မင်းဘုန်းနိုင် - ဖျားနာနေခြင်း အိမ်
KT#
ဖျားနာနေခြင်း အိမ်
မင်းဘုန်းနိုင်
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၁၉
အိမ်ဟာ မိုးတစိုစိုဖြစ်နေတယ်
ငါတို့မိသားစုဝင်တွေနေမကောင်းကြဘူး
ဒုက္ခသစ္စာနားမှာပဲ မရပ်မနားလည်နေတဲ့
ပဋိစ္စသပ္ပါဒ်စက်ဝိုင်းကြီး မရပ်နိုင်သေးဘူး
မိသားစုဆီ မှားထိနေတဲ့ မြှားချက်တွေကြောင့်
ငါ့တို့ အယောက်တိုင်းစီမှာ သွေးထွက်သံယိုဖြစ်ရတယ်။
ကောင်းကင်ကြီးမလုံခြုံလို့
ဘယ်သူ့ကိုအော်ဆဲရမှန်းမသိဘူး။
မိုးများတော့ ရေတွေတရကြမ်းပါလာသလို
အပွန်းအပဲ့တွေများလွန်းတော့ အမာရွတ်တွေ ထင်းထင်းကြီးလင်းလာတယ်။
ငါတို့မိသားစုကို ဘယ်နတ်ဘုရားမှ
မစောင့်ရှောက်နိုင်တာဖြစ်လို့
ငါတို့ကိုယ်ငါတို့ စောင့်ရှောက်ရပါလိမ့်မယ်
ငါတို့ မိသားစုဆီ ဘယ်သင်္ဘောမှ
မဆိုက်ကပ်တာဖြစ်လို့
ငါတို့လှေငါတို့ထိုးငါတို့လမ်းငါတို့ကိုယ်တိုင်ထွင်းရပါလိမ့်မယ်။
မိသားစုကို ပြန်ရဖို့
အိမ် ရှိရာကို ငါ လိုက်ရှာခဲ့တယ်
ကောင်းကင်ကြီးမလုံခြုံလို့
ဘယ်သူ့ကိုအော်ဆဲရမယ်မသိသေးဘူး။
မင်းဘုန်းနိုင်