Breaking News

လှကျော်ဇော - တရုတ်-တောင်ကိုးရီးယား-ဂျပန် (၃) နိုင်ငံထိပ်သီးအစည်းအဝေးကြီး



လှကျော်ဇော - တရုတ်-တောင်ကိုးရီးယား-ဂျပန် (၃) နိုင်ငံထိပ်သီးအစည်းအဝေးကြီး

(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၀

တရုတ်ပြည် ချင်တူးမြို့မှာ ဒီဇင်ဘာ(၂၄)ရက်နေ့က ရှစ်ကြိမ်မြောက် (၃) နိုင်ငံခေါင်းဆောင်များအစည်းအဝေးကိုကျင်းပခဲ့ပါတယ်။ တရုတ်ပြည်က ဝန်ကြီးချုပ် လီခက်ချန်၊ တောင်ကိုးရီးယားသမတ မွန်ဂျေအင်း၊ ဂျပန်ဝန်ကြီးချုပ် ရှင်စိုအာဘေးတို့ (၃) ဦး ဆွေးနွေးပွဲအပြီ းသဘောတူညီချက်စာချုပ်တွေ တသီတသန်းကြီး ချုပ်ဆိုခဲ့ကြပါတယ်။

ဒီ (၃) နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးယန္တရားနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲစတင်လာတာ အနှစ်(၂၀)ရှိပါပြီ။ ဒါပေမယ့် တောင်ကိုးရီးယားနဲ့ဂျပန်ဟာ အမေရိကန်နဲ့ လုံခြုံရေးဆိုင်ရာမဟာမိတ်များဖြစ်နေလို့ ခရီးကပေါက်သင့် သလောက်မပေါက်ဖြစ်နေရတာပါ။ ဒါ့အပြင် မကြာမီက စတင်ခဲ့တဲ့ ဂျပန်နဲ့တောင်ကိုးရီးယားကုန်သွယ်ရေးဆိုင်ရာအငြင်းပွားမှုများကလည်း တမှောင့်ပါ။

ဒါတွေကြားထဲက ဒီသုံးပွင့်ဆိုင်အစည်းအဝေးကြီးပေါ်ပေါက်လာရုံမျှမက ဒီအစည်းအဝေးအပြီးပေါ်ထွက်လာတဲ့ ---- ရှေ့ ၁၀နှစ် အတွင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် စီမံကိန်းစာတမ်းအပြင်

တရုတ်-ဂျပန်-တောင်ကိုးရီးယား + (X) သို့မဟုတ် (3+X) ဆိုတဲ့ ပုံစံအောက်မှာပြုလုပ်မယ့်စီမံကိန်းများကိုကြည့်ပါ။

(ဒီအစည်းအဝေးတွေရဲ့ အစီအစဉ်ကိုက အတော်အသေးစိတ်ပါတယ်။ (၂) နိုင်ငံချင်းအရင်တွေ့ (၂)နိုင်ငံကြားက ပြသနာတွေကိုအရင်ရှင်း။ ပြီးမှ (၃)ပွင့်ဆိုင်တွေ့၊ ပြသာနာအသေးလေးတွေကို အောက်ခြေအဆင့်ဆင့်မှာအရင်ရှင်းထား စသဖြင့်) ဒီလိုနည်းလမ်းတွေနဲ့  ဒီ(၃)နိုင်ငံကြားက အပြန်အလှန်ဆက်ဆံရေးများကို အတော်တည်ငြိမ်အောင် လုပ်နိုင်လိုက်တယ် ဆိုတာမြင်ရမှာပါ။ 

ဒီကနေ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို (၃)နိုင်ငံတွင်းသာမက ((3)+X) ဆိုတဲ့ စီမံကိန်းများအောက်မှာ စတုတ္ထအဖွဲ့ (fourth party)  (e.g 3 + Asean) စသဖြင့် အလွန်ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင် မှာဖြစ်ပါတယ်။

ဒီလိုမျိုးစီးပွားရေးပုူးပေါင်းဆောင်ရွက်ရေးများကနေ- အပြန်အလှန် နိုင်ငံရေးယုံကြည်မှုများကိုတည်ဆောက်နိုင်ပြီး ဒီကမှတဆင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးများကို လုပ်ဆောင်လာနိုင်ပါတယ်။ (ဒါဟာ မြောက်ကိုးရီးယားအနုမြူလက်နက်ကိစ္စကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေပေါ်ထွက်နိုင်မယ့်အချက်ပါ။)

ဒီလိုနည်းနဲ့ ဗဟုစုံဝါဒ (Multilateralism) နဲ့ လွတ်လပ်တဲ့ကုန်သွယ်ရေး ( free trade)ကို ကာကွယ် ထိန်းသိမ်း မြှင့်တင်နိုင်မှာဖြစ်ကြောင်း ဒါ့အပြင် ၂၀၂၀အတွင်း ပေါ်ထွက်လာမယ့် အာဆက်(R CEP) အတွက်လည်းတွန်းအားဖြစ်စေပြီး ဒီကနေ ပိုမိုတရားမျှတတဲ့ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်ရေးစနစ် (global--governance) ပေါ်ပေါက်ရေးအတွက်လည်း အားဖြစ်စေမယ့်အကြောင်း ယုံကြည်နေကြပါတယ်။ 

(အာဆက်က အိန္ဒိယထွက်သွားပြီးနောက် ဂျပန်များ လိုက်သွားမလားလို့ တချို့ကစိုးရိမ်ခဲ့ဖူးပါတယ်။ တကယ်က ဂျပန်က အိန္ဒိယကိုပြန်ဝင်ဖို့ စည်းရုံးနေပါတယ်။)

တကယ်တော့ အမေရိကန်ရဲ့စီးပွားရေးဆိုင်ရာ ငါတကောကောတဲ့ ဝါဒ (unilateralism protectionism)ကကမ္ဘာစက်မှုနဲ့ တန်ဖိုးဆိုင်ရာကွင်းဆက်တွေကို ပုံပန်းပျက်စေတဲ့အတွက် သူမဟာမိတ်များကိုယ်တိုင်က (မိမိပြည်တွင်းလိုအပ်ချက်များအရ) တခြားလမ်း ရွေးချယ်ရတာပါ။

အာရှတိုက်ရဲ့ စီးပွားရေးအကြီးဆုံး (၃) နိုင်ငံဖြစ်တဲ့ တရုတ် တောင်ကိုးရီးယား ဂျပန်ဟာ ကမ္ဘာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလွန်အရေးပါတဲ့ တွန်းအားဖြစ်ပါတယ်။ ဒီ (၃) နိုင်ငံဟာ ကမ္ဘာထွက်ကုန်အစုစုရဲ့ ငါးပုံတပုံ (၂၄%) ကို ထုတ်လုပ်နေတာဖြစ်ပြီး အချင်းချင်းကြား ထောက်ပံ့ရေးကွင်းဆက်ဟာလည်းနီးနီးကပ်ကပ် ဆက်စပ် နေပါတယ်။ အဓိကကုန်သွယ်ဖက်များဖြစ်ကြပြီး အပြန်အလှန် အဓိကရင်းနှီးမြှုပ်နှံသူများလည်း ဖြစ်ကြပါတယ်။ 

မနှစ်က (၃)နိုင်ငံကြား ကုန်သွယ်ရေးဟာ (ဒေါ်လာ ၇၂၀ ဘီလီယံ) ဖြစ်ပါတယ်။ ဒီ အိမ်နီးချင်း(၃)နိုင်ငံဟာ လူမှုရေး နိုင်ငံရေး အခြေခံချင်း ကွဲပြား ပါတယ်။ သမိုင်းဆိုင်ရာပဋိပက္ခ၊ နယ်မြေဆိုင်ရာ အငြင်းပွားမှုတွေလည်းရှိပါတယ်။ ဒါ့အပြင် တရုတ်-အမေရိကန် ဆက်ဆံရေး အတက်အကျရဲ့ ဂယက်ရိုက်မှုများလည်း ရှိပါတယ်။

ဒီလိုပြသနာတွေအမျိုးမျိုးကြားက သူတို့(၃)နိုင်ငံအနေနဲ့  အချင်းချင်းကြား ယုံကြည်မှုကို ပိုမိုတိုးတက်စေပြီးမိမိတို့အချင်းချင်းကြားက မတူခြားနားချက်များကို လျှော်ကန်သင့်မြတ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေပြီး အနာဂတ်မှာတွေ့လာရမယ့် စိန်ခေါ်မှုအမျိုးမျိုးကို အတူပူးတွဲရင်ဆိုင်နိုင်ဖို့ ကြိုးစားလာကြတာ တွေ့ရပါတယ်။

ဒါတွေက ကမ္ဘာကုန်သွယ်ရေးစနစ်အတွက် ပိုမိုတရားမျှတရေးကို တွန်းအားပေးနိုင်ပါလိမ့်မယ်။

(အဲဒီအစည်းအဝေးတွေအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်ဝန်ကြီးချုပ် လီကရော၊ ဂျပန်ဝန်ကြီးချုပ် ရှင်စိုအာဘေးကရော၊ ဒီသဘောတူညီမှုများကနေ ကမ္ဘာကုန်သွယ်ရေးအဖွဲ့အစည်းကြီး (W.T.O)
ပြပြင်ပြောင်းလဲရေးအတွက် တွန်းအားဖြစ်စေနိုင်ပါတယ် လို့ပြောသွား ကြပါတယ်။)

၄-၁-၂၀၂၀
ကိုးကား။
China Daily (Editorials) 25-12-2019/