Breaking News

မာဖီးယားနှင့်ပေါ်ပီပန်းဝတ္ထုနှင့်မောင်မိုးသူ



မာဖီးယားနှင့်ပေါ်ပီပန်းဝတ္ထုနှင့်မောင်မိုးသူ

(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၉

မာဖီးယားနှင့်ပေါ်ပီပန်းဝတ္ထုဟာ စာရေးဆရာ ရောဘတ် WILDER ရဲ့ဝတ္ထု FRUITS OF THE POPPY ဝတ္ထုဖြစ်ပါတယ်၊ ဒီဝတ္ထုကို မောင်မိုးသူ ဘာသာပြန်စဉ်အခါက ဘဝတက္ကသိုလ်စာပေတိုက်မှာ မောင်ပေါ်ထွန်းနှင့်မောင်မိုးသူ တို့ ပင်တိုင်ဘာသာပြန်လုံးချင်းဝတ္ထုတွေကိုဘာသာပြန်နေတဲ့အချိန်ဖြစ်ပါတယ်၊ အဲဒီအချိန်က ဘဝတက္ကသိုလ် ကိုနေဝင်းကလည်း ၃၇လမ်းမှာစာအုပ်အငှားဆိုင်တစ်ဆိုင်ဖွင့်ထားလျက်ရှိ ပါတယ်၊ မောင်မိုးသူနှင့်မောင်ပေါ်ထွန်းတို့ဟာ ညနေ ညနေ ကိုနေဝင်းထံမှ ပိုက်ဆံထုတ်ပြီး အရက်ဆိုင်သွား အရက်သောက်ဖြစ်ကြပါတယ်၊ ဘဝတက္ကသိုလ်ကိုနေဝင်းက စာအုပ်ထုတ်ဝေရာမှာ အင်မတန်လေးလေးစားစား သပ်သပ်ရပ်ရပ် ထုတ်ဝေသူဖြစ်လေတော့ မောင်မိုးသူတို့နှစ်ယောက်ကို ဘာသာပြန်နိုင်သမျှ စာအုပ်တွေကို သူထုတ်ပါ့မယ်၊ တခြားတိုက်တစ်တိုက်ကို မပေးစေချင်ပါဘူး၊ ဒါပေမယ်လည်းအကြောင်းတိုက်ဆိုင်မှုတစ်ခု ကဖြစ်ပေါ်လာပါတယ်၊ 

မောင်မိုးသူတို့တက္ကသိုလ်ကျောင်းသားခေါင်းဆောင်ခေတ်မှာ မောင်မိုးသူတို့ထက် စီနီယာကျတဲ့ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအောင်ပန်းဆိုတာရှိပါတယ်၊ သူက လှည်းတန်းမှာနေ ပါတယ်၊ တညနေတော့ ကိုအောင်ပန်းက မောင်မိုးသူကို သူ့အိမ်မှာဖိတ်ပြီး အရက်တိုက်ပါတယ်၊ ပြီးတော့ သူ့သားနှင့်မိတ်ဆက်ပေးပါတယ်။ သူ့သားက အောင်စာပေတိုက်ဆိုပြီး စာအုပ်တိုက်တစ်တိုက်ထောင်ပါတယ်။ အဲဒီ အောင်စာပေတိုက်မှာ မောင်မိုးသူကိုဘာသာပြန်စာအုပ်တစ်အုပ်ရေးသားပေးဖို့ တောင်းဆိုပါတယ်၊ မောင်မိုးသူလည်း ကိုအောင်ပန်းကို အားနာတဲ့အတွက် သူ့သားရဲ့ အောင်စာပေတိုက်အတွက် စာအုပ်တစ် အုပ်ဘာသာပြန်ပေးဖို့ လက်ခံခဲ့ပါတယ်၊ အဲဒီစာအုပ်ကတော့ ယခုစာအုပ် မာဖီးယားနှင့်ပေါ်ပီပန်းဝတ္ထုဖြစ်ပါ တယ်၊ 

မာဖီးယားနှင့်ပေါ်ပီပန်းဝတ္ထုဟာ အမေရိကန်နိုင်ငံမှာ မာဖီးယားဂိုဏ်းတို့ကြီးစိုးချိန် ဘိန်းဖြူများ ဖြန့်ချိ ရောင်းချတဲ့အကြောင်းကို ဖွဲ့ဆိုထားတာဖြစ်ပါတယ်၊ အဲဒီဝတ္ထုကို မောင်မိုးသူဖတ်ပြီး ကြိုက်ပြီး ဘာသာပြန်ဖြစ် ရတဲ့အကြောင်းကတော့ ဘိန်းဖြူရဲ့ အင်မတိအင်မတန်ဆိုးဝါးတဲ့ မူးယစ်ဆေးအန္တရယ်ကို အပြည့်အဝဖော် ကြူးထားတာဖြစ်လို့ပါပဲ၊ အဲဒီအချိန်က မောင်မိုးသူတို့တိုင်းပြည်မှာ ယခုခေတ်လို ဘိန်ဖြူတို့ ဆေးပြားအစရှိတဲ့ မူးယစ်ဆေးဝါးများပြန့်နှံ့ရောင်းဝယ်ခြင်းမရှိကြသေးပါဘူး၊ 

ဒါပေမယ့်ပေါ်ပီဝတ္ထုကိုဖတ်လိုက်တော့ မူးယစ်ဂိုဏ်း ရာဇာကြီးတစ်ယောက်မှာ မယားအချောအလှလေးတစ်ယောက်ရှိပါတယ်၊ ပြီးနောက် ဂိုဏ်းရာဇာ ကြီးမှာ စာရင်းကိုင်တစ်ယောက်လည်းရှိပါတယ်။ အဲဒီစာရင်းကိုင်က မူးယစ်ရာဇာကြီးရဲ့ အမွေများကို ဘုန်းပြီး မီးရထား နှင့်ခရီးထွက်ပါတယ်။ အဲဒီရထားပေါ်မှာ စောစောကပြောတဲ့ မူးယစ်ရာဇာကြီးရဲ့ မယားချောလေးတစ်ယောက် ပါပါတယ်။ မယားချောကလေးက ငွေတွေဘုန်းလာတဲ့ စာရင်းကိုင်ဆီက ပိုက်ဆံတွေကို ငွေညှစ်တောင်းပါတယ်၊ အဲဒီရထားပေါ်မှာပဲ မူးယစ်ရာဇာကြီးတို့ဂိုဏ်းကို ဖမ်းဆီးဖို့တာဝန်ကျတဲ့ စုံထောက်တစ်ယောက်လည်းပါလာ ပါတယ်၊ မူးယစ်ရာဇာကြီးရဲ့ စာရင်းကိုင်ဟာ ရဲစုံထောက်ကိုတွေ့မြင်၍ ထိတ်လန့်ပြီး ရထားပေါ်ကဆင်းပြေး ပါတယ်၊ ရဲစုံထောက်က လိုက်လံဖမ်းဆီးပြီး တရားရုံးတင်ဖို့စီစဉ်နိုင်ခဲ့ပါ တယ်၊ 

စာရင်းကိုင်ထံမှ ငွေများတဆင့်ဘုန်းယူတဲ့ မယားချောလေးကို ဂိုဏ်းရာဇာကြီးက ဖမ်းမိသွားပါတယ်။ ဂိုဏ်းရာဇာကြီးဟာ ဖမ်းဆီးပြီးတော့ မယားချောလေးကို အိမ်တစ်အိမ်မှဖမ်းဆီးချုပ်နှောင်ပြီး တကယ်ကောင်း မွန်တဲ့ မူးယစ်ဆေးဝါးများစနစ်တကျ သူနာပြုဆရာမကြီးနှင့် တဆင့်ပြီးတဆင့် ဆေးစွဲသည်အထိ ဆေးထိုးပေး ပါတယ်၊ ဆေးစွဲပြီး မူးယစ်ဆေးမရရင် မနေနိုင်တော့သည့်အဖြစ်ကိုရောက်တဲ့အခါကျမှ အဲ့မယားချောလေးကို ငွေအနည်းငယ်ပေးပြီး မြို့အစွန်တနေ ရာမှာ လွှတ်ပေးလိုက်တာဖြစ်ပါတယ်၊ ဆေးစွဲနေပြီဖြစ်တဲ့မယားချောလေး ဟာ ရှိစုမဲ့စုပိုက်ဆံလေးနဲ့ ဘိန်းဖြူ အပေါစားရောင်းဝယ်ဖောက်ကားတဲ့ လူတစ်ဦးထံမှာ သွားရောက်ဝယ်ယူဖို့ကြိုးစားတဲ့အချိန်မှာ ရဲအရာရှိက အသေးစားမူးယစ်ရောင်းဝယ်သူကိုလည်းဖမ်း၊ မူးယစ်ဆေးစွဲနေတဲ့ မယားချောလေးကိုလည်း ကယ်တင်ပြီး နောက် မူးယစ်ဆေးဖြတ်တဲ့ ဆေးရုံတစ်ခုကိုတင်ပို့နိုင်ခဲ့ပါတယ်၊ တချိန်ထဲမှာ အဲဒီလို ပက်ပက်စက်စက် ခိုင်းစေခဲ့တဲ့ မူးယစ်ရာဇာကို ဖမ်းဆီးဖို့ ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်၊

အဲဒီလိုဖမ်းဆီးတဲ့ ရဲစုံထောက်ဟာ မူးယစ်ဆေးဝါးများကိုဖော်ထုတ်ဖို့ မက္ကဆီကိုနယ်ထဲမှာ ရုပ်ဖျက်ပြီး မူးယစ်ဆေးရောင်းဝယ်သူများအဖြစ်ဖန်ဆင်းပြီး မူးယစ်ဆေးဂိုဏ်ကို ဖမ်းဆီးနေရသူတစ်ဦးဖြစ်ပါတယ်၊ သူဟာ အဲဒီဇနီးလေးကိုကယ်တင်ပြီးဆေးဖြတ်စခန်းကိုပို့ပြီးတဲ့နောက် မူးယစ်ဂိုဏ်းရာဇာကိုဖမ်းဆီးဖို့ ကြိုးစားတော့ တာပါပဲ၊

ဒီဝတ္ထုကိုဘာသာပြန်စဉ်က မြန်မာနိုင်ငံမှာ မူးယစ်ဆေးရဲ့အန္တရယ်ဟာ ယခုလောက်ကြီးကျယ်ပြန့်နှံ့ခြင်း မရှိသေးပါ၊ ဒါပေမယ့် ဝတ္ထုဇာတ်လမ်းအရ မူးယစ်ဆေးရဲ့ အန္တရာယ်ဟာ ဘယ်လောက်ဘယ်ရွေ့ဘယ်မျှ ကြီးမားသည့် အန္တရယ်ကြီးနှင့်တကွ မူးယစ်ဂိုဏ်းများရဲ့ ဖြန့်ချိတဲ့ မူးယစ်ဂိုဏ်းကွန်ရက်ကြီးဟာ အလွန်ကြီးမား ကျယ်ပြန့်ကြောင်း သိရှိခဲ့ရတဲ့အတွက် အဲဒီဝတ္ထုကို မောင်မိုးသူ ကြိုးစားပြန်ဆိုပြီး ဘဝတက္ကသိုလ်ကိိုနေဝင်းက သဘောမတူသည့်တိုင် အောင်စာပေတိုက်အတွက် မောင်မိုးသူပြန်ဆိုပေးခဲ့ခြင်းဖြစ်ပါတယ်၊ 

မာဖီးယားနှင့် ပေါ်ပီပန်းဝတ္ထုကို အောင်စာပေတိုက်မှ ပထမအကြိမ် (ဘယ်နှစ်ခုနှစ်လဲမမှတ်မိတော့)ထုတ်ဝေဖြန့်ချိခဲ့ပြီးသည့် နောက် နှစ်အတန်ကြာတဲ့အခါ ဒုတိယအကြိမ်ထုတ်ဖို့ တခြားတိုက်တစ်တိုက်မှ ထုတ်ဝေဖြန့်ချိဖြစ်ခဲ့ပါတယ်၊ လွန်ခဲ့တဲ့ ၂နှစ်ကျော်ကာလကပါ၊ ရန်ကုန်လမ်းမများစာပေမှ တတိယအကြိမ်အဖြစ် ထုတ်ဝေဖြန့်ချိခဲ့ခြင်းဖြစ် ပါတယ်၊ 

တတိယအကြိမ်ထုတ်ဝေဖြန့်ချိရာမှာ ပထမအကြိမ်အမှာစာရဲ့အဆုံးမှာ မြန်မာနိုင်ငံအတွင်း မူးယစ် ဆေးအန္တရယ်မှ ကင်းဝေးပါစေကြောင်း ဆုတောင်းပြီးပြန်ဆိုခဲ့သည့်နည်းတူ ယခုမြန်မာနိုင်ငံတွင် မူးယစ်ဆေး အန္တရယ်မှာ အလွန်ပဲကြီးမားကျယ်ပြန့်နေပြီဖြစ်ပါတယ်။ မူလက မြန်မာနိုင်ငံရဲ့ ရွှေတြိဂံနယ်မြေမှာ ဘိန်းပင်များ စိုက်ပျိုးပြီး ဘိန်းဖြူများထုတ်လုပ်ကာ ကမ္ဘာအရပ်ရပ်သို့ဖြန့်ချိရောင်းချကာကျော်ကြားခဲ့ပါတယ်၊ ဘယ်လောက် ကျော်ကြားသလဲဆိုရင် မြန်မာနိုင်ငံရွှေတြိဂံဒေသရဲ့ ဘိန်းပင်များစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုစံချိန်မှာ အာဖဂန်နိုင်ငံမှ ပထမဖြစ်ပြီး မြန်မာနိုင်ငံမှ ရွှေတြိဂံဒေသမှာ ဒုတိယအကြီးမားဆုံး ကမ္ဘာ့မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့မှ ထုတ်ပြန်ခြင်းခံခဲ့ရပါတယ်၊

ယခုအခါမှာတော့ ဘိန်းနှင့်ဘိန်းဖြူများထုတ်လုပ်ရုံသာမက ဓါတုပစ္စည်းများနှင့် ဆေးပြားများထုတ်လုပ် တဲ့အဆင့်ထိဖြစ်လာပြီး မြန်မာနိုင်ငံမှ နယ်စပ်ဒေသများမှာ ဆေးပြားများအကြီးအကျယ်ထုတ်လုပ်ပြီး အာရှ တိုက်နိုင်ငံများသို့ဖြန့်ချိရုံသာမက သြစတေးလျနှင့်တကွ ကမ္ဘာ့နိ်ုင်ငံများအထိသို့ ဖြန့်ချိရောင်းချသည်အထိကြီး မားကျယ်ပြန့်လျက်ရှိပါတယ်၊ ယခုအခါ ထုတ်လုပ်လျက်ရှိသည့် ရာဘအပါအဝင်ဆေးပြားများသည် ဓါတုပစ္စည်း များဖြင့် ထုတ်လုပ်ရခြင်းဖြစ်သဖြင့် လွယ်ကူလှသည်။ ဆေးပြားရိုက်ထုတ်သည့်စက်ကလေးများမှာ အဝတ် လျှော်စက်လောက်စက်ကလေးများဖြင့် ထုတ်လုပ်နိုင်စွမ်းရှိကြောင်းသိရပါတယ်၊ ထို့ကြောင့် ဈေးနှုန်းကလည်း ချိုသာပြီး မြန်မာနိုင်ငံပြည်တွင်းနေရာအနှံ့ ဖြန့်ဝေရောင်းချခြင်းများ ပြုလုပ်လျက်ရှိပါတယ်။ 

၄င်းမူးယစ်ဆေး ဝါးများကို ဖားကန့် ကျောက်စိမ်းတူးဖော်သည့်ဒေသများတွင်လည်းကောင်း ရွှေတူးဖော်သည့်ဒေသများတွင် လည်းကောင်း တူးဖော်လုပ်ကိ်ုင်ရသည့် အလုပ်သမားအများစုသည် မူးယစ်ဆေးတို့၏သားကောင်များအဖြစ် သို့ရောက်ရှိခဲ့ပါတယ်၊ ယခုအခါ မူးယစ်ဆေးဝါးတို့၏အန္တရယ်မှာ မြန်မာနိုင်ငံအနှံ့ကျယ်ပြန့်လျက်ရှိပြီး နိုင်ငံတော် အဆင့်မှသည် မူးယစ်အန္တရယ်ကာကွယ်တားဆီးရေး ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်၊ ထိုသို့ချမှတ်ဆောင် ရွက်ရာတွင် ပထမက မူးယစ်ဆေးဖြန့်ချိပြီးတော့ စားသုံးသူများကို ကြီးမားသောပြစ်ဒဏ်များချမှတ်ခဲ့ကြသော် လည်း ယခုအခါတွင် ဖြန့်ချိသူများကိုသာ ပြစ်ဒဏ်ချမှတ်လျက်ရှိပြီး သုံးစွဲမိသူများကို မူးယစ်ဆေးဖြတ်စခန်းများ ဖွင့်ပေးပြီး မူးယစ်ဆေးအန္တရယ်မှကယ်တင်ဖို ကြိုးစားနေကြပြီဖြစ်ပါတယ်၊ 

ယခုအခါ မြန်မာနိုင်ငံမှ ဆေးရုံကြီး တော်တော်များများတွင် ဆေးဖြတ်နေခြင်းများပြုလုပ်နေပြီး မူးယစ်ဆေးသုံးစွဲမိသူလူငယ်များကိုလည်း ဆေးဖြတ်စခန်းများဖွင့်ပေးပြီး ကယ်တင်ဖို့ကြိုးစားနေကြပြီဖြစ်ပါတယ်၊ ဤကဲ့သို့မူးယစ်ဆေးအန္တရယ်မှ ကင်တင် ဖို့ကြိုးစားရာတွင် နိုင်ငံတော်အစိုးရတာဝန်ရှိသူများသာမက မူးယစ်ဆေးစွဲသူကာယကံရှင်များနှင့် သူတို့၏မိသား စု မိဘများပါ အသိစိတ်ဓါတ်များနှင့်ပူးပေါင်းကူညီကြမှသာလျှင် ဒီအန္တရယ်ကြီးမှကယ်တင်နိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်သတင်းဌာနများမှ နေ့စဉ်နှင့်အမျှ လှုံ့ဆော်ပေးနေသည်ကိုတွေ့မြင်နေရပါတယ်၊ မူးယစ်ဆေးဖြတ် စခန်းများကို တော်တော်များများတွင် စတင်ဖွင့်လှစ်ထားပြီးဖြစ်ပြီး ဆက်လက်တိုးချဲ့ဖွင့်လှစ်ဖို့ကြိုးစားလျက်ရှိနေ ပါတယ်၊ 

မူးယစ်ဆေးကို စတင်သုံးစွဲသူများသည် အပေါင်းအသင်းကြောင့်လည်းကောင်း အပျော်အပျက်စတင် သုံးစွဲမိရာမှလည်းကောင်း စွဲလန်းပြိီးသည့်နောက် သူ၏ ပင်ကိုယ်အရည်အသွေးများ ပျက်စီးဆုံးရှုံးသည့်အပြင် သူ့မိဘ သူ့အသိုင်းအဝိုင်းတွင်လည်း ကြီးမားသောအန္တရယ်ကိုကျရောက်စေပါတယ်၊ ၄င်းမူးယစ်ဆေးဝါးသုံးစွဲ သူများ ကျူးလွန်သည့် ရာဇဝတ်ပြစ်မှုများမှာလည်း တိုးပွားလျက်ရှိကြောင်း တွေ့မြင်ကြရပြီး နိုင်ငံတော်အဆင့် မူးယစ်ဆေးဝါး ကာကွယ်ရေး ဖမ်းဆီးကာကွယ်ရေးများကို ပြုလုပ်ရုံသာမက ဆေးစွဲသူများကိုလည်း ဆေးဖြတ် စခန်းများဖွင့်လှစ်ပေးပြီး နိုင်ငံတော်အဆင့် မူးယစ်ဆေးဝါးအန္တရယ်မှ ကင်းဝေးရန်စီမံဆောင်၇ွက်လျက်ရှိ် သည်ကိုတွေ့မြင်နေရပါတယ်၊

ဤသို့ ဤသို့အားဖြင့် မူးယစ်ဆေးဝါး၏ ကြီးမားကျယ်ပြန့်သည့်အန္တရယ်ကို နိုင်ငံတော်အဆင့်နှင့်ပင် ကာကွယ်တားဆီးကြိုးစား ဆေးဖြတ်စခန်းများဖွင့်လှစ်နေကြသည့်အချိန်တွင် လွန်ခဲ့သည့်နှစ် ၅၀ က မူးယစ် ဆေးဝါးအန္တရယ်ကို သတိပေးခေါင်းလောင်းထိုးသံအဖြစ် မာဖီးယားနှင့်ပေါ်ပီပန်းဝတ္ထုကို ဘာသာပြန်ဆို ထုတ်မိသည့်အတွက်လည်း ကျေနပ်ဝမ်းသားမှုများဖြစ်မိကြောင်း ဖော်ပြလိုက်ရပါတယ်၊

စာဖတ်သူများကို အစဉ်လေးစားလျက်
မောင်မိုးသူ