Breaking News

ချစ်ဦးညိုနှင့်မောင်မိုးသူ

မောင်စွမ်းရည်၊ ချစ်ဦးညို၊ ၂၀၁၇ အမေရိကန်စာပေပွဲ


ချစ်ဦးညိုနှင့်မောင်မိုးသူ 

(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၉

(၂၀၁၉ ဖေဖော်ဝါရီလ က ရေးခဲ့သည့်စာ) မြန်မာပြည်မှာ အလွန်ထင်ရှားပြီး စာတွေလည်းအများကြီးရေးနိုင်တဲ့ ဟောပြောပွဲတွေလည်း မြန်မာ ပြည်တနံတလျားသာမက နိုင်ငံခြားတွေအထိလိုက်လံဟောပြောလေ့ရှိတဲ့ ညီငယ်လိုချစ်ရတဲ့ ချစ်ဦးညို တစ် ယောက် မတော်တဆကားတိုက်မှုဖြစ်ပြီး ဆေးရုံတက်ရတဲ့သတင်းဖတ်ရ သိရပါတယ်၊ ဆေးရုံကဆင်းပြီး သူ့ အိမ်ပြန်ရောက်နေတဲ့သတင်းလည်းကြားရပါတယ်။ ဒါပေမယ့် တော်တော်နဲ့မောင်မိုးသူမရောက်ဖြစ်ပါဘူး။

 ဖေဖော်ဝါရီလ ၉ရက်စနေနေ့မှာတော့ ပဉ္စဂံစာအုပ်တိုက်က အောင်သူရဲ့ ကျေးဇူးနဲ့ အတော်အတန် နလံထူ နေပြီ ဖြစ်တဲ့ ချစ်ဦးညိုရဲ့အိမ်ကို အောင်သူ၊ မြဝင်း(ဒဿန)၊ ဇင်ဇင်နှင့်မောင်မိုးသူတို့ သွားရောက်သတင်းမေး သွား ကြပါတယ်၊ မသွားခင်က တော်ဝင်နှင်းဆီမှာ လေးဦးသားထိုင်နေကြပြီး ချစ်ဦးညိုထံဖုန်းဆက်၊ မင်းစားဖို့ ဘာ ဝယ်ခဲ့ရမလဲဆိုတော့ ရွှေတောင်ခေါက်ဆွဲ ၃ ပွဲလောက်ဝယ်ခဲ့ပါဆိုလို့ ရွှေတောင်ခေါက်ဆွဲ ၃ပွဲနှင့်အတူ ချစ်ဦးညို နေထိုင်ရာ အရှေ့ဒဂုန်ကိုသွားရပါတယ်၊ သူ့အိမ်ရောက်တော့ ပထမထပ်မှာနေတဲ့သူ့အခန်းကို တုတ်ကောက် ကိုင်ထားတဲ့ မောင်မိုးသူအတော်ကြိုစားတက်ရပါတယ်၊ ပြီးတော့မှ အိပ်ရာထဲမှာ ပက်လပ်ဖြစ်နေတဲ့ ချစ်ဦးညိုက အကျိုးလေးရှိရာကို အကျိုးကြီးကလာမေးတာပေါ့ ဟုကြုံတုန်းလေးစပါတယ်၊ သူ့အခန်းမှာ သူ့ဇနီးနဲ့လည်းတွေ့ ရပါတယ်၊
တကယ်တော့ ချစ်ဦးညိုဟာ ဘကြီးမိုးထက်ငယ်ပါတယ်၊ ချစ်ဦးညိုဟာ ဆရာရွှေဒေါင်းညိုရဲ့သားဖြစ် ပါတယ်၊ ဘကြီးမိုးတို့တတွေက ရွှေဒေါင်းညိုရဲ့ညီငယ်ကမွေးတဲ့ ချစ်ဦးညိုရဲ့အမ အမာစိန်ကို ပိုးခဲ့ပန်းခဲ့ကြတဲ့ သူတွေဖြစ်တယ်လို့ ချစ်ဦးညိုကအမြဲတန်း စပါတယ်၊ ဘကြီးမိုးရဲ့ သူငယ်ချင်းဖြစ်တဲ့ တင်မိုးကဆိုရင် ချစ်ဦးညို ကို ချစ်ဦးညီလို့တောင်ခေါ်ပြီးစလေ့ရှိပါတယ်၊ တကယ်တော့ စမယ့်သာစတာပါ တကယ်တန်းတော့ တင်မိုးတို့ ဘကြီးမိုးတို့ဟာ အမာစိန်ကို ပိုးနိုင်ပန်းနိုင်ခွင့်ရှိသူများမဟုတ်ပါ၊ အမာစိန်ကိုပိုးပန်းမယ့်သူက တင်မိုးတို့ ဘကြီး မိုးတို့ရဲ့ဆရာဖြစ်တဲ့ တက္ကသိုလ်ဝင်းက ပိုးပန်းခဲ့သူဖြစ်ပါတယ်၊ မန္တလေးတက္ကသိုလ်ကျောင်းသားခေါင်းဆောင် ဖြစ်တဲ့မောင်မိုးသူဟာ တက္ကသိုလ်ကျောင်းရဲ့ ပွဲတစ်ပွဲမှာ တက္ကသိုလ်အမာစိန်ဘွဲ့စလွယ်ကို ပေးအပ်တဲ့အခမ်း အနားတစ်ခုပြုလုပ်ခဲ့ပါတယ်။ တကယ်တန်း အမာကို ပိုးပန်းတဲ့ မန်းတက္ကသိုလ်ကလောင်ရှင်အသင်း ဥက္ကဌဖြစ်တဲ့ တက္ကသိုလ်ဝင်းက စလွယ်ပေးအပ်ရမှာဖြစ်ပြီးတော့ သူကိုယ်တိုင်မပေးအပ်ရဲလို့ ဂွတီးဂွကျနိုင်တဲ့ တင်မိုးကို ပေးအပ်ခိ်ုင်းလို့ စင်ပေါ်မှာ စလွယ်တောင် အချိုးကျအောင် ချိတ်မပေးနိုင်တဲ့ တင်မိုးခင်ဗျာမှာ အမာစိန်ကပဲ စလွယ်ကိုယူပြီး သူ့ပါသူချိတ်ခဲ့ဖူးတဲ့ အဖြစ်ပျက်လေးကလည်း အမှတ်ရစရာပါပဲ၊ 

တက္ကသိုလ် ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ချိန်က မောင်မိုးသူ မအမာနဲ့အိမ်ထောင်ပြုပါတယ်၊ မောင်မိုးသူ အိမ်ထောင်ပြု တဲ့လက်ထပ်ပွဲမှာ မောင်မိုးသူတို့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ ပိုးကြပန်းကြရတဲ့ အမာစိန်ရော နွဲ့နွဲ့စန်းပါ ငှားရမယ်ဆိုပြီးတောင်းဆိုကြပါတယ်၊ မောင်မိုးသူလည်း နှစ်ယောက်စလုံးကိုငှားပြီး မင်္ဂလာဆောင် တဲ့နေ့ပွဲမှာ နွဲ့နွဲ့စန့်နဲ့ ဂီတလုလင်အဖွဲ့တို့ကို ဧည့်ခံစေပြီး အမာစိန်ကိုတော့ ညပွဲအဖြစ်ငှားရမ်းခဲ့ရဖူးပါတယ်၊ အဲဒီလို အဲဒီလိုကြောင့် ကိုတင်မိုးက ချစ်ဦးညိုကို ချစ်ဦးညီလို့ နောက်ပြောင်ခေါ်လေ့ရှိတာဖြစ်ပါတယ်၊
ချစ်ဦးညိုဟာ မြန်မာပြည်ရဲ့ အထင်ရှားဆုံး သမိုင်းနောက်ခံဝတ္ထုများရေးသားဖူးပြီးဖြစ်ရုံမက ပင်ကိုယ်ဝတ္ထုများလည်း အများကြီးရေးသာခဲ့ပါတယ်၊ သူ့ရဲ့ဝတ္ထတွေကိုလည်း ရုပ်ရှင်တော်တော်များများ ရိုက်ကူးခဲ့ကြပါတယ်၊ မောင်မိုးသူ ကလျာမဂဇင်းမှာ အယ်ဒီတာ တာဝန်ယူခဲ့စဉ်ကာလက ချစ်ဦးညိုတို့ သူ့သူငယ်ချင်းများဖြစ်တဲ့ မောင်ဝဏ္ဏ၊ သုမောင်၊ မင်းလူတို့ပါ ကလျာမဂဇင်းတွင် ပင်တိုင်စာရေးဆရာ များအဖြစ်ပါဝင်ခဲ့ပါတယ်၊
၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပေါ်လာတော့ မောင်သော်က၊ ဦးဝင်းတင်နှင့်မောင်မိုးသူ တို့ တတွေဟာ စာနယ်ဇင်းအဖွဲ့ဆိုပြီး အရေးတော်ပုံတပ်သားများအဖြစ်ပါဝင်ခဲ့ပါတယ်၊ ဒီနောက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဖွဲ့စည်းရာမှာပါဝင်ခဲ့ကြပြီး မောင်မိုးသူလည်း ထောင်ထဲကို နှစ်ကြိမ်လောက်ရောက်ခဲ့ပြီး စာပေလောကနှင့်ရော ချစ်ဦးညိုနှင့်ပါအဆက်အသွယ်ပြတ်သွားခဲ့ပါတယ်၊ ဒါပေမယ့်လည်းဒါပေမယ့်ပေါ့လေ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးဖို့ ဖြစ်လာလေတော့ ချစ်ဦးညို၊ ငြိမ်းမင်းနဲ့ ကြည်စိုးထွန်းတို့ကို ဇာတ်ညွန်းရေးသားဖို့ တာဝန်ပေးရာ ပြန်လည်တွေ့ဆုံရပြန်ပါတယ်၊
အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့ မောင်မိုးသူက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးအဖွဲ့မှာ မပါဝင်နိုင်တော့ပါ၊ အဲဒီလိုနဲ့ ချစ်ဦးညိုနဲ့ အဆက်အသွယ်ပြတ်သွားပေမယ့် သူ့ဝတ္ထုတွေ သူ့စာတွေလည်းဖတ်ရ သူ့ဟောပြောချက်များကိုလည်း မောင်မိုးသူနားထောင်ဖြစ်ခဲ့ပါတယ်၊ မနှစ်က ချစ်ဦးညိုနဲ့အော်ပီကျယ်တို့ဟာ မောင်မိုးသူရဲ့ သားကြီးမောင်ပန်းသီးရှိရာ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုကို ဟောပြောပွဲသွားဖြစ်ကြလို့ မောင်ပန်းသီးနဲ့ တွေ့ဆုံခဲ့ရကြောင်း သိရပါတယ်၊ အဲဒီကပြန်လာပြီးနောက် ချစ်ဦးညို ကားမတော်တဆတိုက် မှုဖြစ်ပါတယ်၊ သူဆေးရုံတက်ရကြောင်းကြားပါတယ်၊ သူဆေးရုံကဆင်းပြီး အိမ်ရောက်ကြောင်းလည်းသိပါ တယ်၊ ဒါပေမယ့်လိုက်ပို့နိုင်သူမရှိသေးတာကြောင့် ဖေဖော်ဝါရီ ၉ရက်နေ့ကမှ ရွှေတောင်ခေါက်ဆွဲ ၃ထုပ်နဲ့ အောင်သူ၊ မြဝင်း(ဒဿန)နှင့်ဇင်ဇင်တို့ လေးဦး ချစ်ဦးညိုအိမ်ကို သတင်းမေးရောက်ရှိပါတယ်။

 မြဝင်း(ဒဿန) ဆိုတာ ပြည်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ဆရာကြီးအဖြစ် ပင်စင်ယူခဲ့ပြီး အခုပြည်မှာ အောင်သူတို့နှင့်အတူ နေထိုင်နေသူဖြစ်ပြီး ရန်ကုန်မှာအတူရောက်ခိုက် ချစ်ဦးညိုထံသွားကြဖို့ ဆုံးဖြတ်ဖြစ်ကြတာပါ၊ မြဝင်း(ဒဿန) ကလည်း မောင်မိုးသူတို့မန္တလေးတက္ကသိုလ်ကျောင်းထွက်ပဲဖြစ်ပါတယ်၊ မောင်မိုးသူထက်တော့ ငယ်တာပေါ့ လေ၊ ချစ်ဦးညိုရဲ့အိပ်ရာနံဘေးမှာ မောင်မိုးသူတို့တတွေစကားဝိုင်းကောင်းနေကြသည်၊ မြဝင်း(ဒဿန)နှင့်ချစ်ဦးညိုတို့ဟာ အတူတွဲပြီး လုပ်ဆောင်ခဲ့ဖူးတာတွေရှိခဲ့ကြဖူးပုံရပါတယ်၊ နှစ်ယောက်စလုံးက ဒဿနဗေဒ ဆရာတွေပဲကို၊
ချစ်ဦးညိုဆီကို တကူးတကန့် နောက်တစ်ကြောင်းကလည်းရှိပါသေးတယ်၊ မောင်မိုးသူရဲ့မိတ်ဆွေ ဦးမိုးဟိန်း ဒေါ်နေတို့သမီး မသန္တာက မြန်မာစာပေရေးသားဖတ်ရှုရာမှာ အလွန်ဝါသနာကြီးပါတယ်၊ ချစ်ဦးညိုရဲ့စာတွေကို ဖတ်ရှုပြီး အင်္ဂလိပ်လိုပြန်ဆိုကာ ထုတ်ဝေချင်တဲ့အကြောင်းစကားစပ်မိပါတယ်၊ အဲဒီတော့ ပဉ္စဂံတိုက်က အောင်သူကလည်း ထုတ်မယ်ပေါ့၊ ပြီးတော့ မောင်မိုးသူ က ချစ်ဦးညိုရဲ့ထင်ရှားလှတဲ့ လင်ကာဒီပချစ်သူ ရုပ်ပြကို အရင်ပြန်ကြည့်ပါလား လို့တိုက်တွန်းပါတယ်၊ တိုက်တွန်းတော့ မသန္တာက ပြန်ဆိုဖို့ သဘောတူပြီး ပြန်ဆိုဖြစ်ပါတယ်၊ မောင်မိုးသူ တိုက်တွန်းလို့ ပြန်ဆိုဖြစ်လေတော့ မောင်မိုးသူတာဝန်ကတော့ ကာယကံရှင်ဖြစ်တဲ့ ချစ်ဦးညိုထံခွင့်တောင်းဖို့ ရုပ်ပြရေးဆွဲတဲ့ ပန်းချီဝဿုန်တို့ရဲ့မိသားစုထံ ခွင့်ပြုချက်တောင်းဖို့ တာဝန်ရှိလာတော့တာပေါ့၊ 

ဒါနဲ့ တနေ့တော့ အောင်သူကိုပဲ ချောဆွဲပြီး ပန်းချီဝဿုန်တို့အိမ်သွားပါတယ်၊ ပန်းချီဝဿုန်ရဲ့ ဇနီးနဲ့သမီးကိုတွေ့ဆုံရပါတယ်၊ အဲဒီမှာ ရယ်စရာကောင်းတဲ့ အဖြစ်ပျက်လေးတခုပြော ဖြစ်ပါတယ်၊ အဲဒါကတော့ ဝဿုန်မကွယ်လွန်ခင်က မောင်မိုးသူရဲ့ ပုံတူပန်းချီကားတစ်ချပ်ရေးဆွဲဖို့ ဇီဝက ကိုနိုင်ကြီးကအပ်ပါတယ်၊ အဲဒီတော့ ဝဿုန်က သူ့မိန်းမနဲ့သမီးကိုပြောသတဲ့ မဖြစ်ဖူး ငါ့ရဲ့အကိုမောင်မိုးသူက အတော်ကြီးနေပြီး အဲ့တော့ သူ့ပုံကို သူမကွယ်လွန်မီမှာ ငါရေးမှဖြစ်မယ်လို့ ကြိုးစားပန်းစားရေးဆွဲဖြစ်သွားပါ တယ်၊ တကယ်တန်းကျတော့ အဆွဲခံတဲ့ မောင်မိုးသူက မကွယ်လွန်ပဲ ပန်းချီရေးဆွဲသူ ဝဿုန်က ကွယ်လွန် သွားရှာတဲ့အကြောင်း သူ့ဇနီးနဲ့ သူ့သမီးက ရယ်စရာအဖြစ်နဲ့ပြောပြပါတယ်၊ သူ့အဖေဝဿုန်နဲ့ တစ်သက်လုံး ပေါင်းခဲ့သင်းခဲ့ အတူစားခဲ့သောက်ခဲ့တဲ့ မောင်မိုးသူကို ဝဿုန်ဇနီးနဲ့ သမီးတို့ကလည်း တွေ့ဆုံရတဲ့အခါမှာ အလွန်ပျော်ရွှင်ပြီး လိုက်လံဧည့်ခံမှုတွေလည်းပြုလုပ်ခဲ့ကြပါသေးတယ်၊ ဝဿုန်မရှိတော့ပေမယ့် သူတို့အိမ် ကိုလည်း ဝင်ပါထွက်ပါလာပါပေါ့၊ ဝဿုန်သမီးကလည်း အိမ်ထောင်ကျနေပါပြီး၊ သူ့အမျိုးသားနဲ့ဆုံခဲ့ရပါတယ်၊ ဝဿုန်တို့အိမ်ကိုသွားတော့ ဝဿုန်သူငယ်ချင်း ပန်းချီဆရာတင်ထွန်းလည်း အတူလိုက်ပါခဲ့ပါသေးတယ်၊
ယခုချစ်ဦးညိုဆီကို လာရောက်တွေ့ဆုံချိန်မှာတော့ လိုက်လံပို့ဆောင်သူကတော့ အောင်သူပဲဖြစ်ပြီး ချစ်ဦးညိုနဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မြဝင်(ဒဿန) ပါဝင်နေတာကလည်း တိုက်ဆိုင်မှုတခုပေလားလို့ အောက်မေ့ရပါတယ်၊
ချစ်ဦးညို ရဲ့စာအုပ်တွေထဲမှာ မောင်မိုးသူပထမဆုံးစပြီးစွဲလန်းမိတာကတော့ မွန်သူရဲကောင်း လဂွန်းအိမ်ရဲ့ ဇာတ်ကြောင်းကိုရေးဖွဲ့ထားတဲ့စာအုပ်ပဲဖြစ်ပါတယ်၊ အဲဒီအချိန်မှာ ထူးထူးခြားလက်ရာကောင်းတဲ့ ပင်ကိ်ုယ်ရေးစာရေးဆရာနှစ်ယောက်ရှိပါတ်ယ၊ တစ်ဦးကတော့ ချစ်ဦးညိုဖြစ်ပါတယ်၊ နောက်တစ်ဦးကတော့ မိုးမိုးအင်းလျားပဲဖြစ်ပါတယ်၊ သူတို့နှစ်ဦးရဲ့ ပင်ကိုယ်ရေးဝတ္ထုတွေကိုဖတ်ရပြီးတဲ့နောက် မြန်မာဝတ္ထုလောကမှာ ပင်ကိုယ်ရေး စာရေးဆရာကောင်းနှစ်ဦးပေါ်ပေါက်လာပြီလို့ အသိမှတ်ပြုပြီး သူတို့ကိုလိုက်ရှာနှုတ်ဆက်ပြီး မောင်မိုးသူချီးကျူးစကားပြောခဲ့ဖူးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မောင်မိုးသူကိုယ်တိ်ုင်က ပင်ကိ်ုယ်ဝတ္ထုများ ရေးသားနိ်ုင်သူမဟုတ်တဲ့အတွက် နိ်ုင်ငံခြားဝတ္ထုများကိုသာ ဘာသာပြန်ဆိုနိုင်သူတစ်ဦးဖြစ်လို့ပါပဲ၊ ကိုယ်တိ်ုင်က မရေးနိုင်သူဖြစ်လေတော့ ပင်ကိုယ်ရေးနိုင်သူများထွက်ပေါ်လာလို့ ကြိတ်ပြီးအားကျချီးကျူးခဲ့တယ်၊ အဲဒီလိုချီး ကျူးထိုက်တဲ့တစ်ဥိီးကတော့ ချစ်ဦးညိုပဲဖြစ်ပါတယ်၊
ချစ်ဦးညိုနှင့်အတူ စကားလက်ဆုံကျပြောဆိုခဲ့ကြပြီးနောက် ချစ်ဦးညိုရဲ့ဇနီးကိုနှုတ်ဆက်ပြီး တုတ် ကောက်တစ်ချောင်းနဲ့မောင်မိုးသူ လှေကားသုံးထစ်ချိုးကို တုတ်ကောက်တဖက် အောင်သူတဖက်ဆင်းပြီးတော့ အရှေ့ဒဂုန်ကနေ အိမ်ကိုပြန်ခဲ့ရပါတယ်၊ အိမ်ပေါက်ဝလှေကားရင်းမှာ စောင့်ကြိုနေရတဲ့ အိမ်အဖော်မဝေက မောင်မိုးသူကို သိပ်လယ်တာပဲလို့အပြစ်တင်ပါတယ်၊ ဘာပဲပြောပြောနေထိ်ုင်မကောင်းဖြစ်နေတဲ့ ချစ်ဦးညိုဆီကို မရောက်ရောက်အောင် လိုက်ပို့ရှာတဲ့ အောင်သူနဲ့ ဇင်ဇင်ကိုရော အဖော်လိုက်ပေးတဲ့ မြဝင်း(ဒဿန)ကိုလည်း ကျေးဇူးတင်နေမိပါတယ်၊