Breaking News

ကိုသန်းလွင် - ဆော်ဒီအိမ်ရှေ့မင်းသားကို အံတုသူ



ကိုသန်းလွင်  - ဆော်ဒီအိမ်ရှေ့မင်းသားကို အံတုသူ

(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၂၀

(၁)

ဆော်ဒီအာရေးဗီးယားမှ တော်ဝင်မိသားစုကို ပျက်ရယ်ပြုရာတွင် ဂါနမ်အယ်မာစာရီရာ (Ghanam al –Masarir) လောက်တော့ ဘယ်သူမှ ပြောင်မြောက်မည်ဟုမထင်ပါ။

ယူကျူ့တွင် သူတင်ပြခဲ့သော ရာပေါင်းများစွာသော ဗွီဒီယိုများကို သန်း ၃၀ဝ အကြိမ်မျှ ကြည့်ရှူ့ပြီးကြပါပြီ။ သူသည် မြောက်ပိုင်း လန်ဒန်အိမ်ရှိသူ့စားပွဲတွင်ထိုင်မည်။ အာရပ်လိုရွှင်လန်းစွာနှုတ်ဆက်ပြီးစိတ်ပျက်ဖွယ် ရာကောင်းသော ဆော်ဒီအာရေးဗီးယားနှင့်ဆိုင်သည့် အဖြစ်အပျက်များကို ပြောမည်။ လေသံက ဟာသသံပါ သည်။ အနည်းငယ်တော့ ပုံကြီးချဲ့ပါသည်။

သူဗီဒီယို တွင် ပါတတ်သည့် ပစ်မှတ်တစ်ခုကတော့ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆော်လမွန်ပင် ဖြစ်ပါသည်။ ဝါရှင်တန်ပို့စ်တွင်စာရေးနေသူ ဂျာနယ်လစ် ခါရှောက်ဂျီကို သေမိန့်ပေးခဲ့သူဟုအများကယုံကြည်ကြပါသည်။ သူ့ကို ဝက်ဝံနှင့်နှိုင်းသည်။ ဝက်ဝံဆိုသည်မှာ သူတို့အာရပ်နိုင်ငံများတွင်တော့ လူမိုက်ခေါင်းဆောင်ဖြစ်ပြီး ရွံရှာဖွယ် အဓိပ္ပါယ်သက်ရောက်ပါသည်။

အာရေးဗီးယားတွင် အစိုးရ၏ပေါ်လစီကို ဝေဖန်မိသဖြင့် ထောင်ထဲရောက်နေရသူများရှိပါသည်။ သူတို့သည် သူတို့ခေါင်းဆောင်ကို နာမည်ကိုပင် မခေါ်ကြပါ။ ဤမျှရိုသေလေးစားကြရပါသည်။ ထို့ကြောင့်သူ့ကို ဝက်ဝံ နှင့်နှိုင်းခြင်းမှာ အဘယ်လောက် အပြစ်ကြီးလေးသည် ဆိုခြင်းကို နားလည်နိုင်ပါသည်။

၂၀၁၈ခုနှစ် အောက်တိုဘာလက သူ့ထံသို့ ဗြိတိသျှရဲအရာရှိများရောက်လာပြီး သူ့အသက်မှာ အန္တရာယ်ရှိ ကြောင်း တရားဝင်ပြောကြားခဲ့ကြပါသည်။ သူတို့သည် သူ့ဖုန်းလိုင်းမှာ အရေးကြီးလျှင်ခေါ်ရန် ခလုပ်တစ်ခု တပ်ဆင်ပေး သွားခဲ့ပါသည်။ သို့ပါသော်လည်း အန္တရာယ်နှင့် ပတ်သက်၍ ဘယ်ကလာမည်၊ ဘယ်မှာမြစ်ဖျား ခံသည်ဆိုခြင်းကို မူ သူ့ကို ဘာမှပြောမသွားပါ။

သူ၏ ဆိုရှယ်မီဒီယာတွင်လည်း အကြိမ်ကြိမ် ဆော်ဒီအစိုးရက ခြိမ်းချောက်ခြင်းကို ခံခဲ့ရပါသည်။ ဗြိတိသျှရဲပေါ် မလာမီ ရက်အနည်းငယ်အတွင်းက ဆော်ဒီတို့သည် သူ့ကိုအန္တရာယ်ပေးမည့် အကြံအစည်ကို အရှိန်တိုးမြင့် လုပ်ဆောင်နေသည်ဟု ပြောပါသည်။

ကနေဒါအခြေစိုက် (Citizen Lab) ၏အဆိုအရ သူ့တယ်လီဖုန်းမှာ အစ္စရေးတို့ရေးသည့် စပိုင်ဝဲယား (Spyware) အထည့်ခံရသည်ဟု ယုံကြည်ရပါသည်။ ထိုဆော့ဖဝဲယားမှာ သူပြောသမျှ၊ သူရေးသမျှနှင့် သူဘယ်နေရာကို ရောက်ရှိနေသည် ဆိုသည်ကို အမြဲ ထုတ်လွှင့်နေပါသည်။

သူသည် မာဖီးယားစတိုင် အဖွဲ့အစည်း၏အန္တရာယ်ကို ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း၊ သူသည် ဥပဒေအရ အရေးယူရန်အတွက် ရှေ့နေများနှင့်တိုင်ပင်နေပါသည်။ ထိုအဖွဲ့က (No win, no fee) ဆိုသကဲ့သို့ အနိုင်မ ရပါကအခကြေးငွေပေးစရာမလိုပါ။

ထိုအကြောင်းကို အတည်ပြုချက်ချက်ရရှိရန် အတွက် အမေရိကန်၊ အင်္ဂလန်နှင့် ဆော်ဒီနိုင်ငံတို့တွင်ရှိသော ဆော်ဒီအရာရှိများကိုဆက်သွယ်သော်လည်းပြန်ကြားချက် မရရှိ ကြပါ။

(၂)

မာဆာရီယာသည် အင်္ဂလန်သို့ လွန်ခဲ့သော ၁၆နှစ်က ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။ အင်္ဂလန်တွင် ပညာရှာရန် နှင့် ဆိုးရွားသော ဆော်ဒီနိုင်ငံ၏အခြေအနေများကို အများသိအောင်ပြောပြရန်အကြံရှိခဲ့ပါသည်။ သူ့တွင်ရှိသည့် အနုပညာဓါတ်ခံအားကြောင့်ယူကျူ့တွင်သူအယူအဆများကို ထုတ်ဖေါ်ရန် အကြံဉာဏ်များရရှိခဲ့ခြင်း ဖြစ်သည်။ သူမမျှော်လင့်နိုင်သည့်ကျော်ကြားမှုနှင့် ဝင်ငွေကိုလည်းရရှိခဲ့သည်ဟုဆိုသည်။ ၂၀၁၈ ခုနှစ်အတွက်အာရပ်ကမ္ဘာ ၏ တွေးခေါ်မြှော်မြင်တတ်သော ခေါင်းဆောင်နေရာတွင် နံပါတ် ၁၇ စွဲခဲ့သည်။

ယခုဆိုလျှင် သူ၏ ဗီဒီယိုကားသစ်များကို မကြည့်ရသည်မှာ ကြာပါပြီ။ အဟောင်းများကိုသာ ထပ်ခါထပ်ခါ ပြရသည်မှာ လချီ၍ကြာခဲ့ပါပြီ။ ယခင်ကဆိုလျှင် တစ်ပါတ်လျှင် သုံးလေးကြိမ်မျှ ရီကော့လုပ်ရသည်။

“ကျွန်တော်ဟာ ပြန်လာမှာပါ၊ ဘယ်တော့လည်းတော့ မသိဘူးပေါ့ဗျာ”ဟု ပြောသည်။ သူသည် ဟာရော့ (Harrods Departmental Store) ဆိုင်သို့ ဈေးဝယ်သွားတိုင်းသွားတိုင်း သူ့ကို မှတ်မိနေသော လူအုပ်က နှုတ်ဆက်သဖြင့် မကြာမကြာရပ်၍ စကားပြော ရသည်။ အဘယ့်ကြောင့်ဆိုသော် ဆော်ဒီအာရေးဗီးယားမှ ဧည့်သည်များသည် ဟာရော့ စတိုးသို့ ဈေးဝယ်လာလေ့ရှိသောကြောင့် ဖြစ်ပါသည်။ သူနှင့်ဓါတ်ပုံတွဲရိုက် လိုသော မိသားစုများအတွက် လေးလေးစားစားရပ်၍ ရိုက်လေ့ရှိပြီး သူ့ကိုခင်၍ အော်ဟစ်နှုတ်ဆက်သူများကို လက်ပြ၍ နှုတ်ဆက်တတ်သည်။

သူ့၏ကိုယ်ပိုင်အချိန်များမှာဆိုလျှင်စကားကိုညင်ညင်သာသာပြောတတ်ပြီးသူ၏ကြောက်ရွံ့့ ထိတ်လန့်နေသော အမူအရာက သိသာထင်ရှားလှသည်။ ကော်ဖီဆိုင်များမှာသူမှာသောကော်ဖီကိုပင်အဆိပ်ပါမှာစိုး၍ သောက်ရန် ကြောက်ရွံ့နေသည်။ သူ့အိပ်ထဲတွင် (Pepper Spray) ကဲ့သို့ မျက်နှာကို ပန်းနိုင်သော ဗူးတစ်ခုအမြဲဆောင် ထားရသည်။ သူ့နားသို့ကပ်လာပါက ထိုဗူးကို အသုံးပြုရန် အသင့်ဖြစ် နေတတ်သည်။

ယမန်နှစ် အောက်တိုဘာ ၃၁ ရက်နေ့က မက်ထရိုရဲသား နှစ်ယောက်က သူ့အိမ်ကိုရောက်လာပြီး “Osman Warning”ကို ပေးသွားကြသည်။ လန်ဒန်ရဲတို့၏ အလေ့အထမှာ အဆိုပါပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် အသက်အန္တရာယ်နှင့် နီးကပ်နေပြီး မည်သူ့ကိုမျှ ဖန်းဆီးရန် သက်သေလုံလောက်ခြင်းမရှိပါက ဤကဲ့သို့ အကြောင်းကြားစာကို ပို့လေ့ရှိကြသည်။

သူ့ကိုထားခဲ့သော (Panic button) မှာနှိပ်လိုက်လျှင် ရဲကိုသတင်းရောက်ရှိနိုင်ပြီး လိုအပ်ပါက ရဲတို့သည် သူ့အိမ်တံခါးကို ချိုးဖျက်၍ ဝင်ရောက်လာမည်ဖြစ်သည်။

ဤကဲ့သို့ အန္တရာယ်ရှိကြောင်း အကြောင်းကြားခြင်းမှာ ခါရှောက်ဂျီမသေမှီ ရက်သတ္တပတ် အနည်းငယ်အလိုမှာ ဖြစ်သည်။ စီ၊အိုင်၊အေ ကထိုလူသတ်မှုကို အိမ်ရှေ့မင်းသားဆော်လမွန်က အမိန့်ပေးသည်ဟုကြေညာသည်။

ဤကဲ့သို့သော ဘဝမျိုးကို ၂၀ဝ၃ခုနှစ် သူဗြိတိန်သို့ရောက်လာခါစက မျှော်လင့်ခဲ့သည်မဟုတ်ပါ။ သူ့ဇာတိမြို့ ဖြစ်သော အယ်ခါရတ် (Alkharj) (ရီရာဒ် မြို့တောင်ဘက် မိုင် ၅၀ အကွာအဝေးတွင်ရှိသည်) မှ လာခဲ့သည်။ ပို့စ်မောက် တက္ကသိုလ် ( University of Portsmouth) တွင် ကွန်ပျူတာသိပ္ပံကို သင်ယူပြီး ဒီဂရီတစ်ခုရပြီဆို လျင် အလုပ်ဝင်လုပ်၍ ရပါပြီ။ ထိုစဉ်ကတည်းက ဆော်ဒီအစိုးရက ပုန်ကန်ရန် ကြိုးစားခဲ့သည်။

သူ့ဘဝကိုပြောင်းလဲစောသောအဖြစ်အပျက်တစ်ခုမှာ ၂၀၁၄ ခုနှစ်တွင် လူတစ်ယောက်ကို အကြိမ်ပေါင်းများစွာ တွေ့ဆုံပြီး မိတ်ဆွေအဖြစ်သတ်မှတ်ခဲ့ရာ နောက်ပိုင်းတွင် ဆော်ဒီအစိုးရအတွက် အလုပ်လုပ်သူဖြစ်ကြောင်း သိလိုက်ရသည်။ ထိုနှစ်မှာပင် သူ့ဆွေမျိုးတော်သူတစ်ဦးမှာ ရောမကောင်ဆဲလာရုံးမှ လန်ဒန်သို့ ပြောင်းရွှေ့ လာသည်။

ယခင်က ရင်းနှီးမှုမရှိခဲ့ဘဲသူ့ဆွေမျိုးက သူ့ကိုမော်ရိုကိုနိုင်ငံ၊ အီဂျစ်နိုင်ငံတို့ သို့အလည်အပတ်များသွား ရောက် ရန် ဖိတ်ခေါ်သည်။ ထိုဖိတ်ခေါ်ချက်အားလုံးကို ငြင်းပယ်ခဲ့သည်။

ဆော်ဒီအာရေးဗီယားသည် ထိုနိုင်ငံများမှာ လူများကို ပြန်ပေးဆွဲ ဖမ်းဆီးလေ့ရှိကြောင်း သိထား၍ဖြစ်ပါသည်။ တစ်နေ့က သူဆွေမျိုးဆိုသူကသူ့ကို ဟော်တယ်တစ်ခုသို့ချိန်း၍ မိတ်ဆွေတစ်ယောက်ကို ပြန်ဘို့ကိုနှုတ်ဆက် ဖို့ခေါ်သည်။ သို့သော်လည်း တွေ့ဆုံပွဲတွင် သူ့ဆွေမျိုးက အိမ်သာသို့သွားစဉ်၌ သူ့မိတ်ဆွေက ကပ်ပြီး “လန်ဒန်မှာပဲ နေပါ”ဟု စကားကို တုံးတိတိနှင့်ပြောသည်။

သူကလည်းသိပါသည်။ သူ့အမူအရာက လန်ဒန်က ဘယ်ကိုခေါ်ခေါ် မလိုက်ပါနဲ့ ဟူ၍ဖြစ်သည်။ ထိုသို့ထုတ် ပြောသော မိတ်ဆွေမှာ မူထရက် (Maher Abdulaziz Mutreb) ဆိုသူဖြစ်သည်။ သူသည် ခါရှောက်ဂျီသတ်မှု တွင် အဓိကတရားခံဖြစ်သည်ဆော်ဒီတို့ကပြောသည်။ ယခုဆော်ဒီအာရေးဗီးယားတွင် သေဒဏ်ပေးခံရသူ ၅ ယောက်မှာ ရာထူးမကြီးသောသူများဖြစ်ပြီး မစ္စာမူထရက်၏ ကံကြမ္မာကိုမူ မသိရသေးပေ။

(၃)

၂၀၁၁ခုနှစ်တွင်သူ၏ ကျောင်းသားဗီဇာကုန်သွားသောအခါနိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားခဲ့သည်။ နိုင်ငံရေး ခိုလှုံခွင့်တောင်းသောအခါ စတိုင်ပင်ရနေသော တစ်ပါတ်လျှင်ပေါင် ၅၀ မှာအဖြတ်ခံရသည်။ ၂၀၁၄ ခုနှစ်တွင် သူ၏ပထမဆုံး ဗီဒီယိုကို ပို့စ်လုပ်လိုက်သည်။ ထိုဗီဒီယိုတွင် ယခုအခါ ကွယ်လွန်သွားပြီဖြစ်သော ဘုရင် အဘဒူလာက ဆိုရှယ်မီဒီယာတို့ကို တိုက်ခိုက်ခြင်းအား သရော်ထားသည်။

၂၀၁၆ခုနှစ်တွင် မိန်ကလေးများကခုန်ခြင်းကို ကန့်သတ်ခြင်းအကြောင်း ဗီဒီယိုမှာ ယခုအခါ ၁၃သန်း အကြိမ်မျှ ကြည့်ရှူ့ကြသည်။ သူ့ဗီဒီယိုများမှ ဝင်ငွေမှာ တစ်လလျှင်ပေါင် ၆၀ဝ၀ ခန့်ဖြစ်သည်။

သူ့နိုင်ငံရေး ခိုလှုံခွင့်လျှောက်လွှာမှာ ၆နှစ်ကျော်မျှစောင့်ရပြီး ခါရှောက်ဂျီသတ်မှုအပြီး ရက်သတ္တပါတ်အနည်း ငယ်အကြာ အောက်တိုဘာ ၂၅၊ ၂၀၁၈ တွင် အတည်ပြုခံရသည်။

ကိုသန်းလွင်

Ref: He mock Saudi Arabia on YouTube, David Segal, New York Times January 3 2020