Breaking News

ကိုအောင်မှိုင်း - အတောင်ကျိူးနေရှာတဲ့ ချိူးဖြူ

https://twitter.com/vitamindove/status/898253234732621824/photo/1


ကိုအောင်မှိုင်း - အတောင်ကျိူးနေရှာတဲ့ ချိူးဖြူ

(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၀

ငြိမ်းချမ်းရေးကို
မငြိမ်းချမ်းချင်သူတွေက
ဦးဆောင်ကြိုးပမ်းနေတယ်ဆိုတော့
ငြိမ်းချမ်းရေးချိူးဖြူ အတောင်ကျိူးရှာပြီပေါ့။

စစ်ပွဲတွေရှိမှ ထ္မင်းဝတဲ့လူတွေနဲ့
စစ်ပွဲတွေရှိမှ လူရာဝင်နေတဲ့လူတွေက
စစ်ပွဲတွေရပ်အောင် လုပ်ပါ့မလားဆိုတာ
အံဝင်ဂွင်ကျမရှိလှတဲ့ တကယ့်သံသယပါဘဲ
နှစ်၇၀စစ်ပွဲတွေမှာလေ လူတွေသေနေတယ်
မနေ့ကဘဲ ကလေးတယောက်သေသွားခဲ့ပြန်ပြီ။

စစ်ပွဲတွေရပ်ပြောရင် ထောင်တနှစ်ဆိုတော့
ထောင်အနှစ်တရာသာ ချလိုက်ပါတော့
စစ်ပွဲကြောင့် အကျိူးပေးကောင်းသူကြိးတို့ရေ
စစ်ပွဲတွေရပ်စေချင်ပြီ စစ်ပွဲတွေရပ်စေချင်ပြီ
စစ်ပွဲတွေရပ် စစ်ပွဲတွေရပ် စစ်ပွဲတွေရပ်။

စစ်ပွဲတွေရပ်ဘို့ အကျိူးဆောင်ကြိးတွေသာ
တနေ့တခြား ကြီးပွါးချမ်းသာလာကြတယ်
စစ်ပွဲတွေကတော့ တိုးလာလိုက်တာ
အရှေ့အနောက် တောင်မြောက်ဘယ်မှာ
လက်ညိုးညွန်ရာ စစ်ဖြစ်စေသလိုပါဘဲ။

မြောက်ဦးက
ဘုရားအတော်များများတော့
စစ်တပ်အမြောက်စာမိလို့ ပရိနိဗ္ဗာန်ပြုကုန်ကြပါပြီ
အနိစ္စ ဒုက္ခ အနတ္တဆိုပြီး ဘုရားဟောတရား
အခုမှလက်တွေ့မှန်မှန်းသိတယ်
ဘုရားအားလုံးလိုလို ကျည်ဆံရာတွေနဲ့ချည့်ပါဘဲ။

စစ်ပွဲတွေဟာ
ဘုရားတွေကိုဖျက်နိုင်ပေမဲ့
တရားတွေကိုတော့ မဖျက်နိုင်ပါဘူး
ဓမ္မနဲ့အဓမ္မမှာ နောက်ဆုံးတော့
ဓမ္မသာ အောင်ပွဲခံမှာပါလေ
အဲဒါက လောကလုံးဆိုင်ရာအမှန်တရား။

အတောင်ကျိူးရှာနေတဲ့ ချိူးဖြူငှက်ဟာ
သဘာဝတရားကြီးရဲ့ စောင့်ရှောက်မှုအောက်မှာ
အဓမ္မတွေကိုရင်ဆိုင်ဘို့ မိုးကောင်းကင်ကြီးပေါ်မှာ
ဝဲပျံလာတာ ငါတို့မြင်နေရပြီ
နောက်မတွန့်ကြနဲ့ ဒူးမထောက်ကြနဲ့
ထောင်အနှစ်တရာ နှစ်ပြန်ချကြပါစေ
ငြိမ်းချမ်းရေးတေးကို အကြိမ်ပေါင်းများစွာ
အတူတကွ ရွတ်ဆိုကြစို့ရဲ့။

ကိုအောင်မှိုင်း (၁၂ရက်ဇန္နဝါရီလ ၂၀၂၀)