Breaking News

မောင်ရစ် - ၈လေးလုံးအရေးတော်ပုံ (ဝါ) အကြမ်းမဖက်သော တော်လှန်ရေး

မောင်ရစ် - ၈လေးလုံးအရေးတော်ပုံ (ဝါ) အကြမ်းမဖက်သော တော်လှန်ရေး

(မိုးမခအယ်ဒီတာ့လက်ရေး) ဇန်နဝါရီ ၆၊ ၂၀၂၀

၈၈ အရေးတော်ပုံနဲ့ ၈၈ စိတ်ဓာတ်အကြောင်းကို ခဏခဏ စာနဲ့ရေးချပါတယ်။ ၈၈ မျိုးဆက်ဆိုပြီးတော့လည်း ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်မိတယ်။ ၈၈ အရေးတော်ပုံရဲ့ မူလတောင်းဆိုချက်တွေက ဘာတွေလဲဆိုပြီးလည်း ပြန်မှတ်စု ထုတ်တယ်။ ၁၉၈၈ ဩဂုတ်လက စတင်ခဲ့တဲ့ ၈၈၈၈ (ရှစ်လေးလုံး) အရေးတော်ပုံဟာ ခုဆိုရင် ၃၂ နှစ်တောင် ရှိတော့မယ်။ ၈၈ အရေးတော်ပုံထဲကနေ ဖြတ်သန်းကြီးပြင်းခဲ့ကြသူတွေတောင် တတိယအရွယ် (၅၀ ကျော်နှောင်းပိုင်း) ရောက်ကုန်ကြပြီ။ ၈၈ အရေးတော်ပုံကနေ သမိုင်းမှာ ပြောင်းလဲမှုတွေ ဖြစ် ပွားခဲ့ပြီး မြန်မာပြည်ကြီးဟာလည်း ဒီမိုကရေစီအကူးအပြောင်းကာလကို ရောက်ရှိခဲ့ပါပြီ။

၈၈ အရေးတော်ပုံကို ဖြတ်ခဲ့ကြရာမှာ စစ်အုပ်စုဝင်တွေရဲ့ ပိုင်းဖြတ်မှုနဲ့  ဒီမိုကရေစီအုပ်စုဝင်တွေရဲ့ ပိုင်းဖြတ်မှုတွေက မတူညီပါဘူး။ ဒီနေရာမှာလည်း ၈၈ အရေးတော်ပုံကို စိတ်ပျက်အားလျော့တဲ့ ကြားနေအုပ်စုဝင်တွေရဲ့ ပိုင်းဖြတ်မှုကလည်း တမျိုးတဘာသာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်ကိုင်ထားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်အလိုရှိသော အုပ်စုတွေရဲ့ သဘောထားကလည်း သီးသန့်ဖြစ်တယ် ဆိုရမယ်။ 

၈၈ အရေးတော်ပုံ၏ အခြေခံတောင်းဆိုချက်တွေက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေး ဖြစ်ပါတယ်။ ၈၈ စိတ်ဓာတ်ကတော့ ခေတ်အဆက်ဆက်က ခွပ်ဒေါင်းစိတ်ဓာတ်ပေါ့။ ခွပ်ဒေါင်းတွေဆိုတော့ ရရင်ရ မရရင် ချပဲ လို့ အကြမ်းအားဖြင့် ပြောကြမယ်။ ခွပ်ဒေါင်းတွေက ချတယ်ဆိုတာ လမ်းပေါ်တက်ပြီး ချတာ၊ အာဏာဖီဆန်တာ၊ သပိတ်မှောက်တာ၊ အကြမ်းမဖက်သော တော်လှန်ရေးကို ဆင်နွှဲတာ ဖြစ်ပါတယ်။ အကြမ်းမဖက်ဘူးဆိုတာက စစ်အုပ်စုတွေက လက်နက်နဲ့ ပစ်ခတ် ဖမ်းဆီး ပစ်သတ် နှိပ်စက် သတ်ဖြတ် ထောင်ချ အဝေးရောက်အောင်နှင်ထုတ်၊ ဘယ်လိုပဲ စစ်အုပ်စုက အကြမ်းဖက်နေပါစေ တန်ပြန်အကြမ်းဖက်ခြင်း၊ လက်နက်နဲ့ ရန်တုံ့ပြန်ခြင်းမလုပ်ဘဲ ကြံ့ကြံ့ခံပြီး ရင်ကို ကတုတ်လုပ်ပြီး အကြမ်းမဖက်သော တော်လှန်ရေးနဲ့ ရင်ဆိုင်ကြတာ ဖြစ်ပါတယ်။

၈၈ အရေးအခင်းတုန်းက စစ်အာဏာရှင်တွေရဲ့ သေနပ်ပြောင်း၀တွေ ရှေ့ကနေ ချီတက်ကြတယ်။ ကျည်ဆံတွေကို စိတ်ဓာတ်တွေနဲ့ တိုက်ခဲ့ကြတယ်။ ၈၈ အရေးတော်ပုံနောက်ပိုင်း စစ်အစိုးရက ဒီမိုကရေစီအင်အားစုတွေကို ဖြိုခွဲ သတ်ဖြတ် ဖမ်းဆီး အရေးယူတော့လည်း ထောင်ဒဏ်တွေ ထောက်လှမ်းရေး ညှင်းပန်းနှိပ်စက်မှုတွေကို စိတ်ဓာတ်တွေနဲ့ တိုက်ခဲ့ကြတာပဲ။ စစ်အုပ်စုက မောင်းထုတ်လိုက်လို့ ၈၈ အရေးတော်ပုံတပ်သားတွေ တောတောင်တွေထဲ လက်နက်ကိုင်တိုင်းရင်းသားအုပ်စုတွေရှိတဲ့ လွတ်မြောက်နယ်မြေတွေထဲ ရောက်ရှိသွားကြတော့လည်း လက်နက်ကိုင်ကျောင်းသားတပ်ဖွဲ့ကို ထူထောင်ကြသူတွေရှိသလို လက်နက်မကိုင် အကြမ်းမဖက်တဲ့ တော်လှန်ရေးအစုအဖွဲ့တွေနဲ့ နိုင်ငံရေးနည်းလမ်းတွေကိုလည်း ရွေးချယ်ခဲ့ကြတာပါပဲ။ ၂၀၀၃ မေလ ဒီပဲယင်းအကြမ်းဖက်မှုနဲ့ ဒေါ်စုနဲ့ အင်အယ်လ်ဒီပါတီဝင်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ စစ်အုပ်စုက အကြမ်းဖက်ကြတော့လည်း ဒီမိုကရေစီအင်အားစုဟာ အကြမ်းပြန်မဖက်ဘဲ ကြံ့ကြံ့ခံပြီး ရင်ဆိုင်ခဲ့ကြပါတယ်။ ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံမှာလည်း သံဃာတော်တွေ ကျောင်းသားလူငယ်တွေဟာ လက်နက်စွဲကိုင် သွေးဆာနေတဲ့ ဖက်ဆစ်ဘီလူးတွေကို အကြမ်းမဖက်သောတော်လှန်ရေးတိုက်ပွဲနဲ့ ရင်ဆိုင်ခဲ့ကြပါတယ်။ 

ပြောချင်တာက ၈၈ အရေးတော်ပုံက လက်ဆင့်ကမ်းအမွေဟာ ကိုလိုနီခေတ်တော်လှန်ရေးကတည်းက ကျောင်းသားလူငယ် ခွပ်ဒေါင်းတွေရဲ့ အမွေ - အကြမ်းမဖက်သော တော်လှန်ရေးဖြစ်တယ် လို့ ထောက်ပြချင်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေးပါတီခေါင်းဆောင်တွေ ပါတီဝင်တွေ၊ မင်းကိုနိုင် ကိုကိုကြီး မင်းဇေယျာတို့နဲ့တကွ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ လူငယ်ကျောင်းသားတွေဟာလည်း လက် နက်မကိုင် အကြမ်းမဖက်တဲ့ တော်လှန်ရေးနဲ့ တောက်လျောက် စစ်အုပ်စုကို ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဟံသာ၀တီဦးဝင်းတင်ထောင်က လွတ်မြောက်လာတော့လည်း အကြမ်းမဖက်တော်လှန်ရေးပဲ။ စစ်အုပ်စုရဲ့ အကြမ်းဖက် လက်နက်သုံး ထောင်ချ ညှင်းပန်းနှိပ်စက် ခြိမ်းခြောက် အနိုင်ကျင့်မှုတွေ အားလုံးကို ၈၈ ဒီမိုကရေစီအင်အားစုဟာ ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကြတယ်၊ တန်ပြန် အကြမ်းမဖက်ဘူး။ သခင်အောင်ဆန်းပြောသလို ငါ၏ဦးခေါင်းသည် သွေးတို့ဖြင့် ချင်းချင်းနီ၏ ဦးကားမညွတ်။ သည်လိုမျိုး ...

သည်လိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲ တဖက်သပ်ကျင်းပပြီး ဒီမိုကရေစီအုပ်စုကို ကန့်သတ်ခဲ့ကြတယ်။ လူထုက အကြမ်းမဖက်သော တော်လှန်ရေးနဲ့ ရင်ဆိုင်တယ်။ စစ်အုပ်စုဦးဆောင်တဲ့ ဦးသိန်းစိန်အရပ်သားအစိုးရကို ဒူးထောက် အညံ့ခံခြင်း မရှိခဲ့ကြဘူး။ နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွေ အဆင့်ဆင့် ရွှေ့လျားလာတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ။ အတင်းအကြပ် ကွပ်ညပ်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေ လက်အောက်ကနေ ဒေါ်စုဦးဆောင်တဲ့ အရပ်သားအစိုးရ ပေါ်ထွက်လာဖို့ကိုလည်း အကြမ်းမဖက်တဲ့တော်လှန်ရေးနဲ့ လူထုက အရယူခဲ့ကြတာပါပဲ။

ဆိုလိုတာက အကြမ်းဖက်သောစစ်အာဏာရှင်အုပ်စုဆီက သူတို့ရဲ့ အကြမ်းဖက်သောလက္ခဏာကို မိမိတို့ဆီမှာ ကူးစက်ခြင်း မရှိအောင် စိတ်ဓာတ်သီလခိုင်မြဲစွာနဲ့ တောင့်ခံပြီးတော့ အကြမ်းမဖက်သော တော်လှန်ရေးကို ဆင်နွှဲကြတာ။ နိုင်ငံရေးနည်း ဒီမိုကရေစီနည်း ဆန္ဒမဲနည်း လူထုတရပ်လုံး လက်တွဲသော အာဏာဖီဆန်သောနည်းနဲ့ စစ်အုပ်စုကို ဆန့်ကျင် ခြေမှုန်းနေကြတာကို ဆိုလိုပါတယ်။ အခုကော ဘယ်လိုလဲ ... အတော်အောင်မြင် ခရီးပေါက်နေပြီလားလို့ မေးရင်တော့ လမ်းခုလတ်မှာပဲ ရှိပါသေးတယ်။ ခရီးလမ်းကား ကြမ်း တမ်းဆဲလို့ ဝန်ခံရမှာပါ။

ရှေ့မှာ ရေးခဲ့တဲ့ စစ်အုပ်စုရဲ့ ပိုင်းဖြတ်မှုက ဘာလဲ လို့ မေးရင် - သူတို့ကတော့ သူတို့ကို ဆန့်ကျင်သူတွေကို အသေရရ အရှင်ရရ နည်းလမ်းမျိူးစုံ သုံး အနုနည်းကော အကြမ်းဖက်နည်း နဲ့ပါ နှိမ်နင်းပြီး အနိုင်ယူတာ အမှန်တရားဖြစ်တယ်လို့ ဖြေကြမှာ ဖြစ်ပါတယ်။ ၈၈ အရေးတော်ပုံကို စိတ်ပျက်အားလျော့ကြတဲ့ ကြားနေအုပ်စုတွေရဲ့ ပိုင်းဖြတ်မှုကကော ဘယ်လိုလဲဆိုရင်တော့ - သူတို့ကတော့ အင်အားကြီးသူကို အညံ့ခံရေး၊ (သာတဲ့နောက်ကူးပြောင်းဖို့) ။ ဆင်ခြေမျိူးစုံပေးပြီး အသက်ရှင်ကျန်ရစ်ရေး၊ အခွင့်အရေးပေးတဲ့နောက် လိုက်ပါရေးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်ကိုင်ထားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အလိုရှိသော အုပ်စုတွေရဲ့ သဘောထားကလည်း သီးသန့်ဖြစ်တယ်လို့ ကျနော်က ရေးထားတော့ သူတို့ကို ဘယ်လိုပြောမှာလဲလို့မေးရင်တော့ အကြမ်းမဖက်သောတော်လှန်ရေးအပေါ်သံသယရှိနေတဲ့ ၊ သမိုင်းအစဉ်အဆက်မှာလည်း လက်နက်ကြီးသူတွေကို လက်နက်နဲ့ကိုင် တုန့်ပြန်ပြီး အသက်ရှင်သန်ကျန်ရစ်ဖို့ ရွေးချယ်ခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ 

"အကြမ်းမဖက်သောတော်လှန်ရေးအပေါ် သံသယရှိသလား" လို့ ကျနော့်ကို မေးရင်တော့ "အကြမ်းဖက်တွေကို တုံ့ပြန်အကြမ်းဖက်ပြီး တော်လှန်တာကို ကျနော်က ပိုပြီး သံသယရှိပါတယ်" လို့ ဖြေချင်ပါတယ်။ ပြည်တွင်းစစ်ဟာ မြန်မာပြည်လွတ်လပ်ရေးသက်တမ်းတမျှ ရှည်ခဲ့ပြီ။ လက်နက်မကိုင် အကြမ်းမဖက်တဲ့ ကျောင်းသားလူငယ်လူကြီးတွေရဲ့ တော်လှန်ရေးတွေလည်း မြန်မာပြည်မှာ အဆင့်ဆင့်ဖြစ်ခဲ့ပြီ။ ဒီနေရာမှာ အနီးကပ်ဆုံး လက်နက်မဲ့ အကြမ်းမဖက်တော်လှန်ရေး ဖြစ်တဲ့ ၁၉၈၈ အရေးတော်ပုံကနေ သမိုင်းမှာအပြောင်းအလဲ ဖြစ်လာခဲ့တာ ငြင်းမရပါ။ လက်ရှိမှာ မြန်မာပြည်ဟာ ဒီမိုကရေစီ အကူးအပြောင်းကာလ အပြောင်းအလဲကာလကို ဖြတ်သန်းနေကြရပြီဆိုတာ လက်တွေ့ပါ။ ၈၈ မျိုးဆက်တွေထဲကနေ လက်နက်မကိုင်သော နိုင်ငံရေးခေါင်းဆောင်တွေ ထွက်ပေါ်လာပြီး ဦးဆောင်မှု အဆင့်ဆင့်ပေးနေကြတယ်ဆိုတာလည်း ထင်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကအစ ခေတ်ပြိုင်ဦးဆောင်သူတွေ မျိုးဆက်သစ်တွေ အများအပြားရှိနေတယ်ဆိုတာကို တွေ့နေရပါတယ်။ သူတို့ကို မေးကြည့်ပါ။ သူတို့ ရင်ဆိုင်မြုပ်နှံ ဖြတ်သန်းခဲ့ပြီးသမျှနဲ့ ယှဉ်ပြီးတော့ အနာဂတ်တိုက်ပွဲမှာ အနာဂတ်တော်လှန်ရေးမှာလည်း လက်နက်မဲ့ အကြမ်းမဖက်သော တော်လှန်ရေး ဆက်လက်ဆင်နွှဲကြမှာပဲလားဆိုရင် သူတို့တွေက ၈၈အရေးတော်ပုံက သမိုင်းသက်သေထိုးထားပြီးဖြစ်တဲ့ အကြမ်းမဖက်သောတော်လှန်ရေးပဲ ဆက်ချီတက်ကြဦးမယ်ဆိုတာ ကျနော်ကတော့ ယုံ ကြည်ထားပြီး ဖြစ်ပါကြောင်း။