Breaking News

နိုင် ဝင်း သီ - ဒေါနလမ်းပြဇာတ်

ဒေါနလမ်းပြဇာတ်
နိုင်  ဝင်း  သီ
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၉
                      ( တစ် )

      ဘယ်ခြေတရွတ်ဆွဲပြီး လမ်းမပေါ်တရှပ်ရှပ်နှင့် လျှောက်လှမ်းလာ‌သော သူ့ကို ဟိုးခပ်လှမ်း လှမ်းမှာက တည်းက ကျွန်တော်ဟာ လှမ်းပြီးမြင်‌နေရ။ သူလမ်းလျှောက်လာပုံဟာ လူတစ်ယောက်လမ်းလျှောက်လာပုံနှင့် မတူဘဲ လူတစ်ယောက် တရွေ့ရွေ့နှင့် ရွေ့လျားလာသော ပုံရိပ်မျိုး။ ဘယ်ခြေတရွတ်ဆွဲပြီး ဘယ်လက်တစ်‌ဖက်တွဲလောင်းကျနေတာကို လှမ်းမြင်လိုက်တည်းက သူဟာ ကိုယ်တစ်ခြမ်း လေဖြတ်ထားတဲ့လူတစ်ယောက်မှန်း ကျွန်တော်သိနေခဲ့ပြီ။

ကူဖေါ်လောင်ဖက် အဖော်တစ်ယောက်နှင့် ခက်ခက်ခဲခဲ ရွေ့လျားလာခဲ့တဲ့ သူဟာ လမ်းဆုံလေးတစ်ခုမှာ ငေးမောရပ်တန့်နေတဲ့ ကျွန်တော့်ကိုမြင်လိုက်ရတော့ မျက်ခုံးနှစ်ဖက်ဟာ ထိလုနီးပါး ကျုံ့ဝင်ကွေးတွန့်သွားခဲ့။ ကျွန်တော့်မျက်နှာကို စူးစူးစိမ်းစိမ်း စိုက်ကြည့်နေတဲ့ မွဲမွဲရီရီ သူ့မျက်လုံးတွေဟာ ကြည့်နေ ကြည့်နေရင်းကပဲ အရည်တွေလဲ့ပြီး တောက်ပလာသလိုပါပဲ။

     တအောင့်နေတော့ သွားရည်တွေ တမြားမြားကျပြီး လှုပ်စိလှုပ်စိဖြစ်နေတဲ့ သူ့ပါးစပ်ပေါက်လေးထဲကနေ တိုးရီတုန်‌ဝေနေတဲ့အသံလေးတစ်ခု တိုးထွက်လာခဲ့။ အသံ‌လေးဟာ တိုးညှင်း‌နေရုံမက စကားလုံးတွေကပါ မသဲကွဲလေတော့ သူ ဘာကိုပြောလိုက်မှန်း ကျွန်တော်မဝေခွဲတတ်။ တစ်ကြိမ်လည်းမဟုတ် နှစ်ကြိမ်လည်းမဟုတ် သုံးလေးကြိမ်‌ပြောနေတဲ့အထိ ကျွန်တော့်ဆီက တုံ့ပြန်မှုရမလာသောအခါ သူဟာ မချင့်မရဲဖြစ်လာပုံရ။ သူ့ရဲ့ ကောင်းနေတဲ့ ညာဖက်လက်နဲ့ ကျွန်တော့်လက်ကိုဆုပ်ကိုင်ဖျစ်ညှစ်လိုက်ပြီး ကျွန်တော့်ရဲ့ငယ်နာမည်ကို ကွဲကွဲအက်အက်သူ့အသံကြီးနဲ့ အော်ခေါ်လိုက်တော့မှပဲ ကျွန်တော်ဟာ သူ့ကို ကောက်ခါငင်ခါနဲ့ သတိရသွား။ကျွန်တော့်ကိုယ်ထဲမှာ စီးဝင်လှည့်ပတ်နေတဲ့ သွေးတွေဟာ ပူနွေးသွား။ ကျွန်တော့်ရင်ဟာ တဖျပ်ဖျပ်နဲ့လှုပ်ခုန်သွား။

       ကိုဇော်ကြီး။ ကိုအောင်ထွန်းရဲ့  ညမွှေးပန်းခေတ်ကတည်းက ကို‌အောင်ထွန်းတို့နဲ့အတူ မြို့ကလေးရဲ့ ညတွေကို ဂစ်တာတစ်လက်နဲ့  ရူးနှမ်းဖြတ်သန်းခဲ့တဲ့ ကိုဇော်ကြီး။

ဂစ်တာသာတီးနေရရင် ကမ္ဘာ‌မြေရဲ့ တစ်ဖက်ခြမ်းကို  ခုနှစ်စင်ကြယ် နိမ့်ဆင်းသွားတဲ့အထိ တစ်ညလုံး မညည်းမညူတီးခတ်ခဲ့တဲ့ကိုဇော်ကြီး။ မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်လာရင်တောင်အိပ်ရာပေါ်ကနေ ဂစ်တာကြိုး‌တွေကို ကုတ်ဆွဲလိုက်ရမှ နေသာထိုင်သာရှိသွားတဲ့ ကိုဇော်ကြီး။

                        (  နှစ် )

       သူဟာ ကျွန်တော်တို့မြို့က‌လေးမှာ မွေးဖွားခဲ့တဲ့လူတော့ မဟုတ်ဘူး။ ဒါပေမယ့် မြို့ကလေးကို စပြီး‌‌ ရောက်တဲ့နေ့မှာပဲ  ဒီမြို့ကလေးဟာ သူနေသွားရမယ့် ဘူမိနက်သန်နေရာလေးပဲဆိုတာ သူ့ရင်ထဲက‌နေ အလို လိုသိသွားခဲ့။

      နှစ်ထပ်သင်္ဘောလေးတွေ ဘယ်နှစ်ကြိမ်ဆိုက်ကပ်ခဲ့ပြီးပြီလဲ။ စိန်ပန်းပွင့်တွေ ဘယ်နှစ်ကြိမ် ကြွေကျပြီးပြီလဲ။
      မြို့ကလေးအပေါ် ချစ်ခင်တပ်မက်စိတ်နဲ့ အာရုံထဲမှာငြိလာရင် ငြိသလိုရေးခြစ်ထားတဲ့ စိတ်ကူးစိတ်သမ်းတွေဟာ ကျွန်တော်တို့အတွက်တော့အံ့ဩစရာ။ စကားလုံးတွေဟာမီးလျှံ မီး တောက်တွေလို လူးကာလွန့်ကာနဲ့။

    လမ်းမပေါ်မှာ သူ လမ်းလျှောက်လာပုံဟာကြိုးတန်းပေါ်က အဝတ်စတစ်စ  လေထဲမှာ တလွင့်လွင့်နဲ့ လွင့်ပါလာသလိုမျိုး။
     ပါးပါးလှပ်လှပ် သူ့ရဲ့ ခန္ဓာကိုယ်လေးဟာ ဘယ်တုန်းကမှ တင်းတင်းရင်းရင်း မရှိခဲ့တဲ့ခန္ဓာကိုယ်လေး။ မျက်လုံးညိုညိုတွေကလည်း ဘယ်အချိန် ကြည့်လိုက် ကြည့်လိုက် အဝေးတစ်နေရာရာကို လှမ်းမျှော်ငေးရီကြည့်နေတဲ့မျက်လုံးမျိုး။ အရေးအသား တစ်ခုခုထဲမှာ ဒါမှမဟုတ် ဂီတသံတစ်ခုခုထဲမှာ သူ့ရဲ့အာရုံဟာ အမြဲတစေ ကပ်ငြိလို့။

   ငြိမ်းကျော်ရဲ့ပဉ္စမမြောက်ဆောင်းရက်များ၊ မြောက်ပြန်လေတွင် တင်သောကမ္ဗည်း၊ အပြာရောင်သစ်ခွပွင့်ရဲ့သမိုင်းအစတို့ဆိုတာ သူ တအားကြွေခဲ့ရတဲ့ အရေးအသားများ။

The Wild Ones က ဘေ့စ်ဂစ်တာတီးတဲ့ ဇူဆီကွာထရိုဆိုတာသူ့ရဲ့ဂစ်တာသူရဲကောင်း။

သူ့ တစ်အိမ်လုံးမှာလည်း ဇူဆီကွာထရိုပုံတွေကို ဘယ်လိုနေရာမျိုးမှာမှရှောင်လို့ကွင်းလို့မလွတ်။ အဲဒီအစွဲအလမ် းတွေကြောင့်ပဲလားတော့မသိ။သူရောက်လာတဲ့ ညမျိုးဆိုရင် ဒေါနလမ်းရဲ့ ညတွေဟာ သပ်ရပ်လှပတဲ့ ဘေ့စ်လိုင်း အရွေ့အလျားတွေအောက်မှာသက်ဝင်မြူးကြွားနေခဲ့တာ။
သူ ဘေ့စ်ဂစ်တာတီးပြီဆိုရင် မှုန်မှိုင်းနေတဲ့ သူ့မျက်လုံးတွေဟာ အလွမ်းငွေ့တွေဝေ့သမ်းပြီး ညိုမှိုင်းရီဝေလာတတ်တာ။

      အဲဒီအချိန်တုန်းက သူဟာ ဆိုက်စမစ်လို့ခေါ်တဲ့ ကမ်းလွန်ရေနံရှာဖွေရေးက သင်္ဘောတစ်စင်း‌မှာ နားခိုနေတဲ့ စင်ရော်ငှက်။
ကမ်း‌ခြေမှာ ပျံဝဲနေလိုက်။ လွင့်မျောပင်လယ်ထဲမှာ မျောပါသွားလိုက်။ ကုန်းမြေပေါ်  ပြန်ရောက် လာလိုက်နဲ့။ 

      လှိုင်းရိုက်သံတဝုန်းဝုန်းဟာ သူ့အတွက် အမြဲတမ်း စိမ်းရိုင်းလတ်ဆတ်နေတဲ့ဂီတသံ၊ ကျွန်တော်တို့ဆီကို သူရောက်လာတဲ့အချိန်မှာတော့ ပင်လယ်ကိုသာမက ရိုးမကိုရော၊ တောင်တန်းတွေကိုရော၊ လွင်ပြင်တွေကိုရော တစ်ခုပြီးတစ်ခုကျော်ဖြတ်နေဆဲနှစ်ကာလများ။

     ကုန်းပေါ်မှာ သူရှိနေရင်တော့ ကျွန်တော်တို့ရဲ့ ညချမ်းချိန်ခါ ဖြစ်တည်ရာ ဒေါနလမ်းထိပ်က မဟော်ဂနီပင်ကြီးဆီ သူဟာ အစောဆုံး ရောက်လာတတ်တဲ့ လူ။ တစ်ခါတစ်ခါမှာတော့ မဉ္ဇူလမ်းထဲက ကိုအောင်ထွန်းတို့အိမ်ရှေ့ အုတ်ခုံဟောင်းလေးမှာ ကျွန်တော်တို့ဟာ စုဖွဲ့လို့။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ ရော့ခ်သီချင်းအသစ်တွေနဲ့၊ ventures ရဲ့ တီးခတ်မှုအသစ်တွေကို ခက်ခက်ခဲခဲ ဖွေရှာပြီး ခေတ်ကြီးထဲကို တရွေ့ရွေ့နဲ့  ဖြတ်သန်းလာခဲ့ကြတာ။ ဒီလိုနဲ့ပဲ ဒေါနလမ်းထိပ်က မဟော်ဂနီပင်ကြီးနဲ့ မဉ္ဇူလမ်းထဲက အုတ်ခုံဟောင်းလေးဟာ ကျွန်တော်တို့လူငယ်ဘဝရဲ့ အမှတ်သင်္ကေတတစ်ခုလို ဖြစ်နေခဲ့တာ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ နေလောင်အရေပြားနဲ့။

ဆားပွင့်နေတဲ့ လည်ပင်းတွေနဲ့။ စက်မောင်းသံတဂျုန်းဂျုန်းနဲ့။ တစ်ပက်ကို ပြားသုံးဆယ်ပေးရတဲ့ ဘီအီးနဲ့ ပျော်ရွှင်စရာ သိပ်မကောင်းတဲ့ နှစ်ကာလတွေထဲမှာ ဒေါနလမ်းထိပ်က ညချမ်းချိန်ခါကို ရှာဖွေတွေ့ရှိခဲ့ကြတာ။

                        ( သုံး )

  သိဒ္ဓတ္ထဟာ အလွင့်။ယေရှုလည်းပဲ အလွင့်။မဟာဝီရလည်း အလွင့်။ အဲဒီ အလွင့်တွေထဲမှာမှ သိဒ္ဓတ္ထဟာ ဆင်းရဲဒုက္ခအပေါင်း ငြိမ်းချုပ်ရာ  ခေမာကမ်းသောင်ကို  ရှာဖွေတွေ့ရှိသွားခဲ့တဲ့ မဟာလူသား။
        ပြောမယ်ဆိုရင် မောင်စစ်ငြိမ်းရေးဖွဲ့ခဲ့တဲ့"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ " ဟာ အနှိုင်းမဲ့ဗုဒ္ဓကိုလေးမြတ်စွာ ဦးခိုက်ပူဇော်ထားတဲ့ သီချင်း။ 

အယ်လ်ကိုဟောလေး ရီရီဝေဝေနဲ့  ညဥ့်နက်မှ ရောက်လာလေ့ရှိတဲ့ ကိုဟာနိပုဟာ ဗုဒ္ဓံသရဏဂစ္ဆာမိကို ဆိုလိုက်လေတိုင်း သူ့ရဲ့မျက်လုံးတွေထဲမှာ ကြည်နူးမှုတွေနဲ့ စိုလက်နေတတ်တာ။စောမောင်ကျားနဲ့ မူးမူးတို့ဆီက လွင့်ကျလာတဲ့ လိဒ်ဆိုလိုတွေဟာ စမ်းချောင်းလေးတစ်ခု တိုးတိုးညင်ညင်လေး စီးဆင်းလာသလို စိမ်းမြငြိမ်းအေးနေတတ်တာ။မမဟန်နီတို့ညီအစ်မနှစ်ယောက်ရဲ့ လွင့်လွင့်မျောမျော ဟာမိုနီသံအောက်မှာ ကျွန် တော်တို့ဟာ မူးရီမိန်းမောနေတတ်တာ။

အဲဒီ သီချင်းလေး ပြီးဆုံးသွားလို့  လူစုခွဲကြပြီဆိုရင် ဒေါနလမ်းလေးဟာ သစ်ရွက်ကြွေတချို့နဲ့ ... ညမွှေးပန်းရနံ့ တဝေဝေနဲ့  ငေးရီလွမ်းဆွတ်ပြီး ကျန်‌နေရစ်ခဲ့တာ။

အဖြစ်တွေရော အပျက်တွေရော အားလုံးဟာ ဟိုဖက်နှစ်တွေထဲမှာတိတ်ဆိတ်ကျန်ရစ်ခဲ့ပြီ။ ဒေါနလမ်းရဲ့  ညချမ်းချိန်ခါထဲမှာ ပါဝင်ခဲ့တဲ့ ကိုအောင်ထွန်း၊ ကိုတင်အေး၊ ခြင်္သေ့၊ ကိုဟာနိပု၊ ကိုခင်ညိုနဲ့ ကိုခင်လတ်တို့ဟာသံသရာခရီးရှည်ကြီးထဲကို တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ပြီ။ မမဟန်နီတို့ ညီအစ်မနှစ်ယောက်ဟာလည်း အဝေးတစ်နေရာမှာ မတော်တဆမှုတစ်ခုနဲ့ တိမ်းပါးသွားခဲ့ပြီ။ မူးမူးတစ်ယောက်ကတော့ ရာဇဝင်ထဲက သူ့ရဲ့ မြို့ကလေးဆီပြန်သွားခဲ့လိုက်တာ အခုချိန်အထိ  ကျွန်တော်တို့ဆီပြန်ပြီး ရောက်မလာသေး။ နှစ်ပေါင်းသုံးဆယ်ကျော်ကြာမြင့် သွားခဲ့ပြီ။

အဲဒီအာရုံခံစားမှုတွေကပဲ အိပ်မပျော်တဲ့ညတွေထဲမှာ ဒေါနလမ်းကလေးဆီ  စိတ်ဟာ ညွှတ်ညွှတ်သွားတတ်တာ။

စောမောင်ကျားကိုတော့ မြို့ကလေးထဲမှာ ဖြိုးခနဲ ဖျပ်ခနဲ လေးငါးခါလောက် မြင်လိုက် တွေ့လိုက်ရသေး။ နောက်ပိုင်းတော့ သူလည်းပဲ ရန်ကုန်ဘက်က နှစ်ခြင်းအသင်းတော်တစ်ခုမှာ ဖာသာဆိုလား ဖြစ်သွားခဲ့တာ။တစ်ခါတစ်ခါမှာ အင်းလျားလိတ်ကခေါ်ရင် ပီယာနို သွား သွားတီးပေးတတ်တာ။ နောက်တော့ သူလည်းပဲ ခရစ်တော်ထံမှာ ငြိမ်းချမ်းစွာနဲ့  အိပ်ပျော်သွားခဲ့တာ။ ဒီလိုနဲ့ပဲ ရှည်လျားသောအတိတ်ရှိခဲ့တဲ့ ချစ်သူခင်သူများရဲ့ဘဝတွေဟာ အကြောင်းကြောင်းသောာအကြောင်းတွေကြောင့် တိုတောင်းပြတ်တောက်ခဲ့ရတာ။ ဒီလိုနဲ့ပဲ ဒေါနလမ်းထိပ်က ကျွန်တော်တို့ရဲ့ " ညချမ်းချိန်ခါ "ဟာလည်း  ခေတ်ကြီးထဲကနေ ပြီးဆုံးသွားမှန်းမသိ ပြီး ဆုံးသွားခဲ့ရတာ။

သူဟာ မုန်တိုင်းရောက်မလာခင်အထိ ကိုအောင်ထွန်းတို့၊ ကိုတင်အေးတို့၊ ခြင်္သေ့တို့၊ ကိုဟာနိပုတို့နဲ့အတူ ဒေါနလမ်းထိပ်ရဲ့ညချမ်းချိန်ခါထဲမှာ  လက်တွဲမပျက်ရှိနေခဲ့တဲ့လူ။ ကိုအောင်ထွန်းနဲ့ ကိုတင်အေးတို့ရဲ့ နောက် ဆုံးခရီးမှာလည်း သူကိုယ်တိုင် လိုက်ပါပို့ဆောင်လျက်သားနဲ့ အခုချိန်မှာတော့ သူ့ရဲ့ အာရုံတွေဟာ ထွေပြားဝေဝါးသွားခဲ့ပြီ။ ဘာပဲပြောပြော ဒေါနလမ်းဟာ သူ့ရဲ့ အစွဲအလမ်း။ ဒေါနလမ်းထိပ်လေးက ညချမ်းချိန်ခါဟာ သူ့ရဲ့ ဘဝထဲမှာ ဘယ်သောအခါမှ မေ့ပျောက်လို့ရမှာမဟုတ်တဲ့အစိတ်အပိုင်းတစ်ခု။

ခြေတရွတ်ဆွဲပြီး သွားရည်တွေ စီးကျမျှင်တန်းနေတဲ့ ကိုဇော်ကြီးကို တွေ့လိုက်ရတဲ့နေ့က စိတ်ဟာ တအားကိုထိခိုက်ကြေကွဲခဲ့ရ။ အဲဒီနေ့က အတူပါလာတဲ့ သူ့သားလေးနဲ့အတူ မဉ္ဇူလမ်းထဲကို ‌  ချိုးကွေ့ပျောက်ကွယ်သွားတဲ့အထိ သူ့ရဲ့ ကျောပြင်လေးကို ကျွန်တော်ဟာ ငေးရီကြည့်နေခဲ့မိ။
အဲဒီညက တစ်ညလုံးလိုလို အာရုံဟာ ဒေါနလမ်းလေးဆီမှာ လွင့်လွင့်မူးမူး။
လိပ်ပြာဟာ မရှိတော့တဲ့လူတွေအပါးမှာ လူးလွန့်ဝဲပျံလို့။

မမဟန်နီ ဂစ်တာကို လွယ်ပြီး Love you More than i can say ကို ဆိုလိုက်ရင် သူ့ကိုယ်ခန္ဓာ အနွဲ့အယိမ်းအောက်မှာ သူမရဲ့ ပျားရည်ရောင်ဆံနွယ်မျှင်တွေဟာ ဖွားကနဲ ပြန့်ကြဲလွင့်ဖွာသွားတတ်တာ။ ကိုဇော်ကြီးဟာ သိပ်ပြီးလွင့်လာခဲ့ရင် တစ်ခါတစ်ခါမှာ မောင့်လပြည့်ဝန်းကို ထ ထဆိုတတ်တာ။ "ဒီလူသားရဲ့သစ္စာ ကမ္ဘာတည်သရွေ့ပါပဲ "  စကားလုံးတွေရဲ့ အဆုံးမှာ တိုးတိတ်နေတဲ့ သူ့ရဲ့အသံလေးဟာ ဆို့နင့်တိမ်ဝင်သွားခဲ့တာ။

ခြင်္သေ့ကတော့ ထုံးစံအတိုင်း မျက်ရည်လေးစမ်းစမ်းစမ်းစမ်းနဲ့ အမုန်းခွန်အားပေးသနားပါတို့၊ ပန်းစိုက်သမားတို့လို မြန်မာသံလေးတွေကို ကြေကြေကွဲကွဲ ဆိုလေ့ရှိတာ။ ကိုဟာနိပုကတော့ ဆာယိုနာရာသီချင်းလေးကိုအသံကုန်ဟစ်နေရင်းနဲ့ အတီးပိုဒ်လေးဝင်လာရင် ကနွဲ့ကလျနဲ့ ထ ထ ကတတ်တာ။

အရှေ့တိုင်း Western cowboy ကားဖြစ်တဲ့ The fighting fists of shanghai joe ဇာတ်ကားထဲက အဖွင့်တီ းလုံးကို တီးခတ်ရင် စောမောင်ကျားဟာ ဂစ်တာအိုးပေါ် လက်ချောင်းလေးတွေနဲ့ တဒေါက်ဒေါက်ခေါက်ပြီး မြင်းပြေးသံ ဖန်တီး‌ပေးရုံမက တစ်ချက်တစ်ချက်မှာ  မြင်းတစ်ကောင်လို ဝင် ဝင်ပြီး ဟီတတ်တာ။ ကိုအောင်ထွန်းရဲ့ ညမွှေးပန်းဝင်ချလာပြီဆိုရင်တော့ ဒေါနလမ်း‌လေးသာမက အိပ်ပျော်နေတဲ့မြို့ကလေးတောင် ထုံယစ်လာတဲ့ ညမွှေးပန်းအောက်မှာ တဆတ်ဆတ်နဲ့ ဆူပွက်တုန်ရီသွားတတ်တာ။

ဒေါနလမ်း‌လေးကို လွမ်းသွားတော့လည်း ဒေါနလမ်းလေးနဲ့ ဆက်စပ်နေတဲ့ မဉ္ဇူလမ်းထဲက အုတ်ခုံ‌ဟောင်းလေးနဲ့ ကိုအောင်ထွန်းတို့အိမ်ရှေ့က တရုတ်စံကားပင်‌လေးတွေကလည်း လွမ်းစရာ။ လရောင်အောက်မှာ ကွေးကွေးလေး ခွေနေတဲ့ ရထားလမ်းဟောင်းလေးကလည်း လွမ်းစရာ။ မနက် အစောပိုင်းတွေမှာ အချိန်မှန်မှန်ဆွဲတတ်တဲ့  ရေနံချက်စက်ရုံထဲက ဆွေးဆွေးမြည့်မြည့် ဥဩသံ‌လေးကလည်း လွမ်းစရာ။ တိုးရီနွမ်းမောတဲ့အမှောင်ရိပ်အောက်က နေ့ဆင်းညပြန် စက်ရုံအလုပ်သမားကြီးတွေရဲ့  တဖျတ်ဖျတ်ခြေသံဟာလည်း လွမ်းစရာ။ အလင်းလဲ့လဲ့ မီးရောင်လေး ဟိုတစ်‌ပြောက် ဒီတစ်ပြောက်နဲ့ ကျွန်တော်နေခဲ့ဖူးတဲ့ ဆင်းရဲသားရပ်ကွက်လေးကလည်း လွမ်းစရာ။

     ပြီး...မရှိတော့တဲ့ လူတွေကို နှစ်ပေါင်းများစွာ လိုက်လံရှာ‌ဖွေနေခဲ့တဲ့ ကိုဇော်ကြီးရဲ့ ရီဝေဝေမျက်လုံးများ.........

                         (  လေး )

      " တစ်ယောက်ယောက်တော့ တွေ့လိမ့်မယ်လို့ ထင်နေခဲ့တာ "

       သူ့ရဲ့နှုတ်ဖျားက ဗလုံးဗထွေးနဲ့ မပီမသထွက်ကျလာတဲ့ စကား‌လေးတစ်ခွန်း။

ကျွန်တော့်ကိုတွေ့တဲ့အချိန်မှာ အဲဒီစကားလေးတစ်ခွန်းကိုပဲ ‌ခြောက်ကြိမ်ခုနှစ်ကြိမ်လောက် သူဟာ ထပ် တလဲလဲနဲ့ ပြောနေခဲ့တာ။အကောင်းကျန်သေးတဲ့ လက်တစ်ဖက်နဲ့ ကျွန်တော့်ပခုံးစွန်းကို ဆုပ်ကိုင်ခါရမ်းရင်း ဝမ်းနည်းပက်လက်နဲ့  ရှိုက်ကြီးတငင်  ငိုချလိုက်တာ။ သူ ငိုကြွေးနေတဲ့အချိန်မှာလေဖြတ်ထားတဲ့ လက်တစ်ဖက်ဟာ ကျိုးပြီးတွဲလောင်းကျနေတဲ့ သစ်ကိုင်းတစ်ကိုင်းလို တန်းလန်း တန်းလန်းနဲ့လှုပ်ရမ်းနေခဲ့တာ။ ကောင်းနေသေးတဲ့ လက်လေးတစ်ဖက်နဲ့ ဂစ်တာတီးချင်‌‌နေသေးကြောင်း တိုးတိုးတိမ်တိမ် အသံလေးနဲ့ ပြောပြနေခဲ့တာ။

ဆယ်စုနှစ် သုံးနှစ်လောက် အဆက်ပြတ်ခဲ့တဲ့ ကျွန်တော်နဲ့သူနဲ့ကြားမှာ ပြောချင်တာတွေ အများကြီးရှိနေမှာ အသေအချာ။ အတူပါလာတဲ့ သူ့သားလေးက‌တော့ သူ့ခေါင်းကို လက်ညိုးထိုးပြပြီး ခေါင်းမကောင်းတော့ဘူးလို့ ပြောလေတော့ ကျွန်တော့်မှာစိတ်ထိခိုက်ရပြန်ပါတယ်။ သူ့ရဲ့အာရုံမှာ အမှတ်အသားတွေသာ လွင့်ရှပျောက်ဆုံးကုန်တာ။ မနက်မိုးလင်းလာတာနဲ့  မဉ္ဇူလမ်းနဲ့ ဒေါနလမ်းထိပ်ကို ‌‌ခြေသံတရှပ်ရှပ်နဲ့ ရောက်ရှိလာခဲ့ပြီ။

လမ်းထိပ်ရောက်ရင် ဟိုငေးဒီငေးနဲ့ အချိန်‌အတော်ကြာအောင် ရပ်တန့်ငေးမောလို့။
ပြီးရင် အနီးအနားမှာရှိတဲ့ နွေဦးကန့်ကော် လက်ဖက်ရည်ဆိုင်လေးထဲကို ဝင်ထိုင်။ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်လောက်တုန်းက ဟောဒီနေရာလေးမှာ ဖြစ်တည်စုဖွဲ့ခဲ့ဖူးတဲ့ ညချမ်းချိန်ခါဂစ်တာဝိုင်းလေးမှာ သူဟာ ဘေ့စ်ဂစ်တာ တီးခဲ့တဲ့ လူတစ်ယောက်ဖြစ်ကြောင်း ဘယ်သူကများ သိနိုင်ပါဦးမလဲ။

       ဒီလိုနဲ့ပဲ သူဟာ  တရွတ်ဆွဲပြီး လေးလံရှပ်တိုက်နေတဲ့ ‌ခြေထောက်တစ်‌ချောင်းနဲ့။ အေးစက်ထုံကျဉ်ပြီး တိုးလို့တန်းလန်းကျနေတဲ့ လက်တစ်ဖက်နဲ့။ လူတိုင်း နားမလည်နိုင်တဲ့ ဘာသာစကားတစ်ခုနဲ့။မိုးလင်းတာနဲ့ ဒေါနလမ်းထိပ်ကို ရောက်ရှိလာခဲ့ပြီ။
      ဒီလိုနဲ့ပဲ .................
      နောက်တစ်နေ့ နံနက်မှာ သူနဲ့ တွေ့ဖို့ အချိန်းအချက်လုပ်ထားတဲ့ နွေဦးကန့်ကော်လက်ဖက် ရည်ဆိုင်လေးကို ခပ်စောစောရောက်အောင် ကျွန်တော်ထွက်လာခဲ့တယ်။
လက်ဖက်ရည်ဆိုင်လေးကို လာရင်းနဲ့  မနေ့တုန်းက သူဆုပ်ကိုင်ထားခဲ့တဲ့ ကျွန်တော့်လက်ကလေးကို မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပေးပြီး လမ်းခွဲသွားတာကိုကျွန်တော်ဟာ အမှတ်ရနေမိတာ။

       နွေဦးကန့်ကော်  အဝင်အဝမှာ  အစောပိုင်းက ကြွေကျထားတဲ့ ကန့်ကော်ပွင့်လွှာပွင့်ဖတ်တချို့ဟာ ဖြူဖြူလွလွ သင်းသင်းရီရီ။
       ဆိုင်လေးထဲကို ရောက်တယ်ဆိုရင်ပဲ မျှော်လင့်မထားတဲ့ သတင်းစကားတစ်ခွန်းဟာ ကျွန်တော့်ဆီကို တုန်တုန်ရီရီနဲ့ ‌ရောက်ရှိလာခဲ့ပေါ့။

  "ကိုဇော်ကြီးတစ်ယောက် ညကဆုံးသွားပြီ"

                                          နိုင် ဝင်း သီ
                                       ၁၉ ၊ ၉ ၊ ၂၀၁၉
                                       ည  ၉နာရီ  ၂၉