Breaking News

မောင်လူပေ - အချိုးပြောင်းလာတဲ့ သမ္မတထရန့်



မောင်လူပေ - အချိုးပြောင်းလာတဲ့ သမ္မတထရန့်

(မိုုုုုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၉

မလိမ္မာသူကို လိမ္မာအောင် ဆုံးမရတာ ဓမ္မတာ။ အဆုံးအမခံယူပြီး ပြောင်းလဲလာရင်ကြိုဆိုကြရမှာလည်း အမှန်တရားပါ။

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီးထရန့်လည်း အမေရိကန် အောက်လွှတ်တော်က တရားစွဲဖို့ဆုံးဖြတ်ပြီးတဲ့နောက် ရက်အနည်းငယ်အတွင်း အချိုးပြောင်းလဲလာခဲ့တယ်။ အထင်ရှားဆုံးတွေ့ရတာကတော့ ဗဟိုအစိုးရရပ်ဆိုင်းမှုကို ရှောင်ရှားတဲ့အနေနဲ့ ပါတီနှစ်ရပ်လုံးသဘောတူထားတဲ့ အမေရိကန်ဒေါ်လာ(၁.၄)ထရီလီယံဖိုးရှိ အစိုးရအသုံးစားရိတ်ငွေစာရင်းဥပဒေကို အငြင်းမပွားတော့ပဲ လက်မှတ်ထိုးပေးလိုက်ပါတယ်။

မနှစ်ကတော့ ဒီငွေစာရင်း လက်မှတ်ထိုးဖို့ကိစ္စမှာ အောက်လွှတ်တော်နဲ့ အတော်လေးအငြင်းအခုန် ဖြစ်ခဲ့ဖူးတယ်။ မက္ကဆီကိုနယ်စပ် တံတိုင်းဆောက်ဖို့အတွက် သူတောင်းသလောက်ငွေကို လွှတ်တော်က မပေးလို့ဆိုပြီး လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အကြာဆုံးသော ဗဟိုအစိုးရရပ်ဆိုင်းမှုနဲ့ ကြုံခဲ့ရတယ်။ ငါသမ္မတမို့ ငါတောင်းတာမရရင် လက်မခံဖူး၊ ငါပြောတာလက်မခံရင် ရန်သူ စတဲ့ အာဏာရှင်အပြုအမူတွေနဲ့ လွှတ်တော်ကိုပါ ရန်တွေ့ခဲ့တယ်။ အခုတော့ လွှတ်တော်က ဆုံးဖြတ်ပြီးပေးသမျှကိုသာ လက်ခံလိုက်တဲ့သဘောပါပဲ။ နယ်ခြားတံတိုင်းဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ(၈.၆)ဘီလီယံတောင်းခံခဲ့ပေမဲ့ လွှတ်တော်က (၁.၄)ဘီလီယံဒေါ်လာသာ ခွင့်ပြုခဲ့ပါတယ်။ ၁၆%သာ ခွင့်ပြုတဲ့သဘောမျိုးပေါ့။

ဒီဥပဒေမှာ နောက်ထပ်ထူးခြားမှုကတော့ ရှေးရိုးစွဲရီဗာပလီကင်အမတ်တွေတောက်လျှောက် ပယ်ချခဲ့ကြတဲ့ သေနတ်အကြမ်းဖက်မှုကို လေ့လာစောင့်ကြည့်ရေးအတွက် အမေရိကန်ဒေါ်လာ(၂၅)သန်း ပါဝင်လာတယ်။ အများပြည်သူစုဝေးရာနေရာတွေမှာ သေနတ်ပစ်ခတ်မှုတွေ နှစ်စဉ်တိုးပွားလာတဲ့အတွက် လွှတ်တော်က ဒီကိစ္စကို လေ့လာဖို့ တင်ပြခဲ့ပေမဲ့ အပိုသုံးငွေဆိုပြီး သမ္မတဖက်က ပယ်ချလေ့ရှိခဲ့တယ်။

နောက်ထပ်ထူးခြားမှုကတော့ အမေရိကန်ပြည်ထောင်စုအတွင်း ဆေးလိပ်နဲ့ဆေးရွက်ကြီးပစ္စည်းများ တရားဝင်ရောင်းဝယ်မှုကို အသက်(၂၁)နှစ်နှင့်အထက်အထိ တိုးမြှင့်ခဲ့ခြင်းပါ။ အရင်က(၁၈)နှစ်သာ သတ်မှတ်ခဲ့တယ်။ အခုတော့ ဘီယာ၊အရက်၊ ဆေးလိပ်တို့ကို အသက်(၂၁)နှစ်အောက် လူငယ်တွေ တရားဝင် ဝယ်ယူသုံးစွဲခွင့် မရှိတော့ပါဘူး။

ပြီးခဲ့တဲ့သောကြာနေ့ကပဲ အမေရိကန်ပြည်ထောင်စုရဲ့ပထမဆုံး အာကာသတပ်မတော်တည်ထောင်ဖို့အတွက် အမေရိကန်ဒေါ်လာ (၇၃၈)ဘီလီယံသုံးစွဲမဲ့ ဥပဒေတစ်ခုကို သမ္မတထရန့်က လက်မှတ်ထိုးခဲ့ပါသေးတယ်။ အသုံးစားရိတ်တွေ တိုးချဲ့လိုက်တာ မနည်းပါဘူး။ အဲဒီငွေတွေ ဘယ်ကရမယ် ထင်ပါသလဲ။ ထုံးစံအတိုင်းပေါ့ခင်ဗျာ။ မလောက်ရင် ချေးငွေပေ့ါ။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ အကြွေးအထူဆုံးနိုင်ငံများစာရင်းမှာ နံပါတ်(၁)ဖြစ်ပါတယ်။ အကြွေးစုစုပေါင်း အမေရိကန်ဒေါ်လာ(၂၃)ထရီလီယံ ရှိပါသတဲ့။

ဟုတ်ကဲ့။ အမေရိကန်သမ္မတကြီးကို ဆုံးမလိုက်တာ လွှတ်တော်ပါ။ လွှတ်တော်ဆိုတာ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံ၊ ပြည်သူ့ကိုယ်စားလှယ်။ သူနားလည်စပြုလာပြီ ထင်ပါရဲ့။ ကျွန်တော်တို့ မြန်မာပြည်ကြီးမှာလည်း လွှတ်တော်က ဆုံးမပေးသင့်တဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ရှိနေပါတယ်။ သူတို့ကိုလည်း လွှတ်တော်က ဆုံးမပေးသင့်ပါတယ်။ ခက်တာက အဲဒီအဖွဲ့အစည်းက လွှတ်တော်ထဲအထိ ရောက်ရှိနေတာ။သူတို့ကိုဆုံးမမဲ့ လွှတ်တော်မှာ သူတို့ကိုယ်တိုင်ချယ်လှယ်ခွင့် ရရှိနေတာ။ ဒီ(၂၀၀၈)ခြေဥကြီးကို မပြင်နိုင်သရွှေ့ မြန်မာပြည်မှာ လွှတ်တော်ရဲ့အခန်းဂဏ္ဍက ထင်သလောက် ဆုံးမနိုင်ဦးမယ်မထင်။


ချစ်တဲ့
မောင်လူပေ