Breaking News

မောင်လူပေ - ၂၀၂၀ ကြွက်နှစ်ဗေဒင်



 မောင်လူပေ - ၂၀၂၀ ကြွက်နှစ်ဗေဒင်

(မိိုးမခ) ဇန်နဝါရီ ၇၊ ၂၀၂၀

မကြာခင်ရောက်လာတော့မဲ့ ဇန်နဝါရီလ(၂၅)ရက်နေ့ဟာ တရုတ်နှစ်သစ်ကူးနေ့ဖြစ်ပြီး ကြွက်နှစ်သစ်ကို ရောက်ပါပြီ။ အဲဒီနေ့ကနေ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့အထိ မွေးဖွားသူအားလုံးဟာ ကြွက်နှစ်မှာ မွေးဖွားသူများ ဖြစ်ကြပါတယ်။

တရုတ်ရိုးရာဗေဒင် စက်ဝိုင်းရဲ့ အကောင်(၁၂)ကောင်မှာ ကြွက်ဟာ ပထမဆုံးအကောင်ဖြစ်တယ်။ ၁၉၁၂၊ ၁၉၂၄၊ ၁၉၃၆၊ ၁၉၄၈၊ ၁၉၆၀၊ ၁၉၇၂၊ ၁၉၈၄၊ ၁၉၉၆၊ ၂၀၀၈ နဲ့ ယခုနှစ် ၂၀၂၀မှာ မွေးဖွားသူတွေဟာ ကြွက်နှစ်သမားတွေပေါ့။ နောက်(၁၂)နှစ်အကြာ ၂၀၃၂မှာ မွေးဖွားမယ့်သူဟာလည်း ကြွက်နှစ်သမား ဖြစ်လာပါမယ်။

ကြွက်ဆိုတော့ ချစ်စရာမကောင်းဘူး၊ နာမည်ဆိုးတယ် ထင်စရာ။ တကယ်တော့ တရုတ်ရိုးရာဗေဒင်ရဲ့ ပထမဆုံးအကောင်ဖြစ်တဲ့ကြွက်ဟာ စိတ်ခွန်အား၊ ဟာသဉာဏ်၊ နိုးနိုးကြားကြား၊ ကောင်းမြတ်မှု၊ လိုက်လျှောညီထွေ နေတတ်မှု၊ ခွန်အား စတဲ့ အချက်အလက်တွေကို ကိုယ်စားပြုတဲ့ အကောင်ဖြစ်တယ်။ ၂၀၂၀ကြွက်ဟာ တရုတ်ရိုးရာ ဓါတ်ငါးပါးအနက် သတ္ထုဓါတ်ကို ရတဲ့ သတ္ထုကြွက်နှစ်လို့ ဆိုတယ်။

ကြွက်နှစ်မွေးသူများအတွက် ကံကောင်းစေသောအရာများကတော့ ဂဏန်းမှာ ၅၊၇၊၉။ အရောင်မှာ အဖြူရောင်၊ အပြာရောင်။ ပန်းမှာ လီလီပန်း၊ African Violet လို့ခေါ်တဲ့ သစ်ခွခရမ်းရောင်ပန်း ။ အရပ်ဒေသမှာ အရှေ့တောင်၊အရှေ့မြောက်နဲ့အနောက်အရပ်။ နေ့စွဲမှာ တရုတ်လတွေရဲ့ ၄၊၈၊၁၃၊၂၂ရက်မြောက်နေ့တွေ ဖြစ်ပြီး နွား၊ နဂါး၊ မြောက်နဲ့ဝက်နှစ်မွေးသူတွေ ဖြစ်တယ်လို့ဆိုတယ်။

ကြွက်နှစ်မွေးသူတွေဟာ သဘာဝအလျှောက် နိုးကြားသူ၊ နားလည်မှုရှိသူ၊ တက်ကြွသူတွေဖြစ်လို့ စီးပွားရေးလုပ်ငန်းရှင်အနေနဲ့ သင့်တော်တယ်။ အဆိုးဆုံးအခြေအနေမှာတောင် အကောင်းဆုံးကို လုပ်နိုင်ကြတယ်။ လူမှုအဖွဲ့အစည်းမှာလည်း အဆင်ပြေအောင် နေထိုင်တတ်သူတွေ ဖြစ်ကြတယ်။ အကောင်းမြင်တတ်တယ်။ ပျော်တတ်တယ်။ ခရီးထွက်ရတာ ကြိုက်တယ်။ စမတ်ကျကျနေတတ်တယ်။ သူတို့ရဲ့ အားနည်းချက်က တခါတခါ ခေါင်းမာတယ်။ ချေးများတတ်တယ်။ သူတပါးကို ယုံလွယ်တတ်တယ်။

ကြွက်နှစ်သမားတွေနဲ့ အိမ်ထောင်ဖက်ဖို့ အသင့်တော်ဆုံးကတော့ နွား၊ နဂါးနဲ့ မျောက်တို့ဖြစ်ကြတယ်။ သူတို့တစ်တွေရဲ့ ဘဝခရီးတွေဟာ အတက်အကျမများပဲ တည်ငြိမ်အေးဆေးမယ်။ ချစ်ခင်စွဲမက်မှုတွေလည်း လျှော့မသွားနိုင်ဘူး။

ကြွက်နှစ်သမားနဲ့ အိမ်ထောင်ဖက်ဖို့ မသင့်တော်ဆုံးကတော့ မြင်းနဲ့ ကြက် နှစ်တို့ဖြစ်တယ်လို့ဆိုတယ်။ အတူတူနေကြရင် တကျက်ကျက်ပဲ။ အနိုင်မခံကြပဲပြောကြမယ်။ သည်းမခံနိုင်ကြဘူး။ ဒီလိုနဲ့ အိမ်ထောင်ရေးမသာယာတဲ့အထိ ဖြစ်လာနိုင်တယ်ဆိုပဲ။


ကြွက်နှစ်မွေးသူများအတွက် ယခုနှစ်၂၀၂၀ဟာ ကံကောင်းမှု၊ ကြွယ်ဝမှုနဲ့ အလုပ်အကိုင်အခြေအနေတိုးတက်မှုတွေ ဖြစ်နိုင်ပါတယ်။ လစာတိုးတာ၊ ရာထူးတိုးတာ၊ ရာထူးတိုးစာမေးပွဲအောင်တာ စတဲ့ အကောင်းတွေ ဖြစ်လာနိုင်တယ်။ တရုတ်ရိုးရာဗေဒင်အရ ကိုယ်မွေးတဲ့အကောင်နှစ်ကို ပြန်ရောက်တိုင်း သတိပြုကြရတာမို့ ကံကောင်းနဲ့ကံဆိုးတွဲနေတတ်ပါတယ်။ ဒါကြောင့် အရာရာကို သတိပြုကြရမဲ့နှစ်လို့ ဆိုတယ်။

ကြွက်နှစ်မှာ မွေးဖွားခဲ့သူ ကမ္ဘာကျော်တွေလအတော်များပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ပထမဆုံးသမ္မတကြီး ဂျော့ချ် ဝါရှင်တန်၊ သမ္မတ ဂျွန် အက်ဖ် ကနေဒီ၊ တေးဂီတပညာရှင်ကြီး မိုးဇက်၊ စာရေးဆရာကြီး ဝီလျှံ ရှိတ်စပီးယား၊ ချားလ်မင်းသား၊ မင်းသားဟယ်ရီတို့ကစပြီး ကင်မရွန်း ဒီယက်၊ ဂျုလော၊ ဂွင်းနက် ပက်ထရို၊ ကက်တီ ပယ်ရီ စတဲ့ ရုပ်ရှင်၊ ဂီတနယ်က နာမည်ကြီးတွေအများအပြားပါပဲ။

အွန်လိုင်းပေါ်က တရုတ်ရိုးရာဗေဒင်တွေ လိုက်ဖတ်ပြီး ဗဟုသုတအနေနဲ့ ရေးလိုက်ပါတယ်။

မကြာမီကြရောက်တော့မဲ့ ၂၀၂၀ ကြွက်နှစ်သစ်မှာ ကျွန်တော်တို့ ပျော်ကြဦးမယ်လေ။

ချစ်တဲ့

မောင်လူပေ