Breaking News

မာယာကော့ဖ်စကီး - ကဗျာဘယ်လို ရေးသလဲ



မာယာကော့ဖ်စကီး - ကဗျာဘယ်လို ရေးသလဲ

မောင်သာနိုး (မြန်မာပြန်တယ်)
(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၂၀

(မောင်သာနိုး ဖေ့စ်ဘွတ်ကနေ ကူးယူပါတယ်)
ခေါင်းစဉ်ကို ရှင်းပြမှ ဖြစ်မယ်။ လူငယ်အလုပ်သမားတွေနဲ့ ကာရန်အကြောင်း စကားစပ်မိရာ ၊ စာပေဆွေးနွေး ရာ ၊ ဝေဖန်စာရေးသားရာမှာ ၊ ကျုပ်အနေနဲ့ ရှေးခေတ်ကဗျာအနုပညာကိုချည်း တိုက်ခိုက်ဖို့ ကြုံနေတယ် ။ ကျုပ်က ရှေးခေတ်က ကဗျာတွေကို ဆန့်ကျင်စရာရှိလို့တော့ မဟုတ်ဘူး။ ရှေးခေတ်ကဗျာဆိုတာ သူ့ဟာသူဖြင့် ဘာမှ အပြစ်မရှိရှာပါဘူး။ ကျုပ်ရှေးခေတ်ကဗျာကို တိုက်ရတဲ့အကြောင်းရင်းက ရှေးကျသမျှကို ထိန်းသိမ်းကာ ကွယ်မယ်ဆိုတဲ့လူကြီးမင်းများဟာ ပုဂ္ဂိုလ်ကြီးတွေရဲ့ရုပ်တုတွေနောက်မှာ ခိုအောင်းပုန်းကွယ်ပြီး ၊ အနုပညာ သစ်ကို တိုက်ခိုက်ရာမှာ အကာအကွယ်ယူတတ်ကြလွန်းလို့ပါပဲ။ ဒီတော့ကာ ဒီရုပ်တုကြီးတွေကို ဖြိုချပစ်ပြီး ၊ အဲဒီလူကြီးတွေရဲ့ လုံးလုံး မထင်သာ မမြင်သာဖြစ်နေတဲ့ ရုပ်သဏ္ဍန်ကို ၊ စာဖတ်သူတွေမြင်သာအောင် ၊ ကျုပ် က လုပ်ပေးတာပါ။

ကျုပ်အဓိက ထာဝရ ရွံ့ရှာမုန်းတီးနေတာကတော့ ရောမန္တိက-ခရစ်တိက ဓနရှင်ပေါက်စ စိတ်ဓါတ်ပဲ ။ ရှေးခေတ်ကဗျာတွေရဲ့လှပခံ့ညားမှုဆိုတာ ပုသျှကင် ရဲ့ “ဩညိဂင်” က တာတျာနာ ကို (နတ်ရှင်နောင်က ဓါတုကလျာကို) ချစ်သလို သူတို့လည်း ချစ်တတ်ပါတယ်ဆိုတာနဲ့တင် ၊ ပြီးရောအောက်မေ့တတ်ကြတဲ့ လူကြီး မင်းတွေပ။ သူတို့တတွေဟာ အရေးကြီးတဲ့ ၊ လေးနက်တဲ့ကဗျာတပိုဒ်ကို လိင်ပီတိတွေ ၊ ရသစိတ်တွေနဲ့ ဝန်းရံ ပစ်လေ့ရှိတယ်။ သူတို့ရဲ့စာပေအရသာဆိုတာက ၊ ကဗျာတခုထဲသာ အနုပဋိလောမတရားရဲ့အထက်မှာ ရှိတယ်။ စာပေဖန်ဆင်းတယ်ဆိုတာ ဈာန်ဝင်စားပြီး ဆံပင်ကိုဖါးလျားချလိုက် ၊ နတ်တေးနတ်ကဗျာဟာ ကိုယ့် ခေါင်းပေါ် ချိုးငှက်လေးလို ၊ ဥဒေါင်းငှက်လို ၊ ဒါမှမဟုတ်ရင်လည်း ငှက်ကုလားအုတ်လို ၊ ပျံဆင်းလာလိမ့်မယ် လို့ ယုံကြည်တဲ့ယုံကြည်မှုအပေါ်မှာ အခြေခံကြတာကိုး ။

ဒီလူကြီးမင်းတွေကို တိုက်ခိုက်ရာမှာ မခဲယဉ်းလှဘူး။ တာတျာနဲ့ချစ်ခြင်းမေတ္တာ ၊ ဩဗစ် သီကျူးတဲ့ အနုရသတွေကို စီမံထုတ်ပြန်ထားတဲ့ ထိမ်းမြားရေးဥပဒေတွေနဲ့ယှဉ်ပြလိုက် ၊ လူပေါ်ကြော့ကနေ မယားဆိုး/ လင်ဖြစ်ရရှာတဲ့ ဇာတ်လမ်းကို ဒေါ်နဲစ်သတ္တုတွင်းသမားတွေဆီ ဖတ်ပြ၊ မေဒေးစီတန်းလှည့်လည်လာသူတွေကို “တင့်လှပေဟန် ၊ ဖက်မရန်သား၊ ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့” လို့ သွားအော်ပြဖို့ပဲရှိတယ်။ ဒီလို တွေ့ကြုံ ပြီးရင်ဖြင့် ကိုယ့်ခွန်အားကို တော်လှန်ရေးမှာမြုပ်နှံဖို့ ဆန္ဒပြင်းပြနေတဲ့လူငယ်တဦးအဖို့ ၊ ရှေးဟောင်းကဗျာ ကဏ္ဍမှာ အားသွန်ခွန်စိုက်လုပ်နေဖို့လိုသေးရဲ့လားဆိုတာ သံသယရှိဖွယ်ပါပဲ။ ဒါတောင်မှမကျေနပ်ချင်တဲ့အသံ တွေကတော့ ထွက်လာသေးတယ်။ “ခင်ဗျားက ဖျက်ရုံဖျက်ဆီးတာပဲ ၊ မဖန်ဆင်းဘူး” တဲ့။ “ရှေးဟောင်းနိဿ ရည်းတွေက မကောင်းဘူး” တဲ့ ။ “ဒါဖြင့် ဘယ်မလဲ အသစ်တွေက” တဲ့။ “ကျုပ်တို့ကို ခင်ဗျာ့ကဗျာအနုပညာ၊ နည်းနာတွေ ၊ နိဿရည်းတွေ ပေးပါ” တဲ့။

ဒီတော့ ကျုပ်အနေနဲ့ လက်တွေ့လုပ်နေရသူအနေနဲ့ ၊ ကျုပ်အလုပ်အကြောင်း ရေးမယ်။ သဘောတရား ရေးဆရာအနေမျိုးနဲ့တော့ မဟုတ်ဘူး။ ထပ်ပြီး စာဖတ်သူကို အလေးအနက် သတိပေးလိုက်ပါပေရဲ့။ ကျုပ်က လူတိုင်းကို ကဗျာဆရာဖြစ်လာအောင် ၊ ကဗျာရေးတတ်လာအောင်၊ စည်းမျဉ်းတွေကို ချပေးနေတာမဟုတ်ဘူး။ ကဗျာဆရာဆိုတာ ကဗျာစည်းကမ်းကို ဖန်ဆင်းနေတဲ့သူပဲ။ မသုံးချင်တော့ပေမဲ့ ဥပမာတခုကို ကျုပ် အကြိမ် တရာမြောက်အဖြစ် သုံးရဦးတော့မယ် ။

သင်္ချာဆရာဆိုတာ သင်္ချာဥပဒေသတွေကိုဖန်ဆင်းသူ ၊ ချဲ့ထွင်သူ ၊ ပြီးပြည့်စုံစေသူဖြစ်တယ်။ သင်္ချာ သိပ္ပံပညာကို အသစ်တစုံတရာ ဆောင်ကြဉ်းပေးနေသူဖြစ်တယ်။ နှစ်နဲ့နှစ်ပေါင်းရင် လေး ရတယ်လို့ ပထမဆုံး ထုတ်ဖေါ်သူဟာ မဟာသင်္ချာဆရာကြီးပါပဲ။ ဒီအဖြေကို သူဟာ ကျောက်တုံးနှစ်တုံးနဲ့ ကျောက်တုံးနှစ်တုံးပေါင်း လို့ ရတာပဲဖြစ်ပစေ ။ တခြားလူတွေ ၊ ဒီထက်မက ကြီးမားတဲ့အရာတွေ(ဥပမာ-မီးရထားစက်ခေါင်းကြီးတွေ) ကို ပေါင်းတဲ့သူကျတော့ ဘယ်သူမှ သင်္ချာဆရာမခေါ်နိုင်တော့ဘူး ။

သင်္ချာဆရာဆိုတာ သင်္ချာဥပဒေသတွေကို ဖန်ဆင်းသူ၊ ချဲ့ထွင်သူ ၊ ပြီးပြည့်စုံစေသူဖြစ်တယ် ။ သင်္ချာ သိပ္ပံပညာကို အသစ်တစုံတရာ ဆောင်ကျဉ်းပေးနေသူဖြစ်တယ် ။ နှစ်နဲ့နှစ်ပေါင်းရင် လေးရတယ်လို့ ပထမဆုံး ဖေါ်ထုတ်သူဟာ မဟာသင်္ချာဆရာကြီးပဲ။ ဒီအဖြေကို သူဟာ ကျောက်တုံးနှစ်တုံးနဲ့ ကျောက်တုံးနှစ်တုံး ပေါင်းလို့ ရတာပဲဖြစ်ပစေ။ တခြားလူတွေ ၊ ဒီထက်မကကြီးမားတဲ့အရာတွေ(ဥပမာ-မီးရထားစက်ခေါင်းကြီးတွေ) ကိုပေါင်း တဲ့လူကျတော့ ဘယ်သူမှ သင်္ချာဆရာမခေါ်နိုင်တော့ဘူး ။

ကဗျာအလုပ်မှာ လုပ်ငန်းစတင်ဖို့ ယေဘုယျစည်းမျဉ်း အနည်းအကျဉ်းပဲရှိတယ်။ ဒီစည်းမျဉ်းတွေ တွေတောင်မှ တကယ့်တကယ်ကတော့ အလျဉ်းသင့်သလို သတ်မှတ်ထားတာပါ။ စစ်တုရင်မှာလိုပဲ ပွဲစစချင်း ရွေ့ပုံရွေ့နည်းကတော့ အတူတူချည်းပဲပေါ့။ ဒါပေမဲ့ တကြိမ်ကစားပြီးရင် နောက်ထပ် နည်းရှာတော့တယ် ။ ကဗျာမှာလဲ အဲဒီလိုပဲ ။ မျှော်လင့်မထားတဲ့ကာရန်မှ စွမ်းအားရှိတယ်။ ဒါဖြင့်ကဗျာအလုပ်စရအောင် ။ လိုအပ်တဲ့ အခြေအနေတွေက ဘာတွေတဲ့လဲ ။

၁။ ကဗျာအလုပ်နဲ့လုပ်မှသာ ပြီးမြောက်နိုင်မယ့် လူမှုရေးတာဝန်တခုရှိတယ်။ ‘လူမှုရေးအမိန့်’ ရှိရမယ် ။

၂။ကိုယ် ကိုယ်စားပြုနေတဲ့လူတန်းစား (ဝါ) လူတစုကို အတိအကျ သိနားလည်ရမယ်။ (ဝါ) အနည်းဆုံး သူတို့ ရဲ့ မျှော်ခေါ်ချက်တွေကို ခံစားနိုင်ရမယ်။

၃။ ကုန်ကြမ်းပစ္စည်းဖြစ်တဲ့ စကားလုံးတွေ ရှိရမယ်။ ဂိုဒေါင်ထဲမှာ၊ ကိုယ့်စိတ်သိုလှောင်ခန်းထဲမှာ လိုအပ်တဲ့ စကားလုံးတွေ အသင့်ရှိနေရမယ်။ ဖေါ်ကျူးနိုင်စွမ်းရှိတဲ့ ၊ရှားပါးတဲ့ ၊ သစ်လွင်တဲ့၊ ဆန်းသစ်တဲ့၊ တိကျမှုပါတဲ့ စကားလုံးအမျိုးမျိုး ရှိရမယ်။

၄။ ထုတ်လုပ်ရေးကိရိယာများ အရေးတကြီးလိုအပ်တယ်။ ဒါတွေမှာပါတာက ဖေါင်တိန်၊ ခဲတံ ၊ လက်နှိပ်စက်၊ တယ်လီဖုန်း ၊ ဆေးတံ(ဝါ) စီးကရက် ၊ အစာစားဖို့ ၊ အပြင်ထွက်တဲ့အခါ ဝတ်စရာအဝတ်အစား၊ အယ်ဒီတာ ရုံး ခန်းကို စီးသွားစရာ ဘိုင်စကယ်၊ စားပွဲ ၊ မိုးရွာထဲစာရေးနိုင်ဖို့ရာ ထီး၊ ခြေလှမ်းအတော်အသင့်လှမ်းနိုင်မယ့် အခန်း (ဒါ အလုပ်အတွက်လိုအပ်တယ်) ။ ကိုယ့်နယ်အဖို့ စိတ်ဝင်စားစရာဖြစ်မယ့်အကြောင်းအရာတွေကို အဆက်မပြတ်သိရှိနိုင်အောင် သတင်းဌာနတခုနဲ့ အဆက်အသွယ်များ။

၅။ စကားလုံးတွေကို စစ်စစ်ပေါက်ပေါက်လုပ်ယူတတ်တဲ့အကျင့် လုပ်ထားရမယ်။ ဒီအကျင့်ကတော့ တဦးချင်း ပါရမီအပေါ် တည်တယ်။ နှစ်ပေါင်းများစွာ နေ့စဉ်အလုပ်လုပ်လာမှ ရတယ်။ အဲဒီအထဲမှာ ကာရန်၊ ဂိုဏ်း၊ သံ ထပ်၊ နိမိတ်ပုံ၊ သံပြောင်း ၊ စာဟန် ၊ ကရုဏာရသ ၊ ခေါင်းစဉ်၊ အစီအစဉ် စသဖြင့် ပါဝင်တယ်။

ဥပမာ-လူမှုရေးတာဝန်က ပိတဲစ်ဘုဂ် ကို ခုခံကာကွယ်ကြမယ့် တပ်နီတွေ သီဆိုဖို့ သီချင်းတပုဒ်အ တွက် စကားလုံးရှာဖို့ ဆိုပါတော့။ ရည်ရွယ်ချက်က ယူဒနိချ် ကို နှိမ်နှင်းဖို့။ ကုန်ကြမ်းက စစ်သားတွေရဲ့သာမန် ပြောစကားထဲက ထုတ်နုတ်ရရှိတဲ့စကားများ။ လက်နက်ကိရိယာက ခဲတံတချောင်း။ ပုံသဏ္ဍန်က ကာရန်ပါတဲ့ ချာတုစ်တုရှကာ (လက်ငင်းကြုံရာပြဿနာအပေါ် လက်တန်းစပ်ပြီး ၊ ဘာဂျာနဲ့တွဲဖက်သီဆိုလေ့ရှိတဲ့ ဟာသ တေးချင်းတမျိုး)။ ရလဒ်က ဟောဒါ--

မီလကွိုင် မညယ် ဖ ပါဒါရော့က် ဘူရကား
အီ နော့စကီ ပါဒါရယ်ညီ
မချိတ် ယူဒဲနိချ် စပီတဲရဘူရဂါး
ကာ့က် နာစကီ ပီဒါရယ်ညီ ။

ချစ်သူက ငါ့ကို လက်ဆောင်ပါးလိုက်တယ်
ကုတ်တထည်-ခြေအိတ်တစုံတဲ့။
ယူဒဲနိချ်လည်း ပီတဲရဘူက ပြေးပြီကွယ်
တာပင်တိုင်ဆီ စိုစိုရွှဲ ။

ဒီလေးကြောင်းကဗျာလေးမှာ သစ်လွင်နေတာကတော့ ‘နော့စကီ ပါဒါရယ်ညီ’ နဲ့ ‘နာစကီ ပီဒါရယ်ညီ’ ကာရန်မိ ပုံကလေးပါပဲ။ ချာစ်တုရှ်ကာအဖွဲ့အနေနဲ့ အထိရောက်ဆုံးဖြစ်စေချင်ရင် ကာရန်ဟာ မျှော်လင့်မထားတာမျိုး ဖြစ် ရမယ်။ ပထမနှစ်ကြောင်းဟာ ဒုတိယနှစ်ကြောင်းနဲ့ ဘယ်လိုမှ အဆက်အစပ်မရှိဘဲ ဖြစ်နေရမယ်။ ပထမနှစ် ကြောင်းကို သပ်သပ် ဖြည့်စွက်ရုံဖြည့်တဲ့သဘောမျိုး ယူဆနိုင်တယ်။

ကဗျာလက်ရာကို တန်ဖိုးဖြတ်လို၊ အရည်အသွေးစစ်လိုသူတဦးအဖို့ ၊ ဒီအင်မတန်ယေဘုယျကျတဲ့စည်း မျဉ်းတွေဟာ ခုခေတ်တည်ရှိတဲ့စည်းမျဉ်းတွေထက် အလားအလာကောင်းများ ပိုမိုလမ်းပွင့်လာစေပါလိမ့်မယ်။ ကုန်ကြမ်းလက်နက်ကိရိယာနဲ့ ပုံသဏ္ဍန်ကို မြှောက်ဖေါ်ကိန်းလို့ ယူဆရင် လုံလောက်ပါပြီ။ လူမှုရေးတောင်းဆို ချက်ရှိသလား၊ ရှိတယ် ။ နှစ်မှတ် ။ ရည်ရွယ်ချက်ရှိသလား ၊ နှစ်မှတ်။ ကာရန်ညီသလား ၊ နောက်ထပ်တမှတ် ။ သံထပ်ကလေးတွေ ပါသလား၊ အမှတ်ဝက် ။ အဲဒီနောက် ကာရန် ရစ်သမ်အတွက် အမှတ်ဝက်ပေးလိုက်ဦး ။ ဒီထုံးစံ မဟုတ်တဲ့ ရစ်သမ်ဆီရောက်အောင် ဘတ်စ်ကားစီးလာရပေသကိုး။

ကဗျာတပုဒ်ကောင်းမကောင်းဆိုတာလည်း အလားတူပဲ ။ လွယ်ပါတယ်။ ဒမျန်ဗျဲဒနီ ရဲ့ကဗျာများဟာ လက်ငင်းလိုနေတဲ့၊ ကောင်းကောင်းနားလည်ကြတဲ့ ၊ လူမှုရေးတောင်းဆိုချက်နဲ့ ကိုက်ညီတယ်။ အလုပ်သမား တွေ ၊ လယ်သမားတွေရဲ့လိုအပ်ချက်နဲ့ အံဝင်ခွင်ကျတယ်။ စကားလုံးတွေက လယ်သမားတပိုင်းလူတန်းစား ရဲ့နေ့စဉ်ဘဝထဲကစာလုံးတွေကို ကဗျာဆန်ဆန်ကာရန်အကြွင်းအကျန်တွေနဲ့ ရောမွှေထားတာပါပဲ။

ကရုချောနိခ် ရဲ့ကဗျာတွေက သံထပ်တွေ ၊ သံကြောင်တွေအပြင် ရည်ရွယ်ချက်လည်းပါသမို့ ၊ နောင် အနာဂတ်ကဗျာဆရာတွေကို ထောက်ကူမှာ မုချပါပဲ။ ဒီနေရာမှာ ကျုပ်အနေနဲ့ ဒမျန်ဗျဲဒနီရဲ့ကဗျာနဲ့ ကရုချော နိခ်ရဲ့ ကဗျာ ဘယ်သင်းကပိုကောင်းသလဲဆိုတဲ့ စိတ္တဇဆန်တဲ့ပြဿနာကို မဆွေးနွေးလိုတော့ဘူး။ အဆင့်အ မျိုးမျိုးက အင်္ဂါရပ်အမျိုးမျိုးနဲ့ဖွဲ့စည်းထားတာဖြစ်လေတော့ တဦးကိုတဦး အနှောင့်အယှက်ပြုစရာမလို၊ ပြိုင်ဆိုင် စရာမလိုဘဲ ရပ်တည်နိုင်ကြပါတယ်။ ကျုပ်အနေနဲ့ကတော့ အကောင်းဆုံးကဗျာဆရာဆိုတာ ကွန်မြူနစ်အင်တာ နေရှင်နယ်က ချမှတ်ထားတဲ့ လူမှုရေးတောင်းဆိုချက်နဲ့အညီ ရေးစပ်ထားတာဖြစ်လိမ့်မယ်။ ပစ္စည်းမဲ့လူတန်းစားရဲ့ အောင်ပွဲကို မလွဲမသွေအောင် တွန်းပို့ပေးနိုင်လိ်မ့်မယ်လို့ ယုံကြည်တယ်။ လူတိုင်းနား လည်နိုင်မယ့် ၊ သစ်လွင်တဲ့၊ ထူးခြားတဲ့ စကားလုံးတွေနဲ့ ရေးဖွဲ့ထားပေလိ်မ့်မယ်။ သူ့ကို လိုနေတဲ့အချိန်နာရီမှာ မွေးဖွားလိမ့်မယ်။ အယ်ဒီတာ့ဆီကို အမြန်လေယဉ်နဲ့ ပို့ပေးလိမ့်မယ်။ တကယ်ကတော့ ကဗျာကို အကဲဖြတ် တာဟာ ခု ကျုပ်ညွှန်းနေတာထက် ပိုမိုရှုပ်ထွေးပါတယ်။ သိမ်မွေ့ပါတယ်။ ကျုပ်က ကျုပ်စိတ်ကူးကို တမင်တကာ ကို ရှင်းအောင် လုပ်နေ၊ ချဲ့နေ ၊ ကားနေ တာပါ။ ရှင်းအောင်လုပ်နေတာက စာပေလေ့လာမှုရဲ့ အနှစ်သာရဆိုတာဟာ စာပေတစုံတခုကို တဦးချင်းဝေဖန်သုံးသပ်မှုပေါ် မတည်ဘူး။ စာပေထုတ်လုပ်မှုရဲ့ဖြစ်စဉ် ကို မျှမျှတတချဉ်းကပ်တဲ့နည်းပေါ်မှာသာ တည်တယ်ဆိုတာ ပြချင်လို့ပဲ။

ဒါဖြင့် ကဗျာကို ဘယ်လိုရေးသလဲတဲ့။ အလုပ်စတာကတော့ လူမှုရေးတောင်းဆိုချက်ကို မရရှိခင် ၊ ကမ္ဘေကမ္ဘာ ကထဲက ကိုယ့်အဇ္ဇျတ္တထဲမှာ ကိုယ်ကမသိဘဲနဲ့ စတင်ခဲ့တာပါပဲ။ ပြင်ဆင်ရေးဆိုင်ရာကဗျာအလုပ်ဟာ မရည်ရွယ်ဘဲ ဆက်လက်ဖြစ်ပေါ်နေရတယ် ။ ကဗျာတပုဒ်ကို ပေးထားတဲ့အချိန်ပိုင်းအတွင်း ရေးနိုင်တယ်ဆို တာ ကဗျာဆိုင်ရာအရံသင့်ပစ္စည်းတွေကို အရင်ကကြိုတင်စုဆောင်းလာခဲ့လို့သာ ဖြစ်နိုင်တယ်။ ဥပမာဆိုပါ တော့ ။ ဒါ ဗြန်းကနဲ ကျုပ်စိတ်ထဲ ပေါ်လာတာကို ပြောပြတာပါ။ ဂလစ်ဇဲရောန်ဆိုတဲ့ နာမည်ဆနး်ဆနး်တခု။ ဒါ ဂလစ်ဆင်ရင်ရည် စကားပြောမိရင်း ကံအားလျော်စွာပေါ်ပေါက်လာတာပါပဲ။ ကျုပ်အင်မတန်သဘောကျသမို့ ၊ ရုသျှမှုပြုဖို့ လိုမယ့် အမေရိကန်သီချင်းတပုဒ်က အပိုဒ်လေးကိုလည်း ကျုပ်အမြဲ သတိရနေမှာပဲ။

Hard-hearted Hannah,
The vamp of Savannah!
The vamp of Savannah!
G.A.

ကျုပ်ရဲ့သုံးထပ်ဂိုဒေါင်ထဲမှာ နီတာဂျိုးဆိုတဲ့နာမည်နဲ့ ကျုပ်မျက်လုံးထောင့်ကနေ မြင်လိုက်မိဖူးတဲ့ ကြော်ငြာတခုက အကြံရဖူးတာလေးလည်း ရှိနေတာပေါ့။

ဂဗျဲ ဂျိဗျော့တ် နိတာဂျိုး
နီတာ နိဂျဲ အဲတာဂျွမ်။

နီတာဂျိုး ဘယ်မှာနေ
နီတာ အောက်ထပ်မှာ နေ ။

တချို့ရှင်း တချို့ရှုပ် အကြောင်းအရာမျိုးစုံထဲကလည်း ကျုပ် ရွေးထုတ်ယူတတ်သေးရဲ့။ ပထမ- နယူးယောက်မြို့မှာ ရွာတဲ့မိုး။ ဒုတိယ- ပါရီ ဘူလဘား ဒေကာပူဆင်လမ်းမကြီးက ပြည့်တန်ဆာမ။ သူ့မှာ ခြေတဖက်ပဲ ရှိပါသတဲ့။ တတိယ- ဘာလင်မြို့က ဧရာမ ဟိုက်ဆလာ စားပွဲရုံ ဆေးကြောခန်းထဲက အလုပ် သမားအိုကြီး။ စတုတ္ထ-ကြီးမားနက်နဲလှတဲ့အကြောင်းအရာတခုဖြစ်တဲ့ အောက်တိုဘာတော်လှန်ရေး။ ကျေး ရွာမှာမှာသာ မနေဖူးရင် ဒီတော်လှန်ရေးအကြောင်း စိတ်ကူးလို့ရမယ် မဟုတ်ဘူး။

ဒီအရန်သင့်အချက်အလက်တွေ ကျုပ်စိတ်ထဲမှာ ရှိနေတယ်။ ကျုပ်ရဲ့အချိန်အားလုံးကို ဒါတွေစုဆောင်း ရင်းနဲ့ ကုန်လွန်ရတယ်။ တနေ့တနေ့ကို ဆယ့်ရှစ်ကနေ နှစ်ဆယ်နာရီအထိပါပဲ ။ ကျုပ်က အမြဲတမ်းလို တခုခု ရေရွတ်နေတတ်တယ်။ ကဗျာဆရာကြောင်နေတယ်ဆိုတာ ဒိီလိုအာရုံစူးစိုက်လုပ်နေတာကြောင့် တကြောင်းဖြစ် တယ်။ ဒီစုဆောင်းတဲ့အလုပ်ကို ကျုပ် ဘယ်လောက်ပြင်းပြင်းပြ လုပ်လာသလဲဆိုရင် ဆယ့်ငါးနှစ်အတွင်း တချို့ ကာရန်တွေ၊ တချို့သံထပ်တွေ၊ တချို့ နိမိတ်ပုံတွေ၊ ကျုပ်ဆီ ရောက်လာကြပုံ ၊ ပုံပေါ်လာကြပုံ၊ နေရာဒေသနဲ့ အခြေအနေတွေကို ကျုပ်မှတ်မိနေတဲ့အထိပါပဲ။

မှတ်စုစာအုပ်ဟာ မရှိမဖြစ် ပစ္စည်းဖြစ်တယ်။ သာမန်အားဖြင့်တော့ မှတ်စုစာအုပ်ရှိတယ်ဆိုတာကို မသိကြဘူး။ စာရေးဆရာသေပြီးတဲ့နောက်မှာပဲ သိကြရတယ်။ ဒါပေမဲ့ စာရေးဆရာအဖို့ကတော့ မှတ်စုစာအုပ် ဟာ အစစအရာရာပဲ ဆိုပါတော့။ ကဗျာစပ်သူတွေဟာ အဲဒီလို မှတ်စုစာအုပ်မျိုး မရှိတတ်ကြဘူး။ အလေ့အ ကျင့်မရှိ ၊ အတွေ့အကြုံမရှိကြဘဲကိုး။ သူတို့ရဲ့စာပေကို တကယ့်တကယ်ပြီးပြတ်နေတဲ့ကဗျာရယ်လို့ တွေ့ရခဲ တယ် ။ ဒါ့ကြောင့်လည်း သူတို့ရဲ့ကဗျာတွေဟာ လျှာရှည်ဝေ့ထွက်နေတတ်တာပါပဲ။ ကျကျနနလုပ်ကိုင်လာတဲ့ အရန်ပစ္စည်းတွေရဲ့ အကူအညီနဲ့သာ ၊ ကျုပ်ဟာ အရာတခုကို ပေးထားတဲ့ရက်စွဲအမှီ လုပ်နိုင်ခြင်းဖြစ်တယ်။

၁၉၁၃ လောက်က မိန်းကလေးတယောက်နဲ့အတူ ဆာရာတော့ဖ်ကနေ မော်စကိုကို ပြန်လာတော့ သူ့ အပေါ် လုံးဝသစ္စာရှိသူဖြစ်တဲ့အကြောင်း သက်သေထူတဲ့အနေနဲ့ ကျုပ်ဟာဖြင့် “လူမဟုတ် ၊ ဘောင်းဘီဝတ်မိုး တိမ်” မျှ ဖြစ်တဲ့အကြောင်း ပြောပြမိတယ်။ ချက်ချင်းပဲ ဒီစကားစုလေးဟာ ကဗျာတပုဒ်မှာ သုံးလို့ရမယ်ဆိုတာ ကို ကျုပ်သဘောပေါက်မိတယ် ။ အမျိုးသမီးက ဒါကို ရသွားပြီး သူက လျှောက်ပြေနေနှင့်မှာ စိုးရိမ်မိတော့ တယ် ။ စိုးရိမ်တကြီးနဲ့ မချောကို နာရီဝက်လောက် မေးမြန်းကြည့်ရတယ်။ ဝေ့လည်ကြောင်ပတ်မေးခွန်း ထုတ် ကြည့်တယ်။ ကျုပ်စကားလုံးတွေဟာ နားတဖက်ကဝင်ပြီး ၊ တဖက်ကထွက်သွားကြောင်း အတပ်ရိပ်စားမိတော့ မှပဲ စိတ်အေးရပါတော့တယ်။ နောင် နှစ်နှစ်ကြာတဲ့အခါမှာတော့ ‘ဘောင်းဘီဝတ်မိုးတိမ်’ ဆိုတာကို ကဗျာ တပုဒ်ရဲ့ ခေါင်းစဉ်အဖြစ် အသုံးချခဲ့မိလေရဲ့။

ဟောဒါက နောက်ဥပမာတခု။ အထီးကျန်လူတယောက်ဟာ တခြားအရာအားလုံးထက် ၊ သူချစ်မြတ်နိုး ရတဲ့မိန်းမတယောက်အတွက် ခံစားရမယ့်စိတ်ဝေဒနာကို အကောင်းဆုံးဘယ်လိုဖေါ်ပြရပါ့မလဲလို့ ကျုပ်နှစ်ရက် လုံးလုံးစဉ်းစားနေမိတယ်။ သူ အမျိုးသမီးကို ဘယ်လို မြတ်နိုးယုယမလဲ။ ဘယ်လို ချစ်မလဲ ။ တတိယညမှာ ခေါင်းကိုက်ကိုက်နဲ့ပဲ အိပ်ရာဝင်ခဲ့တယ်။ ဘာကိုမှလည်း စဉ်းစားလို့မရခဲ့သေးဘူး။ သန်းခေါင် လောက်ကျတော့ ကျုပ်ဆီရောက်လာပါလေရော။

မင်းကိုယ်ခန္ဓာကို
ငါ ယုယမယ် ၊ မြတ်နိုးမယ်
စစ်ပွဲမှာ ကျိုးပြတ်ခဲ့ရတဲ့
လူမသုံးတော့တဲ့
ဘယ်သူမှ မမှုတော့တဲ့
စစ်သားဟာ
သူ့ရဲ့ တဖက်တည်းခြေထောက်ကို
ယုယမြတ်နိုးသလိုမျိုး

အိပ်ချင်မူးတူးနဲ့ ကျုပ် ထခုန်မိတယ်။ မှောင်မည်းမည်းထဲမှာ မီးခြစ်ဆံအမည်းနဲ့ စီးကရက်ဘူးခွံပေါ်မယ် ‘ခြေ တဖက်’ လို့ ရေးထားပြီး ပြန်အိပ်လိုက်ပါလေရော။ နောက်နေ့ မနက်ကျတော့ ဘာခြေထောက်ပါလိမ့်၊ ဘယ်လို လုပ်ပြီး ဘူးခွံပေါ် ဒီစကားလုံးတွေ ရေးမိပါလိမ့်ဆိုတာ နှစ်နာရီလောက် စဉ်းစားယူရတယ်။

ဟောဒါ ခါရကော့ဖ် ‘ပစ္စည်းမဲ့စာစောင်’ က ကြော်ငြာ။ “စာရေးဆရာဖြစ်နည်း ၊ တံဆိပ်ခေါင်းပြား ၅၀ ဖိုး ပို့ မှာက အသေးစိတ် ပြန်ကြားမယ်။ ဆလာဗီယန့်စ်က်ဘူတာ ၊ ဒေါနက်စ်လိုင်း၊ စာတိုက်သေတ္တာနံပတ် ၁၁” တဲ့။

ဘယ်နှယ့်များ သဘောရပါသတုန်း။ ရှေးခေတ်ဟောင်းက အမွေ ၊ လက်ကျန်တမျိုးပဲ ဖြစ်ရမှာပေါ့ ။ ‘အာရုံပြောင်း’ မဂ္ဂဇင်းကလည်း ‘သင်ခန်းစာ ငါးခုနဲ့ ကဗျာဆရာဖြစ်နည်း’ ဆိုတဲ့ စာအုပ်တအုပ်ကို အချပ်ပို အနေနဲ့ ထည့်ပေးနေလေရဲ့။ ကျုပ်ပြခဲ့တဲ့ဥပမာလေးတွေက ကဗျာဆိုတာ ကမ္ဘာပေါ်မှာအခက်ခဲဆုံးပစ္စည်းများ ဆိုတဲ့ အမျိုးအစားထဲ၊ အမှန်တရား အမျိုးအစားထဲ ပါဝင်ကြောင်း သက်သေထူနိုင်လောက်ပြီ ထင်ပါတယ်။ ဟောဒီ ပါစတဲရနက် Pasternak ရဲ့ ကဗျာပိုဒ်မှာ မိန်းမကို ယူဆသလို ကဗျာကို ယူဆရပါလိမ့်မယ်။

အဲ့ဒီနေ့ကတည်းက မင့်ခေါင်းကနေ မင့် ခြေဖျားအထိ
ငါ မင့်ကို သယ်ဆောင်သွားပြီး မင့်ကို အလွတ်ကျက်နေခဲ့တယ်
မြို့တော်ကိုဖြတ်လို့ မင့်ကို သယ်သွား မင့်ကို တရွရွ
ရွတ်သွားမိခဲ့
ရှိတ်စပီးယားပြဇာတ်စာသားကို ဇာတ်ဝင်တဦး
ကျက်မှတ်သလိုပါပဲကွယ်။

မာယာကော့ဖ်စကီး
မောင်သာနိုး(မြန်မာပြန်)

မှတ်စု
၁။ တတျာနာ-ပုသျှကင် Pushkin ရဲ့ ကဗျာဝတ္ထု “ယဲဗဂဲနိ ဩညီဂင်” ထဲက ဇာတ်ကောင်မ။
၂။ တင့်လှပေဟန်-မူရင်း ရုသျှစာပေမှာတော့ ဩညီဂင်ဝတ္ထုထဲက အစပိုင်း စာသားတွေပေါ့။
၃။ ဒမျန် ဗျဲဒနီ-လူကြိုက်များတဲ့တော်လှန်ရေးကဗျာတွေ၊ ပုံပြင်တွေ ရေးသူ။
၄။ ကရုချောညိခ် - မာယာကော့ဖ်စကီးရဲ့မိတ်ဆွေ၊ အနာဂတ်ဝါဒီကဗျာဆရာ
(ဟားဘတ်မာရှယ် ဘာသာပြန်တဲ့အတိုင်းမူရင်းကို အကျဉ်းရုံးဘာသာပြန်ခြင်းဖြစ်တယ်။ ၁၉၇၃ က ‘ဘောင်းဘီဝတ်မိုးတိမ်’ ဘာသာပြန်နဲ့အတူပုံနှိပ်ထုတ်ဝေဖို့ ဘာသာပြန်ထားတဲ့စာမူဖြစ်တယ်။ အကြောင်းကြောင်းကြောင့် အဲဒီတုန်းက စာအုပ်မထုတ်ဖြစ်ခဲ့။ ဘာသာပြန်သူ)