Breaking News

အောင်မော်ဦး - ဒီကဗျာမှာ နိုင်ငံရေးပါတယ်


KT#
ဒီကဗျာမှာ နိုင်ငံရေးပါတယ်
အောင်မော်ဦး
(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၂၀

State Counselor ဟာ
* စိတ် ကောင်ဆယ်လာနဲ့ တွေ့သင့်ပြီလို့များ
ခင်ဗျားတို့ရော ထင်မိကြသေးလားဗျ ဆိုပြီး
ကျနော့်ကဗျာကို
အဲဒီလို ပျော်ပျော်လေး ရေးချမလို့ပါပဲ။

ဒါပေမယ့်လည်း
ပျော်တယ်ဆိုရင်တောင် 
အပျော်တုနဲ့ပဲ ပျော်နိုင်မှာဖြစ်တဲ့
ပဉ္စမမြောက် မဟာဗမာနိုင်ငံတော်ကြီးမှာ
ကျနော့်ကဗျာဟာ
နိုင်ငံရေးမပါတဲ့ ကဗျာတပုဒ်တော့ ဖြစ်မလာခဲ့ပါဘူး။

ဒီနေ့လို 
တရားဥပဒေစိုးမိုးမှုမရှိတဲ့ နိုင်ငံမှာ 
တရားမျှတမှုအတွက် လူထုလှုပ်ရှားမှုဟာ ရှိနေမှာပါပဲ

ဒီနေ့လို
ဖိနှိပ်ခံနေကြရတဲ့ နိုင်ငံမှာ 
လွတ်မြောက်မှုအတွက် လူထုလှုပ်ရှားမှုဟာ ရှိနေမှာပါပဲ

ဒီနေ့လို
ခွဲခြားဆက်ဆံခံနေကြရတဲ့ လူ့အဖွဲအစည်းထဲမှာ
တန်းတူညီမျှမှုအတွက် လူထုလှုပ်ရှားမှုဟာ ရှိနေမှာပါပဲ

ဆိုတော့ကာ
ကျောင်းသားတွေ ဆန္ဒပြနေတာတွေ့ရင်
အဲဒီနိုင်ငံကို ကျနော့်နိုင်ငံလို့ပြောပါ

အလုပ်သမားတွေ ဆန္ဒပြနေတာတွေ့ရင်
အဲဒီနိုင်ငံကို ကျနော့်နိုင်ငံလို့ပြောပါ

လယ်သမားတွေ ဆန္ဒပြနေတာတွေ့ရင်
အဲဒီနိုင်ငံကို ကျနော့်နိုင်ငံလို့ပြောပါ

လူမျိုးစုတွေ ဆန္ဒပြနေတာတွေ့ရင်
အဲဒီနိုင်ငံကို ကျနော့်နိုင်ငံလို့ပြောပါ

စစ်ဘေးဒုက္ခသည်တွေ၊ နိုင်ငံမဲ့တွေကိုတွေ့ရင်
အဲဒီနိုင်ငံကို ကျနော့်နိုင်ငံလို့ပြောပါ

ဒီတော့ကာ
“ပြည်သူလူထု၏ တိတ်တိတ်နေမှုဖြင့်
စည်းကမ်းပြည့်ဝသည့်
ဒီမိုကရေစီနိုင်ငံတော်ကြီးအား
အောင်မြင်စွာ 
ထူထောင်နိုင်ခဲ့ကြပါသည်”ဆိုတာမျိုး
ကျနော်တို့က 
ရိုကျိုးပေးကြရဦးမယ်တဲ့လား
ခင်ဗျားနှယ် … 
ရာရာ စစ ဗျာ …။

“နောင် … ပစ်လို့ရှိရင် 
ဘယ်တော့မှ မိုးပေါ်ထောင်မပစ်ဘူး” ဆိုတဲ့စကားလို
ဆေးမတိုးတော့တဲ့ ရင်ကြားစေ့ရေးက
ကျနော်တို့ မျိုးဆက်ကို 
နားရွက် တံတွေးဆွတ်နေတယ်။

အောင်မော်ဦး
၂၈/ဇန်/၂ဝ၂ဝ။

* (Counseling for mental health)