါ်လွင်ခြင်း၊ ဗစ်တိုးရီးယားကိုယ်တိုင် မည်သူတို့ ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုထားခြင်း တို့ကြောင့်ဖြစ်သည်။

ထို့အတူ တရားခွင်စစ်ဆေးမှုများအတွင်း ဗစ်တိုးရီးယား တက်ရောက်သည့် Wisdom Hill မူကြိုကျောင်းမှ သက်သေခံအဖြစ် တရားရုံးသို့ အပ်နှံသည့် CCTV မှတ်တမ်းများ၊ CCTV များကို ထိန်းချုပ်သည့် DVR စက်နှင့် ယင်းအတွင်း တပ်ဆင်ထားသည့် Hard Disk တို့တွင် သံသယဖြစ်ဖွယ်များ ပေါ်ပေါက်လာခြင်းတို့ကို နှစ်ဖက်ရှေ့နေများက ရည်ညွှန်းကြခြင်းဖြစ်သည်။

တကယ်ဖြစ်ခဲ့သလား
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူက ဇူလိုင် ၄ ရက် သမ္မတအိမ်တော် ရှင်းလင်းပွဲတွင် အမှုဖြစ်စဉ်ကို အသေးစိတ်ရှင်းပြထားဖူးသည်။

ဗစ်တိုးရီးယားနှင့်ပတ်သက်သည့် ဆေးစာပြန်ကြားချက်၊ ကိုအောင်ကြီး၏ အတွင်းခံမှတွေ့ရှိရသည့် သုတ်ပိုး၊ ကိုအောင်ကြီး Wisdom Hill မူကြိုသို့ အခင်းဖြစ်နေ့တွင် ရောက်ရှိခဲ့ကြောင်း CCTV မှတ်တမ်း၊ ဗစ်တိုးရီးယားကို ၎င်း၏ဖခင်က CCTV မှတ်တမ်းပြ၍ မေးမြန်းစဉ် ဗီဒီယို၌ ကိုအောင်ကြီးဟု ယူဆရသူကို ညွှန်ပြချက် စသည့် အချက်လေးခု ခိုင်မာမှုရှိကြောင်း ဒုရဲချုပ်က ပြောထားသည်။

ထို့အတူ နိုဝင်ဘာ ၂၀ ရက် တရားခွင်၌ လာရောက်ထွက်ဆိုခဲ့သည့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှ မှုခင်းဆရာဝန်ကြီး ဒေါက်တာ ဒေါ်တင်မိုးမိုးခိုင်ကလည်း ဗစ်တိုးရီးယားကို ဆေးစစ်ချက်အရ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု ကြုံတွေ့ခဲ့ရသည်မှာ အမှန်ဖြစ်ကြောင်း ပြောသည်။

ထို့အပြင် အခင်းဖြစ်သည့် မေ ၁၆ ရက်ညတွင်ပင် ဗစ်တိုးရီးယားကို ကနဦးစစ်ဆေးခဲ့သည့် နေပြည်တော်၊ ကလေးရောဂါအထူးကုဆေးရုံကြီးကလည်း “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းဟု သံသယရှိ၊ မိန်းမကိုယ်၌ ပွန်းသည့်ဒဏ်ရာ တွေ့ရှိရပြီး သွေးထွက်နေသည်”ဟု မှတ်ချက်ပေးထားကြောင်း ဒေါ်တင်မိုးမိုးခိုင်က ထုတ်ဖော်ပြောဆို၏။

မှုခင်းဆရာဝန် လုပ်သက်တစ်လျှောက်တွင် တစ်ကြိမ်မျှမကြုံဖူးသည့် ကိစ္စရပ်တစ်ခုကိုလည်း ဒေါ်တင်မိုးမိုးခိုင်က တရားခွင်ထွက်ဆိုခဲ့ပြီး ယင်းမှာ ဗစ်တိုးရီးယား၏ မိန်းမကိုယ်တွင် သုက်ပိုးတွေကြောင်း ဖော်ထုတ်ရရှိသည့် ဓာတ်ခွဲခန်းသုံး မှန်ပြားတစ်ချပ်ကို မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)က လာရောက်ယူဆောင်သွားခြင်းဖြစ်သည်။

ဗစ်တိုးရီးယား၏ ထွက်ချက်
မှန်ကန်စွာ ထွက်ဆိုနိုင်စွမ်းကို ကိန်းဂဏန်းများ၊ အရောင်များ ဖြေဆိုစေ၍ ရုံးတော်က အကဲခတ်ခြင်းကို ခံရပြီးနောက် ကာယကံရှင် ဗစ်တိုးရီးယားကိုယ်တိုင် စက်တင်ဘာ ၁၁ ရက်က ထွက်ဆိုခဲ့မှုများတွင် ကျူးလွန်သူမှာ မည်သူဖြစ်ကြောင်းပါဝင်သည်။

သတင်းထောက်နှင့် အများပြည်သူတို့ ဝင်ခွင့်မရသည့် အဆိုပါရုံးချိန်းအပြီးတွင် ဗစ်တိုးရီးယား၏ရှေ့နေ ဒေါ်ရွက်နုအောင်က ကလေးငယ်၏ထွက်ဆိုချက်များကို ပြန်ပြောပြခြင်းဖြစ်သည်။

အဆိုပါနေ့က တရားခွင်တွင် ဗစ်တိုးရီးယား၏ဖခင်က တရားရုံးသို့ သက်သေခံအဖြစ် တင်သွင်းထားသည့် မိုဘိုင်းဖုန်းပါ ဗီဒီယိုနှစ်ခု၊ ရဲတပ်ဖွဲ့က သက်သေခံအဖြစ် တင်သွင်းထားသည့် ဗီဒီယိုဖိုင်တစ်ခုတို့၌ ပါရှိသော ဓာတ်ပုံ ၆ ပုံ ကို ဗစ်တိုးရီးယားအား ပြသမေးမြန်းခဲ့သည်ဟု ၎င်းကပြောသည်။

ကိုအောင်ကြီး၏ ဓာတ်ပုံကိုပြရာတွင် “ဒါကိုမသိဘူး၊ ဒီလူကိုမသိဘူးပေါ့ သူ(ဗစ်တိုးရီးယား)ပြောတယ်” ဟု ဒေါ်ရွက်နုအောင်က ဆိုသည်။ ထို့အတူ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး၏ ပုံကိုပြသည့်အခါတွင်လည်း မသိကြောင်း ဗစ်တိုးရီးယားက ပြောခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

အမျိုးသားငယ်နှစ်ဦးပါဝင်သည့် ဓာတ်ပုံများကို ပြသည့်အခါတွင်မူ “ကိုကိုအငယ်က သူ့ရင်ဘတ်တွေကို ထုတယ်၊ ကိုကိုအကြီးကတော့ သူ့ရဲ့ဖင်ဖုကို ဆိတ်တယ်လို့ ကလေးလေး(ဗစ်တိုးရီးယား)က ထွက်ဆိုသွားတယ်”ဟု ဒေါ်ရွက်နုအောင်က ပြန်ပြောင်းပြောပြဖူးသည်။
Aung Gyi


CCTV ဝိရောဓိ

ကိုအောင်ကြီးကို ဖမ်းဆီးကြောင်း ဒုရဲချုပ်ပြောချိန်က CCTV မှတ်တမ်းများအရ ကိုအောင်ကြီးမှာ Wisdom Hill မူကြိုကျောင်းဆောင်အတွင်း ဝင်ရောက်သည့် တစ်ဦးတည်းသော အမျိုးသားဖြစ်ကြောင်း ပါဝင်သည်။

သို့သော် ရုံးတော်သို့ ရဲတပ်ဖွဲ့က တင်သွင်းသည့် Wisdom Hill မူကြိုကျောင်း၏ CCTV မှတ်တမ်းဗီဒီယိုဖိုင်များ၊ ရုံးတော်ကတောင်းခံ၍ ကျောင်းက သက်သေလာရောက်တင်သွင်းသည့် CCTV များကို ထိန်းချုပ်သည့် DVR စက်နှင့် ယင်းအတွင်း တပ်ဆင်ထားသည့် Hard Disk တို့တွင်မူ သံသယဖြစ်ဖွယ်ရာများ တရားခွင်အတွင်း စစ်ဆေးပေါ်ပေါက်နေ၏။

မူကြိုကျောင်းမှ CCTV နှင့်သက်ဆိုင်သည့် စပ်ဆက်ပစ္စည်းများ လာရောက်အပ်နှံသူ ကိုရန်နောင်ဌေးကို နိုဝင်ဘာ ၆ ရက်က တရားခွင်အတွင်း စစ်ဆေးပြီးချိန်တွင် အောင်ကြီး၏ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်စုဒါလီအောင်နှင့် ဗစ်တိုးရီးယား ဘက်မှ ဥပဒေအရာရှိ ဦးကျော်မင်းအောင်တို့က မူရင်းမှတ်တမ်းဖိုင်များ ပြန်ရရန် နည်းပညာရှင်အကူအညီဖြင့် ဆောင်ရွက်ခွင့်ပြုရန် ရုံးတော်သို့ လျှောက်ထားသည်အထိ ဖြစ်ခဲ့သည်။

အကြောင်းမှာ မူကြိုကျောင်းက CCTV မှတ်တမ်းများ သိမ်းဆည်းထားသည်ဆိုသော စက်ပစ္စည်းများကို ရုံးတော်ရှေ့မှောက်၌ စစ်ဆေးရာ မှတ်တမ်းမှတ်ရာများ တစ်ခုမျှမရှိတော့သည်ကို တွေ့ရကြောင်း ဥပဒေအရာရှိက တရားသူကြီးနှစ်ဦးထံ တင်ပြ၏။

ထိုသို့လျှောက်ထားမှုကို တရားသူကြီးများကလည်း ခွင့်ပြုသဖြင့် ဒီဇင်ဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်နှင့်အဖွဲ့က တရားရုံး၌ပင် လာရောက်ကူညီဆောင်ရွက်ပေးခဲ့သည်။

မူကြိုကျောင်းက ရုံးတော်သို့ သက်သေတင်သွင်းထားသည့် CCTV စပ်ဆက်ပစ္စည်းများကို နည်းပညာဖြင့် ရှာဖွေစစ်ဆေးမှုမှာ ၂၈ နာရီကျော် ကြာမြင့်ခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက် ရုံးချိန်းတွင် ဦးထွန်းခိုင်ကိုယ်တိုင် ရှာဖွေတွေ့ရှိချက်များကို ရုံးတော်သို့ အစီရင်ခံတင်သွင်းခဲ့၏။

၎င်းတို့အဖွဲ့ စစ်ဆေးခဲ့သော မူကြိုကျောင်း၏ DVR စက်မှာ Hard Disk နှစ်လုံး တပ်ဆင်နိုင်ကြောင်း၊ သို့သော် တစ်လုံးသာရှိကြောင်း၊ တပ်ဆင်ထားခြင်းမရှိသည့်နေရာတွင် မူလီအချို့ တွေ့ရသည့်အတွက် ယခင်က Hard Disk တပ်ဆင်ထားသည်ဟု ယူဆနိုင်ကြောင်း ထည့်သွင်းပြောဆိုသည်။

သက်သေခံတင်ထားသည့် CCTV မှတ်တမ်း ဗီဒီယိုဖိုင်များတွင်လည်း သံသယဖြစ်ဖွယ်များ တွေ့ရကြောင်း ဦးထွန်းခိုင်က ရုံးတော်သို့ ပြောခဲ့သေး၏။ အသေးစိတ်မှတ်တမ်းတွင် ကြာမြင့်ချိန်မှာ ၁၂ နာရီမှ ၁ နာရီဟု ပေါ်လွင်နေသော သက်သေခံဗီဒီယိုဖိုင်တစ်ခု၌ တစ်နာရီစာ အပြည့်မရှိသည်ကို တွေ့ရပြီး ယင်းမှာ ဖြတ်တောက်ထားသည်ဟု ယူဆနိုင်ကြောင်း ၎င်းက ရုံးတော်သို့ ရှင်းပြသည်။

ထို့အတူ CCTV မှတ်တမ်း ဗီဒီယိုဖိုင်များမှာ Hard Diskက အလိုအလျောက်ပေးသည့် ဖိုင်နာမည်များဖြင့် ရှိမနေဘဲ တစ်စုံတစ်ဦးက ဖိုင်အမည် ပြောင်းထားသည်ကို စိစစ်တွေ့ရှိရကြောင်းကိုလည်း ဦးထွန်းခိုင်က အစီရင်ခံသည်။

တရားရုံးသို့ သက်သေခံအဖြစ် ရောက်နေသည့် မူကြိုကျောင်း၏ DVR နှင့် Hard Disk တို့မှာ ဗစ်တိုးရီးယားအမှု ပေါ်ပေါက်သည့် မေလ ၁၆ ရက်တွင် အမှန်တကယ် တပ်ဆင်အသုံးပြုခဲ့သည့် ပစ္စည်းများ သေချာပါသလားဟု ရှေ့နေ ဒေါ်ရွက်နုအောင်က မေးမြန်းသည့်အခါတွင်လည်း ၎င်းက အောက်ပါအတိုင်းဖြေခဲ့၏။

“နည်းပညာရှုထောင့်နှင့် စစ်ဆေးတွေ့ရှိချက်များအရ အတည်ပြုမပေးနိုင်”ဟု ဦးထွန်းခိုင်က ဆိုသည်။

ဘာဆက်လုပ်ကြမလဲ

ရှေ့နေများကတော့ အထက်ပါ ပေါ်ပေါက်မှုအခြေအနေအရပ်ရပ်အရ တရားခွင်ကြားနာမှု တစ်ဝက်တစ်ပျက်ဖြင့် ရပ်သွားသော်လည်း ရှေ့တွင် ခရီးကြမ်းဆက်နှင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြသည်။

ယခုအခြေအနေသည် လမ်းဆုံးသွားခြင်း မဟုတ်သေးဘဲ စောင့်ကြည့်ရန် လိုအပ်သေးသဖြင့် မည်သို့ ရှေ့ဆက်ဆောင်ရွက်မည်ကို မပြောနိုင်သေးကြောင်း ဗစ်တိုးရီးယားမိသားစုဖက်မှလည်း ပြောသည်။

ကိုအောင်ကြီးသည်ပင်လျှင် လွတ်လျှင်လွတ်ခြင်း “ကလေးလေး(ဗစ်တိုးရီးယား)အတွက် အမှန်တရားပေါ်ပါစေလို့ ဆုတောင်းပါတယ်” ဟု မီဒီယာများကိုပြောခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေး တတ်နိုင်သမျှ ဝန်းရံပေးမည်ဖြစ်ကြောင်း ထည့်သွင်းကတိပြုခဲ့သေးသည်။

ဗစ်တိုးရီးယား၏ရှေ့နေ ဒေါ်စုဒါလီအောင်ကတော့ “ဆက်လုပ်လို့ရပါတယ်၊ အမှုထဲမှာ ပေါ်ပေါက်ချက်တွေက အများကြီးရှိနေပါပြီ” ဟု Myanmar Now ကို မှတ်ချက်ပြု၏။ သို့သော် ကိုအောင်ကြီးကို တရားခံအဖြစ် ဖမ်းဆီးတရားစွဲဆိုသည့် ရဲတပ်ဖွဲ့နှင့် ဥပဒေအကြံဉာဏ်များပေးခဲ့သည့် ဥပဒေအရာရှိတို့ မည်သို့ဆက်လုပ်မည်ကို အချိန်အနည်းငယ်ယူကာ စောင့်ကြည့်ရဦးမည်ဟု ၎င်းက ဆိုသည်။

“အောင်ကြီးမဟုတ်ရင် ဘယ်သူလဲ၊ ဗစ်တိုးရီးယားအတွက် တရားမျှတမှုကို ဆက်လက်ရှာဖွေမှာပါ” ဟု ဒေါ်ရွက်နုအောင်က ပြောသည်။

ကိုအောင်ကြီး၏ရှေ့နေ ဦးခင်မောင်ဇော်ကလည်း ဗစ်တိုးရီးယား အမှုမှန်ပေါ်ပေါက်ရေး ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်နိုင်သည့် အခြေအနေရှိကြောင်း Myanmar Now ကို သုံးသပ်ပြ၏။

ပြီးဆုံးသွားပြီဖြစ်သည့် တရားခွင်အတွင်း စစ်ဆေးပေါ်ပေါက်မှုများကို ဦးတည်၍ ရဲစခန်းတွင်ဖြစ်စေ၊ တရားရုံးတွင်ဖြစ်စေ အမှုအသစ်ဖွင့်သည့် နည်းလမ်းသည် ရွေးချယ်စရာတစ်ခုဖြစ်ကြောင်း ၎င်းက အကြံပြုသည်။

သူကိုယ်တိုင် ဗစ်တိုးရီးယား အမှုမှန်ပေါ်ပေါက်ရေး ဝန်းရံသူအဖြစ် ဆက်လက်ပါဝင်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော ဦးခင်မောင်ဇော်က “ဒီအခြေအနေမှာ ဗစ်တိုးရီးယားအတွက် တရားမျှတမှု (Justice for Victroria)” ဆိုတဲ့ အလံကို ဘယ်သူမှ လှဲလို့မရသေးဘူး” ဟုလည်း သတိပေးလိုက်ပါသည်။