Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၃)


 ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၃)

(မိုးမခ) ဒီဇင်ဘာ ၂၄ ၂၀၁၉


(၃) မိုးယံသိမ့်သိမ့်.. ပွဲခြိမ့်ခြိမ့်

မြတောင်တိုက်ပတ်လည်မှာ လွင့်နေအောင်ထောင်ထားတဲ့ အလံတွေနဲ့ ကံဆောင်ပွဲ ဆိုတဲ့ စကားကြောင့်လား။

ကံဆောင်ပွဲလုပ်ပြီးရင် ဒီလို အကျိုးဆက်တွေ ဖြစ်လာတတ်တယ်ဆိုတဲ့သဘောကို တက်ခဲ့သမျှ အစိုးရအကြိုက် သံဃာတွေကို နှိပ်ကွပ်တဲ့ ဥပဒေအမျိုးမျိုး ထုတ်ပေးခဲ့တဲ့ ပညာတတ် လူမိုက်ကြီး ဘုန်းကြီး လူထွက် သာသနာရေးဌာနညွှန်ကြားရေးမှူး (နောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အဘိဓမ္မာဆရာဆိုသူ) ဦးအံ့မောင်တို့တွေက စစ်အစိုးရကို ရှင်းပြ မထားလို့ပဲလား။

"ကံဆောင်တဲ့ ကိစ္စဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာ၊ ဒီကိုယ်တော်တွေ ဘယ်လောက်စွမ်းလို့လဲ" လို့ တွေးပြီး မန္တလေးက ဆရာတော်ကြီးတွေကို ဥပေက္ခာပြုပြီး လွှတ်ပေးလိုက်လို့လား။

အခမ်းအနား ကြွလာတဲ့ သံဃာတွေကပဲ သိမ်သိမ် မွေ့မွေ့ ကြွလာကြလို့လား မသိဘူး၊ မြို့ပေါ်မှာ ကျင်းပတဲ့ (၅)နေရာလုံး အတားဆီးခံရတယ်လို့ မကြားခဲ့ဘူး။

အခမ်းအနားကို (၂)ပါး တစ်တွဲ၊ (၃)ပါး တစ်တွဲ၊ တချို့လဲ အုပ်စုလိုက် ခပ်စောစော ကြွ လာကြတယ်။ ကြိုဆိုရေးနဲ့ နေရာချထားရေးတာဝန် ယူထားသူတွေကလဲ လက်အုပ် ကလေးတွေ ချီပြီး ကြိုဆိုကြ၊ သတင်းနဲ့ ပြန်ကြားရေးတာဝန် ယူထားသူတွေကလဲ မှတ် တမ်းမှတ်ရာယူ၊ လက်မှတ်ထိုးတွေ တောင်းခံကြ၊ လုံခြုံရေးတာဝန် ကျသူတွေကလဲ ဝင်ပေါက် ထွက်ပေါက် အသီးသီးတွေမှာ နေရာယူပေး ထားကြတာ အတော်ကြီးကို
စနစ်တကျ ရှိတယ် ပြောရမယ်။

အခမ်းအနားကြွလာကြတဲ့ထဲက သက်ရွယ်ရင့်ပြီး ပညာတင့်တဲ့ဆရာတော်တွေဖြစ် ကြတဲ့ ဦးနာဂိန္ဒာဘိဝံသ( မြတောင်)၊ ဦးသဒ္ဓမ္မသီရိ( စိန်ပန်း ဓမ္မိကာရုံ)နဲ့ သံဃာငယ်ထဲက ဦးဉာဏိက(မစိုးရိမ်တိုက်သစ်၊ ယခုအစိုးရဓမ္မာစရိယစာမေးပွဲ၊ စာစစ်အဖွဲ့ ဥက္ကဋ္ဌ ) ဆရာ တော်(၃)ပါးကို သဘာပတိအဖြစ် တင်မြှောက်ခဲ့ကြတယ်။

အခမ်းအနားအစီအစဉ်တွေ ကြေငြာအပြီး အခမ်းအနားမှူးအဖြစ်ဆောင်ရွက်သူ မန္တလေး သံဃသာမဂ္ဂီအဖွဲ့ တွဲဖက် အတွင်းရေးမှူး ဦးလာဘ (ယခု ဥုံဖွ)က "ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ဘုရား၊ ဒီအခမ်းအနားနဲ့ပတ်သက်သက်ပြီး လျှောက်ထားလိုပါတယ်ဘုရား။ ဒီပတ္တနိက္ကဇ္ဇနကံဆောင်ပွဲဆိုတာ ဘာသာရေးအခမ်းအနားပွဲ ဖြစ်တဲ့အတွက်ကြောင့် ဒီပွဲမှာ နိုင်ငံရေးစကား လုံးဝ လုံးဝ ပြောခွင့် မပြုပါဘူး ဘုရား။ ဒါပေမယ့် ဒီပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲကြီး ဖြစ်လာရတဲ့ အကြောင်းရင်းကိုက" အစိုးရနဲ့ အာဏာ၊ အာဏာနဲ့ ဖိနှိပ်ချုပ်ခြယ်မှု၊ ဖိနှိပ်ချုပ်ခြယ်ခံရမှုနဲ့ ပြည်သူ၊ ပြည်သူနဲ့ ကျောင်းသား၊ ကျောင်းသားနဲ့ သံဃာ၊ သံဃာနဲ့ အမှန်တရားလိုလားမှု၊ အမှန်တရားလိုလားမှုနဲ့ ရှစ်လေးလုံးအရေးတော်ပုံ၊ ရှစ်လေးလုံးအရေးတော်ပုံနဲ့ နှစ်ပတ်လည်ဆွမ်းလောင်းပွဲ၊ နှစ်ပတ်လည် ဆွမ်းလောင်းပွဲနဲ့ ဘာသာရေးစော်ကားမှုကြီးဆိုပြီး ပဋိစ္စသမုပ္ပါဒ်လည်နေတဲ့အတွက်ကြောင့် ဘာသာရေးအကြောင်း ဆွေးနွေးဟောပြောတဲ့နေရာမှာ နိုင်ငံရေးစကားလုံးလေးတွေ ပါကောင်း ပါသွားပါလိမ့်မယ်။ အကယ်၍ နိုင်ငံရေးစကားလုံးလေးတွေ ပါသွားခဲ့သည်ရှိသော် ငါးပိနှိုက်ရင်း လောက်ပါလာတဲ့သဘော၊ ရေခပ်ရင်း ငါးပါလာတဲ့ သဘောလို့ မှတ်တော်မူကြပါဘုရား "လို့ စကားကို အဖွင့်အပိတ်နဲ့ ပြောလိုက်ချိန်မှာ အားလုံးက "ဟာ " ကနဲ ဖြစ်ပြီး လက်ခုပ်တွေ ထတီးကြလို့ " သာဓုလောက် လုပ်ကြပါဘုရား "လို့ ပြောခဲ့ရတာကို ပြန်သတိရမိတယ်။

အစီအစဥ် ​ြေကငြာနေချိန်မှာ သာသနာရေးဌာနကလူကြီးတွေ မြတောင်တိုက်ရဲ့ အပေါက်ဝမှာ ရောက်လာပြီး တံခါးပေါက်မှာ တာဝန်ချထားတဲ့ ဦးဇင်းလေးတွေကို အထဲမှာ ဝင်ပြီး လေ့လာပါရစေဆိုပြီး တောင်းဆိုသတဲ့။ တာဝန်ကျ ဦးဇင်းလေးတွေ က " ဒါ..သံဃာတွေချည်း ကံဆောင်တဲ့ပွဲ၊ လူပုဂ္ဂိုလ်တွေကို လုံးဝ ဝင်ခွင့် မပေးဘူး။ ဝင်လို့ မရဘူး။ လေ့လာချင်တယ်ဆိုရင် ဒီအပေါက်ဝကနေပဲ နားထောင်ပြီး လေ့လာ။ ဦးဇင်းတို့လဲ
ဒီကပဲ နားထောင်နေတာ" ဆိုပြီး ပြောလိုက်ကြလို့ အပေါက်ဝကနေပဲ နားထောင် နေကြသတဲ့။

ပထမဦးဆုံး သဘာပတိဆရာတော် ဦးဉာဏိကအလှည့်မှာတော့ နေဝင်းစစ်တပ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းစစ်တပ်အကြောင်းကို " ဗမာ့တပ်မတော်ဆိုတာကို ဒို့ဘုန်းကြီးတွေ သရုပ်ခွဲသလို ခွဲပြရရင် ဗိုလ်ချုပ်အောင်ဆန်းတပ်မတော်နဲ့ နေဝင်း တပ်မတော်ဆိုပြီး(၂)မျိုး ခွဲရလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းတပ်မတော်က ပြည်သူ
လုထုရဲ့အကျိုးကို ထိခိုက်နစ်နာစေတယ်ဆိုရင် သူ့အမိန့် ဖြစ်ပါစေ၊ လိုက်နာစရာ မလိုပဲ ခွင့်ပြုပေးခွင့်ရှိတယ်လို့ ပြောပြသွားပြီး၊ နေဝင်းစစ်တပ်ကတော့ သူ့အာဏာ၊ သူ့စည်းစိမ်နဲ့ပတ်သက်ပြီး နှောင့်ယှက် ထိပါး ဟန့်တားလာသူမှန်သမျှကို ရဟန်း ရှင် လူမရွေး၊ ကလေး လူကြီးမရွေး အပြတ်ရှင်းပြီး ချေမှုန်းရမယ်။ အထက်အမိန့်မှန်သမျှကို တိတိကျကျ လိုက်နာဆောင်ရွက်ရမယ်လို့ ညွှန်းကြားတတ်တဲ့တပ်မတော်
မျိုး ဖြစ်တယ် "ဆိုပြီး သရုပ်ခွဲပြသွားတယ်။

စာပေကျမ်းဂန်နှံ့စပ်ပြီး သမိုင်းကြောင်းတွေ နိုင်နင်းတဲ့ သဘာပတိဆရာတော် ဦးသဒ္ဓမ္မသီရိအလှည့်မှာတော့ " နောင်တော် ညီတော်များဘုရား..အခုလုပ်တဲ့ကံ  ဆောင်ပွဲဆိုတာကို အရှင်ဘုရားတို့ တစ်သက်၊ တပည့်တော်များ တစ်သက်မှာ ကြုံ ဘို့ အတော်ကြီးကို ခဲယဉ်းတယ်ဘုရာ့။ မှတ်မှတ်ရရပြောရရင် ဘုရားရှင်လက်ထက်တော်မှာ ဝဍ္ဎလိစ္ဆဝီမင်းသားက အရှင်ဒဗ္ဗကို ကျူးလွန်ခြင်း မရှိပဲ ပါရာဇိကနဲ့ စွပ်စွဲလို့ သံဃာတွေ စုပြီး သပိတ်မှောက်ခဲ့ကြတာ တစ်ကြိမ်၊ နောက်..အင်းဝခေတ်မှာ ပညာဂုဏ်မောက်ပြီး ရဟန်းသံဃာတွေကို စော်စော်ကားကားနဲ့ ဆက်ဆံလို့ ခုံတော်မောင်ကျဘမ်းကို ရှင်ဥတ္တမကျော်ဦးဆောင်တဲ့ သံဃာတွေက သပိတ်မှောက် ခဲ့ကြတာ တစ်ကြိမ်၊ ဒီနှစ်ကြိမ်ပဲ ရှိသေးတယ်ဘုရာ့။

ဘယ်လို အကြောင်းအချက်တွေနဲ့ ညိစွန်းရင် သပိတ်မှောက်သင့်သလဲဆိုတော့
၁။ ဘိက္ခူနံ အလာဘာယ ပရိသက္ကတ - ရဟန်းသံဃာတွေ လာဘ် လာဘ မရအောင် လုပ်မယ်။
၂။ ဘိက္ခူနံ အဝါသာယ ပရိသက္ကတိ - ရဟန်းသံဃာတွေ နေရာ မရအောင် လုပ်မယ်။
၃။ ဘိက္ခူနံ အနတ္ထာယ ပရိသက္ကတိ - ရဟန်းသံဃာတွေကို အကျိုးမဲ့အောင် လုပ်မယ်။
၄။ ဘိက္ခူနံ အက္ကောသတိ ပရိဘာသတိ - ရဟန်းသံဃာတွေကို ဆဲရေး တိုင်းထွာမယ်၊ ခြိမ်းခြောက်မယ်။
၅။ ဘိက္ခူ ဘိက္ခူဟိ ဘေဒေတိ - ရဟန်းသံဃာတွေကို သင်းကွဲအောင် လုပ်မယ်။
၆။ ဗုဒ္ဓဿ အဝဏ္ဏံ ဘာသတိ - ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးမဲ့ကို ဆိုမယ်။
၇။ ဓမ္မဿ အဝဏ္ဏံ ဘာသတိ - တရားတော်ရဲ့ ကျေးဇူးမဲ့ကို ဆိုမယ်။
၈။ သံဃဿ အဝဏ္ဏံ ဘာသတိ - သံဃာတော်တွေရဲ့ ကျေးဇူးမဲ့ကို ဆိုမယ်။
ကဲ...နောင်တော်ညီတော်တို့ မကြာခင်ရက်ပိုင်းက ဖြစ်သွားတဲ့ ဘာသာရေးစော်ကားမှုကြီးဟာ ဖော်ပြပါအချက်တွေနဲ့ မညီဘူးလား၊ ညီတယ်။ အေး..ညီတယ်ဆိုရင် အစီအ စဉ်ကျတဲ့အချိန်မှာ ကံဆောင်ပြီး သပိတ်မှောက်ကြမယ်။ မှောက်ပြီးရင်လဲ ဒေသနာ တော်မှာ လာတဲ့အတိုင်း တိတိကျကျ လိုက်နာပြီး လက်နက်ကိုင်စစ်အစိုးရတစ်ဖွဲ့လုံး ရဲ့ သာရေးနာရေးမှန်သမျှကို သပိတ်မှောက် ဖြတ်တောက်ကြမယ်။

ညီစေနော်  - ညီမယ်။
ညီစေနော်  - ညီမယ်။
ညီစေနော်  - ညီမယ်။

ဥုံဖွ