Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၈)


ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၈)

တုံးမောင်းသံ ငါတို့ကြား ညီညွတ်ကြစို့လား

(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၂၀


​ တခါတော့ သံလျှက်မှော်အရှေ့ရပ်ကွက်ထဲမှာ သီတဂူဆရာတော့်တရားပွဲ ရှိတယ်ဆိုလို့ တရားနာဘို့ သွားကြတယ်။ ဥပုသ်နေ့နဲ့တိုက်တော့ တရားနာသွားတဲ့သူတွေက အများသား။ သွားကြရင်းက သံလျှက်မှော်မီးသတ်ရုံးမှာ အစောင့်ချထားတဲ့ စစ်သားတစ်ယောက်က တရားနာဘို့ သွားတဲ့ ဦးဇင်း ကိုရင်တွေကို "ဘယ်ညာ ဘယ်ညာ" နဲ့ အော်ပြီး မောင်းတယ်။ ဒါနဲ့ သွားနေတဲ့ အဖွဲ့တစ်ဖွဲ့က "ဟေ့ကောင်.. မင်း ဘာစော်ကားတာလဲ။ ငါတို့ဟာ..မင်းတို့လို ခိုင်းတာပဲ လုပ်တတ်တဲ့ စစ်သားတွေ မဟုတ်ဘူး။ ဒါကို မင်း..တောင်းပန်ရမယ်" လို့ ပြောတော့..ဘယ်ညာမောင်းတဲ့ စစ်သားက "ငါ့ဘာသာ ငါ့ပါးစပ်နဲ့ ငါအော်တာ ဘာလို့ တောင်းပန်ရမှာလဲ" လို့ ခပ်ရိုင်းရိုင်း ပြန်ပြောတယ်။ သူနဲ့ စကားပြောချိန်မှာ အရက်နံ့က ထောင်းလမောင်းထလို့။ ဒီလို ပြန်ပြောတဲ့စစ်သားကို ဦးဇင်းတစ်ပါးက အင်္ကျီစ ဆွဲပြီး ထိုးမယ်လုပ်တော့ ကျန်တဲ့စစ်သားတွေက သေနတ်နဲ့ ချိန်တယ်။ ချိန်လဲ ချိန်ရော အင်္ကျီစကို ဆွဲထားတဲ့ဦးဇင်းက အင်္ကျီစကို လွှတ်ပေးပြီး ချိန်ထားတဲ့ သူတွေကို "ဟေ့ကောင်တွေ မင်းတို့က တကယ် ပစ်ချင်နေတာလား၊ ပစ်ချင်နေရင် ပစ်ကြကွာ" လို့ ပြောပြီး အပေါ်ဝတ် ဧကသီကိုရော အံသကိုဋ်ကိုပါ ချွတ်ပြီး ရင်ကော့ပေးတယ်။ ဒီတော့ ဘေးက ပါလာတဲ့ သူငယ်ချင်းဦးဇင်းတွေက "လာပါကွာ၊ ဘာလုပ်ပိုင်ခွင့်မှ မရှိတဲ့သူတွေနဲ့ တု..ဖြစ်မနေပါနဲ့။ ကျောင်းပြန်ပြီး တိုင်းအတွင်းရေးမှူးကို ဆုံးမပေးဘို့ တိုင်ကြတာပေါ့" လို့ ပြောပြီး ပြန်ဆွဲခေါ်လာတယ်။

ကျောင်းပြန်ပြီး တိုင်းအတွင်းရေးမှူးဆီ ဖုံးဆက်တော့ "ဘယ်နေရာကလဲ၊ သူတို့ရဲ့ အထက်အရာရှိကိုရော တွေ့ခဲ့လား၊ စိတ်ထဲ မထားပါနဲ့ဘုရား။ သူတို့ကို ဆုံးမလိုက်ပါ့မယ်။ သူတို့ကိုယ်စား တပည့်တော်ကပဲ အနူးအညွတ်တောင်းပန်ပါတယ်ဘုရား" လို့ ပြန်လျှောက်တယ်။ 

ဖုံးဆက်ပြီး ထိုင်မယ်လုပ်ခါ ရှိသေး၊ တုံးမောင်းခေါက်သံ ကြားရတယ်။ တုံးခေါက်သံက ပုံမှန်ခေါက်နေကျ အသံမျိုးမဟုတ်ပဲ ထူးခြားနေတယ်။ တုံးခေါက်သံကြားတော့ အကုန်လုံးနီးပါး ထွက်လာကြတာပေါ့။ လူစုမိပြီး အကျိုးအကြောင်း မေးကြည့်တော့ ကိုရင်ကြီးတစ်ပါးက စစ်သားတွေနဲ့ စကားများနေတာကို တွေ့ပြီး ခေါက်လိုက်တာတဲ့။ အဲတော့ အကုန်စုပြီး သွားကြပြန်တယ်။ တိုက်ဟောင်းကလဲ သတင်းကြားပြီး ထွက်လာကြတယ်။
ဒီတုံးခေါက်သံနဲ့ ပတ်သက်ပြီး ဘုရားဝတ်ပြုချိန်မှာ ဆရာတော် မိန့်ခဲ့တာလေး ရှိတယ်။ "အကြောင်းကြီးငယ် ရှိလို့၊ အရေးကိစ္စ ပေါ်လို့ တုံးခေါက်သံ ကြားပြီဆိုရင် ကိုရင်လေးတွေ ခေါက်တဲ့ တုံးပဲ ဖြစ်ပါစေ၊ အားလုံး ထွက်ရမယ်" လို့ မိန့်ခဲ့တော့ အားလုံးနီးပါး ထွက်ကြတယ်။ 

ဟိုရောက်တော့ ပြဿနာရှာတဲ့ စစ်သားကို နေရာ ရွှေ့လိုက်ပြီ။ တာဝန်ကျ ဗိုလ်ကြီးက "တပည့်တော်တို့ ရိုက်နှက်ဆုံးမပြီး အချုပ်ထဲ ထည့်လိုက်ပြီဘုရာ့။ အခု ဒီမှာ ဒီရဲဘော်လေးတွေပဲ ရှိတော့တယ်။ သူ့ကိုယ်စား တပည့်တော်ကပဲ အနူးအညွတ် တောင်းပန်ပါတယ်ဘုရား" လို့ လက်အုပ်ကလေး ချီပြီး လျှောက်တော့မှ ကျေနပ်သွားပြီး တရားပွဲ ကြွတဲ့သူတွေ ကြွကြ၊ ကျောင်း ပြန်တဲ့သူတွေ ပြန်ကြတယ်။
ထောက်လှမ်းရေးတွေ စေစားတဲ့အတိုင်း ကပြခဲ့ရတဲ့စစ်တပ်က ခပ်လှမ်းလှမ်တွေမှာ နေရာယူထားကြသလို စစ်တပ်ကို ခိုင်းစားခဲ့တဲ့ ထောက်လှမ်းရေးတွေကတော့ တိုက်ကြီးတွေရဲ့မလှမ်းမကမ်းမှာရှိတဲ့ လဘက်ရည်ဆိုင်တွေမှာ ထိုင်ပြီး စနည်းနာကြ၊ တချို့လဲ သူတောင်းစားယောင်ဆောင်၊ ပလပ်စတစ်ကောက်သမားယောင်ဆောင်ပြီး တိုက်ထဲတွေထိ ဝင် ထောက်လှမ်းကြတယ်။ တခါ..တခါ ထမင်းတောင်းချိန်ကို လွန်ပြီး ရောက်လာတတ်ကြသေးတယ်။ ဒီလို အခါမျိုးတွေမှာတော့..ခွေးကျွေးထားတဲ့ ခွေးစာခွက်တွေကို ဟိုထိုး၊ ဒီလှန် လုပ်နေတတ်ကြတယ်။ သိလို့ ရိုက်လွှတ်ချင်ပေမယ့် ဒေါ်စုကို ဆရာတော်ပေးဘူးတဲ့ ဩဝါဒလေးတစ်ခုကြောင့် အသာ လွှတ်ပေးခဲ့တယ်။
ဒေါ်စု အချုပ်က လွတ်ပြီးဆရာတော့်ဆီ ဩဝါဒလာ ခံယူချိန်မှာ ဒေါ်စုက "တပည့်တော် စည်းရုံးရေးဆင်းတိုင်း အမြဲလိုလို နှောက်ယှက်ခံရတယ်ဘုရား" လို့ လျှောက်တော့ ဆရာတော်က "ညည်ကိုး ပုံပြင်တပုဒ်တော့ ပြောလိုက်ဦးမယ်။ ရှေးရှေးတုန်းက တောထဲမှာ ရသေ့တစ်ပါး တရား သွားအားထုတ်သတဲ့။ သူတရား အားထုတ်တိုင်း ပြိတ္တာတွေက လာလာပြီး နှောက်ယှက်သတဲ့။ ဒါနဲ့ ဒီနေရာဟာ သူတို့ နေတဲ့ နေရာမို့
မလာစေချင်တဲ့ သဘောရှိလို့ လာနှောက်ယှက်ဟန်တူပါရဲ့လို့ တွေးပြီး နောက်ထပ် တစ်နေရာ ရွေ့ပြီး အားထုတ်သတဲ့။ ဒီလို နေရာပြောင်း အားထုတ်တော့လဲ လာပြီး နှောက်ယှက်ပြန်သတဲ့။ ရသေ့လဲ အတော်လေး စိတ်ညစ်သွားပြီး တခြား တရားကျင့်သက် ရင့်တဲ့သူတွေကို မေးကြည့်လိုက်တော့ အမေးခံရသူက "ဟ..ရှင်ရသေ့လေးရ၊ ပြိတ္တာက သူ့အလုပ်ဖြစ်တဲ့ နှောက်ယှက်တဲ့အလုပ် သူလုပ်မှာပဲ။ ဒို့ရသေ့တွေကတော့ ဘယ်လောက် နှောက်ယှက် နှောက်ယှက်၊ ဒို့ ရသေ့ အလုပ်ဖြစ်တဲ့ မွန်မြတ်သန့်စင်တဲ့ တရားအားထုတ်တဲ့အလုပ် လုပ်ရမှာပဲ" လို့ ဆုံးမလိုက်သတဲ့။ အဲဒီ အဆုံးအမကို လိုက်နာပြီး တရားအားထုတ်တော့မှ တရားထူး ရသွားသတဲ့။
ကျောင်းနားကပ်လာတဲ့ ထောက်လှမ်းရေးတွေနဲ့ပတ်သက်ပြီး (၈၉)ခုနှစ်လောက်ကလဲ ရာဇဝင်ပေါက်စလေးတစ်ခု ရှိခဲ့သေးတယ်။ ဒါကတော့ ကျောင်းထဲမှာ လာခိုကြတဲ့ ကျောင်းသားတွေနဲ့ပတ်သက်ပြီးတော့ပါ။ အဲ...ကျောင်းသားဆိုလို့..ပီဘိ..တက္ကသိုလ်ကျောင်းသားကြီးတွေ၊ အာဂ အထက်တန်းကျောင်းသားလတ်တွေလို့တော့ မထင်လိုက်နဲ့ဦး။ (၇)တန်း၊(၈) တန်းပဲရှိသေးတဲ့ အလယ်တန်းကျောင်းသားလေးတွေ။ သူတို့တွေကို ကျောင်းမှာ လှုပ်ရှားလို့ စစ်ထောက်တွေ အလိုရှိတာလားဆိုတော့လဲ မဟုတ်ပြန်ဘူး။ ကျောင်းသားကြီးတွေ ဟောပြောတာကို နားထောင်မိလို့ပဲဖြစ်ဖြစ်၊ ကျောင်းသားကြီးတွေ ဝေတဲ့ လှုံ့ဆော်ဝါဒဖြန့်တဲ့ စာရွက်တွေကို လက်ဝယ်ထားရှိမိလို့ပဲဖြစ်ဖြစ် ထောက်လှမ်းရေးတွေက ဖမ်းတတ်ကြတယ်။ ရပ်ကွက် ငြိမ်/ပိ တွေကလဲ ထောက်လှမ်းရေးရဲ့ ရုပ်သေးရုပ်တွေဆိုတော့ သူတို့အိမ်ဟာ မလုံခြုံတော့ဘူး။ ဒီတော့ ကျောင်းထဲကို "ထောက်ရှောင်" ကျောင်းသားတွေအဖြစ် ရောက်လာကြတယ်။ ဒီလို ရောက်လာတော့ ကျောင်းသားကြီးတွေက ထိန်းပေးရတာပေါ့။ သူတို့လဲ ကျောင်းသားကြီးတွေ လုပ်တာကိုင်တာကြည့်၊ သူတို့ဖတ်တဲ့စာအုပ်တွေ လိုက်ဖတ်ရာက နိုင်ငံရေးပိုးတွေ ဝင်လာပြီး နောက်ပိုင်းမှာ သတ္တိရှိရှိ ဟောတတ်ပြောတတ်တဲ့ ကျောင်းသားအင်အားစုတွေ ဖြစ်လာတယ်။
ရောက်လာတဲ့ ကျောင်းသားအများစုကလဲ မြို့ပေါ်က ကျောင်းသားတွေသာ များတော့ တခါတခါ အိမ်ကို သတိရလို့၊ တခါတခါ သုံးစရာ မရှိလို့ဆိုပြီး ပြောတဲ့အခါလဲ ပြော၊ ခိုး ပြန်တဲ့အခါလဲ ပြန်ကြတယ်။ ဒီလို အိမ်ပြန်တာကို ထောက်လှမ်းရေးတွေ တွေ့ရင် သိရင် လမ်းမှာပဲဖြစ်ဖြစ်၊ ညအိပ်နေတုန်းပဲဖြစ်ဖြစ်၊ တွေ့မရှောင် အကုန် ဖမ်းလေ့ရှိတယ်။ အဖော်မပါပဲ တစ်ယောက်ထဲ သွားမိလို့ပဲဖြစ်ဖြစ်၊ အိမ်ကို ပြန်မိလို့ပဲဖြစ်ဖြစ် အဖမ်းခံရလေတော့ ကျောင်းသားတွေ တဖြည်းဖြည်းနဲ့ လျော့လာတယ်။
တနေ့သား..ကျောင်းသားအငယ်လေးတွေချည်း စုပြီး ကျောင်းနားက လဘက်ရည်ဆိုင်မှာ သွားသောက်ကြတယ်။ သောက်နေရင်း ဘေး ဘီ ဝဲ ယာကို ကြည့်လိုက်တော့ လဘက်ရည်သောက်သလိုလိုနဲ့ ကျောင်းသားတွေကို လာခြောင်းတဲ့ ငထောက်နှစ်ယောက်ကို တွေ့လိုက်ကြတယ်။ တွေ့တာနဲ့ သူတို့ (၅)ယောက် တိုင်ပင်ပြီး ခါးကြားမှာ ပါလာတဲ့ဓားတွေနဲ့ ထောက်ပြီး ထောက်လှမ်းရေးနှစ်ယောက်ကို ဖမ်းလာတယ်။ ကျောင်းထဲရောက်တော့ ကျောင်းသားကြီးတွေ လက်ထဲ အပ်ကြတယ်။ ကျောင်းသားကြီးတွေကလဲ တိုက်ထဲ ဖမ်းခေါ်လာတဲ့ ထောက်လှမ်းရေးတွေကို လက်ဖျားနဲ့တောင် မတို့ပဲ နောင်တော် ဦးဇင်းတွေ လက်ထဲကို တဆင့် ပြန်အပ်ကြတယ်။ ကိုယ်တွေက အရိုက်အနှက် ဝါသနာထုံတဲ့သူမဟုတ်တော့ သူတို့ အပ်လာတာကို ခပ်ရွံ့ရွံ့ ဖြစ်နေမိတယ်။ 

ထောက်လှမ်းရေးကို ဖမ်းခေါ်လာတယ်ဆိုတဲ့ သတင်းက ချက်ချင်းပြန့်သွားတော့ နှစ်တိုက်သံဃာတွေ တဖွဲဖွဲရောက်လာပြီး "လက်သီးနဲ့ တစ်ပါး တစ်ချက် ထိုးကွာ" "သေးနဲ့ ဝိုင်းပမ်းကွာ" "တစ်ပါးတစ်ချက်လောက်ပဲ နဖူးကို တောက်ကြပါဟ" "သူတို့ နှိပ်စက်သလို သံပိုက်လုံးနဲ့ ညိုသကျည်းကို လှိမ့်ကွာ" နဲ့ တပါးတပေါက် ပြောနေကြချိန်မှာ..
"ဒီကိစ္စကို ဒို့နှစ်ပါးပဲ တာဝန်ယူလိုက်မယ်" ဆိုတဲ့ အသံကြားလို့ လှည့်ကြည့်မိတော့ နန္ဒောပနန္ဒ ဦးတိဿနဲ့ နာဠာဂီရိ ဦးကုသလ(ခင်ဇော်)တို့ ဖြစ်နေတာကို တွေ့လိုက်တယ်။ ဆေးလိပ်ကိုယ်စီ ဖွာရင်း ဖမ်းလာတဲ့ကျောင်းသားတွေကို ခေါ်ခိုင်းလိုက်တော့ လက်အုပ်ကလေးတွေ ချီပြီး ရောက်လာတယ်။ ရောက်လာတဲ့ ကျောင်းသားပေါက်စလေးတွေကို ကြည့်ပြီး မောင်ကုက "အကောင်သေးပေမယ့် အဆိပ်ရှိတဲ့ သတ္တဝါလေးတွေပါလား၊ သတ္တိကိုတော့ အတော် လေးစားသွားပြီ။ ဒါနဲ့..မင်းတို့က ဘာလို့ ဖမ်းလာကြတာလဲ၊ ဘယ်သူ့မှ မကြောက်နဲ့၊ မင်းတို့ စိတ်ထဲ ရှိတဲ့အတိုင်းပြော" လို့ ခွင့်ပြုလိုက်ချိန်မှာ...

"သားတို့ အကိုကြီး၊ အမကြီးတွေကို ဖမ်းဘို့ လာခြောင်းနေတာရယ်၊ သူတို့ ဖမ်းလွန်းလို့လဲ သားတို့ အကိုကြီး အမကြီးတွေ တစ်နေ့ တခြား လျော့လျော့ သွားတာတွေရယ်၊ သူတို့ ဖမ်းမိသွားတဲ့သူတွေကို စစ်ကြောရေးမှာ တအားရိုက်နှက် နှိပ်စက်တယ်ဆိုတဲ့သတင်းတွေကို ကြားပြီး မခံရပ်နိုင်လွန်းလို့ သားတို့ ဖမ်းလာခဲ့တာပါဦးဇင်း" လို့​ လျှောက်ခါ ရှိသေး ထောက်လှမ်းရေးတွေဘက် လှည့်ပြီး "တွေ့လား၊ နို့နံ့ မစင်သေးတဲ့ ကလေးတွေတောင် မင်းတို့ စောက်ကြောတွေကို အကုန် သိနေပြီ၊ ဒါလောက်တောင် ခြောင်းချင်၊ ဖမ်းချင်၊ နှိပ်စက်ချင်တဲ့ကောင်တွေ ကဲဟာ ကဲဟာ" နဲ့ ပြောပြီး ပါးကို နှစ်ပါးလုံး ဘယ်ပြန်ညာပြန် ရိုက်လိုက်ကြတာ ဂျပန်ကား ကြည့်နေရသလိုပဲ။
"အခုရော ဖမ်းဘို့ လာခြောင်းကြတာမဟုတ်လား" လို့ မေးတော့ ငထောက် တစ်ယောက်က "မဟုတ်ပါဘူး။ လဘက်ရည် လာသောက်ရုံသက်သက်ပါ" လို့ ဖြေလိုက်တယ်ဆိုရင်ပဲ ဒေါသတွေ အလိပ်လိုက်ထွက်ပြီး "ဘာကွ၊ မြို့ထဲက ကောင်းပေ့ဆိုတဲ့ လဘက်ရည်ဆိုင်တွေကို ကျော်ပြီး ဒို့တွေ မရှိသုံး သုံးနေတဲ့ဆိုင်ကိုများ တကူးတက လာသောက်ရတယ်လို့" ဆိုပြီး ပြောလဲ ပြော၊ ခဲထားတဲ့ ဆေးလိပ်ကို ရဲသထက် ရဲအောင် ဖွာပြီး ဆေးလိပ်နဲ့ မျက်နှာကို ဆောင့်ထိုးပစ်တယ်။ စိတ်ကျေနပ်တဲ့အထိ ထုနှက် စစ်မေးပြီး ကျောင်းသားကြီးတွေကို "မင်းတို့ရော ဆွမ်းကြီး လောင်းကြဦးမလား" မေးပြန်တယ်။ မေးတော့ ကျောင်းသားတွေ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး "မလောင်းတော့ပါဘူး ဦးဇင်းတို့ရာ" လို့ ဖြေကြချိန်မှာ မောင်ကုက " ဟင်း....ဒါဆို ဒီအတိုင်းကြီး လွှတ်ပေးလိုက်ရတော့မှာပေါ့" တဲ့။ ဒီတော့မှ ကျောင်းသားတစ်ယောက်က မောင်ကုနား ကပ်ပြီး တီးတိုးစကား ပြောလိုက်တယ်။ ကပ်ပြီး ပြောလိုက်တဲ့ စကားအဆုံးမှာ ကျေနပ်နှစ်သက်စရာတွေ ပြည့်လျှမ်းနေတဲ့ မောင်ကု မျက်နှာကြီးကို တွေ့လိုက်ရတယ်။ ကိုယ်တွေနဲ့အတူ လက်တွဲလုပ်လာတာ ကြာတော့ သူ့မျက်နှာရိပ် မျက်နှာကဲကို ဖတ်တတ်နေပြီ။ သေချာတယ် တခုခုတော့.....
"အေး..မင်းတို့ကို တစ်ခု မှာလိုက်မယ်။ နောက်ဆိုရင် အတတ်နိုင်ဆုံး ကျောင်းနားကို လုံးဝ မလာမိစေနဲ့။ အခုတော့..လွှတ်ပေးလိုက်မယ်။ ဒီအတိုင်းတော့ မလွှတ်ပေးဘူး။ ဒီက တစ်၊ နှစ်၊ သုံး တိုင်ပင် ခေါ်ပေးအပြီးမှာ အမြန် ပြေးရမယ်။ နောက်ကို လုံးဝ လှည့် မကြည့်နဲ့။ လှည့်ကြည့်မိရင် မျက်နှာတွေ ထိမယ်။ ကဲ..လေးခွနဲ့ ပစ်မယ့်ကျောင်းသားတွေ အသင့်ပြင်" လို့ ပြောပြီး တိုင်ပင် ခေါ်ပေးလိုက်တယ်။ ပြေးတဲ့သူက ပြေး၊ ပစ်တဲ့သူက ပစ်နဲ့ပေါ့။
သူတို့အတွက်တော့ ကံဆိုးတယ်လို့ ပြောရမယ်ထင်တယ်။ အဲဒီနှစ်မှာ ရွှေတချောင်း ရေလျှံပြီး တိုက်ဟောင်းထဲမှာ ဒူးလောက်အထိ ရေကြီးတာနဲ့ ကြုံတယ်။ ရေထဲ ဖြတ်ပြေးရတာဆိုတော့ ထင်သလောက် ခရီးမပေါက် ဖြစ်နေတာပေါ့။ နောက်ကနေ တရစပ် ပစ်နေတဲ့ ကျောင်းသားတွေရဲ့ဘတ်ခွဟာ စစ်အတွင်းက ကျွဲနက်ကြီးနှစ်ကောင် စက်သေနပ် ပစ်နေဘိသည့်အလား...