Breaking News

မောင်သာနိုး - ရှာပုံတော် ကဗျာတပုဒ်

 ကဗျာဆရာနဲ့ သူမ၏ဖခင် 

မောင်သာနိုး - ရှာပုံတော် ကဗျာတပုဒ်

(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၀

ဒီကဗျာရေးသူ ဂဲရဒါ မာယဲရ်ဟာ လူငယ်ဘဝကပဲ ချက်ကိုစလိုဗက်ကီးယားပြည်ကနေ အနောက်ဘက်သို့ ထွက်ပြေးလာခဲ့ကာ အခု ဗြိတိန်မှာ နေထိုင်သူပါ ။ ၁၉၂၇ မှာ မွေးတယ်ဆို တော့ ကဗျာရေးတဲ့ ၁၉၈၇ မှာ အသက် ၆၀ ရှိပါပြီ ။ သူ့အဖေ အာန်(လဒ) စတိုင်းဟာ ဂျာမန်တွေအဖမ်းခံရကာ ၁၉၃၉ မှာ ဂျာမန်အကျဉ်းစခန်းက လွတ်မြောက်ပြီး ရုရှားတွေ သိမ်းပိုက်ထားတဲ့ လဲမ်ဘာဂ်ကို ရောက်သွားတယ် ။ ၁၉၄၀ နွေရာသီမှာ အစပျောက်သွား ပြန်တယ် ။ ရုသျှစခန်းတခုခုမှာ သေဆုံးသွားခဲ့ပြီလို့ပဲ ယူဆခဲ့ကြရတယ် ။ ဒါကိုပဲ သားဖြစ်သူက မိမိ အသက် ၆၀ ဖြစ်လာတဲ့အထိ မမေ့တဲ့နိုင် တသသဖြစ်ကာ အဖေရှာပုံတော်ကဗျာရေးလိုက်ပုံဟာ ရင်နင့်စရာကလေးဖြစ်နေပါတယ် ။
ဂဲရဒါ မာယဲရ်ဟာ ချက်လူမျိုးဖြစ်ပေမဲ့ ငယ်ငယ်ကထဲက အနောက်ကို ရောက်လာခဲ့သူမို့ ကဗျာရေးတော့ အင်္ဂလိပ်လိုပဲ ရေးပါတယ် ။ ကဗျာခေါင်းစဉ်  Make Believe ဆိုတာ ကလေးများ ဘာလုပ်တမ်း ညာလုပ်တမ်းကစားတယ်ဆိုသလိုမျိုး တကယ်မဟုတ်တာကို ဟုတ်လေဟန် စိတ်ကူးယဉ်လုပ်ကြည့်တာကို ပြောတာပါ ။ မြန်မာလို “ယုံတမ်း” လို့ ပြန်လိုက်တယ် ။
အခု တပါဒချင်း ရှင်းပြရာမှာ you ကို “အဖေ”လို့ပဲ ရေးခဲ့ပါတယ် ။ ဒါပေမဲ့ ကဗျာကိုစဖတ်တဲ့သူဟာ you ဆိုတာ ဘယ်သူမှန်းမသိရသေးဘဲ နောက်ဆုံးပါဒကျမှ အဖေမှန်း သိရတာပါ။ ဒါ့ကြောင့် အစအဆုံး မြန်မာလိုပြန်ပြီး ရေးတဲ့နေရာမှာ you ကို ခင်ဗျားလို့ပဲ သုံးလိုက်ပါတယ် ။ ဒါမှကဗျာရဲ့ တဆင့်ပြီး တဆင့် တက်သွားတဲ့
suspense သဘောလေး ပေါ်လွင်ပေလိမ့်မယ် ။ ကိုယ့်အဖေကို “ခင်ဗျား” လို့ ခေါ်တာ မြန်မာစကားမှာ ရိုင်းတော့ ရိုင်းပါတယ် ။ ဒါပေမဲ့ မတတ်နိုင်ဘူး ။ ကဗျာရသ မပျက်အောင် “ခင်ဗျား” လို့ ပဲ သုံးလိုက်ရပါတယ် ။ ဖတ်ကြည့်ပါ ။


ယုံတမ်း / Make Believe

ကျနော် ခြောက်ဆယ် မရှိသေးဘူး ဆိုပါစို့၊
ခင်ဗျား တရာနီးပါး မရှိသေးဘူး ဆိုပါစို့ ၊
ခင်ဗျား အသက်ရှင်ဆဲပဲ ဆိုပါစို့ ။
ဝေးလံတဲ့ တိုင်းပြည် တပြည်ပြည်မှာ
ကျနော့်ကဗျာကို ဖတ်ကြတယ်ဆိုပါစို့ ၊
ခင်ဗျား စာမျက်နှာတွေ လျှောက်လှန်နေတယ်ဆိုပါစို့ ။

ခင်ဗျား ရှပ်အကျီက သွေးကို ၊
မျက်လုံးတွေက မျက်ရည်ကို ၊
အရိုးတွေက မြေကြီးကို ဆေးကြောခဲ့ကာ ။
၁၉၄၀ ကထဲက ပျောက်လဲ မပျောက် ၊
မိတ်ဆွေရဲ့ မိတ်ဆွေရဲ့ မိတ်ဆွေက
နောင် သတင်းပေးသလို သေလဲ မသေ……..

စမတ်ကျကျနဲ့ ခင်ဗျား အဲ့ဒီစာအုပ်ဆိုင်မှာ ရပ်
ကျနော့် သဲလွန်စတွေ မတော်တဆ သွားတွေ့ ။

ဒါ့ကြောင့်ပဲ ခြောက်ဆယ်အရွယ်မှာ
ထုတ်ဝေသူတဦးဦးက ကျနော့်ကို
အတ္ထုပ္ပတ္တိအချက်အလက်များ တောင်းရင် ၊
ခုထိ သေသေချာချာ ပေးလိုက်မိတယ်
ကျနော် မွေးတဲ့နှစ် ၊
ကျနော့် ဇာတိမြို့ရဲ့ အမည်ကို ----
ဂဲရဒါ မာယဲရ် ၊ ချက်ကိုစလိုဗက်ကီးယားပြည် ၊
ကားလဆဘာ့ဒ် မှာ ၊ ၂၇ ခုနှစ်မှာ မွေး …ကျနော့်ဆီ စာရေးပါ ၊ အဖေ ။

ဂဲရဒါ မာယဲရ် / Gerda Mayer

စာကိုး
မောင်သာနိုး (၁၉၉၄) ၊ နိုင်ငံရပ်ခြားကဗျာခံစားမှု ။ ရန်ကုန် ၊ ဒေါင်းစာပေ ။