Breaking News

အေးငြိိိိိမ်း - ကျွန်ုပ်နှင့် မဟာဆန်ချင်သူပြဇာတ်အကြောင်း



အေးငြိိိိိမ်း - ကျွန်ုပ်နှင့် မဟာဆန်ချင်သူပြဇာတ်အကြောင်း

(မိိုးမခ) ဇန္နဝါရီ ၂၂၊ ၂၀၂၀

 ကျွန်ုပ် “မဟာဆန်ချင်သူပြဇာတ်” နှင့်စတင်ရင်းနှီးခဲ့ဖူးသည်မှာ ၈ တန်းကျောင်းသားဘဝ ကတည်းက ဖြစ်၏။

ထိုစဉ် (၁၉၇၆) က အထက်တန်းမြန်မာစာတွင် ပင်ရင်းစကားပြေနှင့် စိတ်ကြိုက်စကားပြေ ဟု နှစ်ခုသင်ရ၏။

ကျွန်ုပ်မှာ မြန်မာစာကို အသည်းအသန်ဝါသနာပါသူဖြစ်ရကား ၈ တန်းကျောင်းသားဘဝကပင် ထို ပြဋ္ဌာန်းစာအုပ်နှစ်အုပ် လုံးပါ စာများအားလုံးကို ဖတ်ပြီးဖြစ်နေသော ဟူ၏။

စကားပြေစာအုပ်များကိုသာမက အထက်တန်းကဗျာစာအုပ်ပါ ကဗျာအားလုံးကိုလည်း တစ်လုံးမကျန် ဖတ်ပြီးနေပြီ ဆိုလျှင် လွန်လွန်းသည်ဟု အသင်တို့မထင်ကြပါကုန်လင့်။

သို့သော် မြန်မာပြည်ပညာရေးကို နှစ်စဉ်အဆင့်မြှင့်နေကြကုန်သော မဟာပြင်ညာယှိအပေါင်းတို့၏ ကောင်းမှုဖြင့် ကျွန်ုပ် ၉ တန်း၊ ဆယ်တန်းရောက်သည့်အခါ စနစ်သစ်ပညာရေးနှင့် ညားခဲ့ရပြီးသကာလ အနှီ စကားပြေ၊ ကဗျာစာအုပ်တို့နှင့် ဆုံဆည်းခွင့် မရခဲ့တော့ပါလေ။

ထိုစဉ်က စကားပြေစာအုပ်တွင် စကားပြေအကြောင်းနှင့်ပတ်သက်၍ ဆောင်းပါးတစ်ပုဒ်ပါ၏။ ခေါင်းစဉ်ကိုတော့ မမှတ်မိတော့ပါ။ ထိုဆောင်းပါးတွင် စကားပြေဟူသည် အဘယ်နည်း ဆိုသည်ကို မဟာဆန်ချင်သူ ပြဇာတ်မှ စကားလေး ဖြင့် မိတ်ဆက်ထား၏။

မဟာဆန်ချင်သူပြဇာတ်တွင် ဦးရွှေနှောင်းက -
“ကြည့်စမ်း၊ အနှစ် လေးဆယ်တိုင်တိုင် ကျွန်တော် စကားပြေတွေကို ပြောနေပါကလား။ အစက ဒီလိုမှန်းမသိရတာ နာလိုက်ပါဘိ ဆရာရယ်။ အခုမှပဲ ဉာဏ်အလင်း ရပေတော့တယ်။”
- ဟု ပြော၏။

ထို့နောက် ဒေသကောလိပ် ကျောင်းသားဘဝတွင်လား၊ တက္ကသိုလ်ကျောင်းသားဘဝတွင်လား မမှတ်မိ။ မဟာဆန်ချင်သူ ပြဇာတ်ကို အစအဆုံးဖတ်ခဲ့ဖူးပါသည်။ သို့သော် ငယ်သေးတော့ ပြဇာတ်၏အရသာကို မခံစားတတ်ခဲ့။

ဟိုတစ်နေ့ကတော့ မဟာဆန်ချင်သူပြဇာတ်ကို တစိမ့်စိမ့်ပြန်ဖတ်၏။
ပြဇာတ်ကိုမဖတ်မီ ဆရာကြီး၏ အမှာစာကို သေသေချာချာဖတ်၏။
ထို့နောက် မူရင်းပြဇာတ် (အင်္ဂလိပ်ဘာသာဖြင့်) ကို ရှာဖတ်၏။

ထိုအခါ ကျွန်ုပ် အတော်ဝမ်းနည်းမိလေသည်။
ဆရာဇော်ဂျီက “ပထမတစ်ကြိမ်ဖတ်လိုက်ကတည်းက ကျွန်ုပ်အလွန်နှစ်သက်သည်။ မူလဇာတ်ရေးဆရာကြီး မိုးလျဲ၏ အာဘော်ကို ရေးရေးမျှသိလိုက်သည်။” ဟု ဆို၏။

ကျွန်ုပ်အဖို့မှာမူ အင်္ဂလိပ်ဘာသာဖြင့်ရေးထားသည့် ပြဇာတ်ကို ဖတ်ပြီး ကြိုက်ဖို့ကို မဆိုထားပါနှင့်။ ဘာဆိုလိုသည်ကို မိအောင် မနည်းကြိုးစားယူရလေသည်။ ထိုအခါကျမှ မိမိ၏ အင်္ဂလိပ်စာအဆင့်အတန်း အဘယ်မျှ ချာတူးလန်နေမှန်း သိရ၏။

ကျွန်ုပ်မှာ စင်ကာပူတွင်နေသဖြင့် အင်္ဂလိပ်စာနှင့် မထိမတွေ့လို့မရ။ နေ့စဉ် အင်္ဂလိပ်လိုပြော၊ အင်္ဂလိပ်လိုဖတ်၊ အင်္ဂလိပ် လိုရေး နေရသည်သာ ဖြစ်၏။ သို့သော် အမှန်ကိုဝန်ခံရပါမူ ဝတ္ထုတို အနည်းအပါးမှလွဲ၍ ကျွန်ုပ်သည် အင်္ဂလိပ်လို ရေးထားသည့် စာကြီးပေကြီးများကိုမူ တစ်အုပ်မှကုန်အောင် ဖတ်ခဲ့ဖူးခြင်းမရှိပါလေ။

မြန်မာပြည်ပညာရေးကို အဆင့်အတန်းမြှင့်ရန် နေ့မအားညမအား ကြိုးစားအားထုတ်နေကြကုန်သော (ဝါ) ရွံ့တုံးတတုံး ရထားသည့် ကလေးသည် ထိုရွံ့တုံးကို နွားရုပ်လုပ်လိုက်၊ ခွေးရုပ်လုပ်လိုက်ဖြင့် ကလိချင်တိုင်း ကလိနေသော ကလေးငယ်ကဲ့သို့ ပညာရေးဆိုသည့်အရာကြီးကို ကလိချင်တိုင်းကလိနေသည့် ပညာရေးဋ္ဌာနက လူဂျီးမင်းအပေါင်း တို့သည် ကျောင်းမှထွက်လာကြကုန်သော ကျောင်းသားငယ်အပေါင်းကို ဒွတ်ဒက်၊ ရွှတ်ရှက်နှင့် ဘိုလိုမှုတ်တတ်စေရန် တည်းဟူသော မဟာဗျူဟာ စီမံကိန်းချလျက် ၉ တန်း၊ ဆယ်တန်း၌ ဝပ်သာရင်းဟိုက်နှင့် ဂလိတ်အိတ်စက်ပလက်တေး ရှန်း (တံတွေး စင်လိုက်တာကွာ) တည်းဟူသည့် ဂန္ဓဝင်ဝတ္ထုကြီးနှစ်ပုဒ်ကို သင်ကြားရန် ပြဋ္ဌာန်းပြန်လေတော့၏။

ထိုအခါ ဝပ်သာရင်းဟိုက်ကို ဗမာလိုသာ ဖတ်ဖူးပြီး အင်းဂလစ်ရှ်လို မဖတ်ဖူးသည့် ကျွန်ုပ်မှာ မူရင်း အင်္ဂလိပ်ဝတ္ထုကြီးကို ဖတ်ရှုရန် မိုက်မဲစွာ ကြိုးပမ်းပြန်လေ၏။ သို့သော် ထိုစဉ်က ယခုခေတ်လို အင်တာနက် အသာထားလို့ အင်တာဖြူ၊ အင်တာညိုတို့တောင်မရှိသေးရကား ကျောင်းပြဋ္ဌာန်းစာအုပ်ပါ စာများကို ဖတ်ကြည့်လေ၏။ သို့သော် ဆယ်လုံးဖတ်၍ တစ်လုံးတောင် နားမလည်လေရကား တစ်ခန်းမကုန်မီပင် ပန်လန်လက်ရပြန်လေတော့၏။ ဂလိတ်အိတ်စက်ပလက် တေးရှန်းလည်း ထိုနည်း၎င်းပင် ဖြစ်၏။

(ကျွန်ုပ် ဆယ်လုံးဖတ်လို့ တစ်လုံးနားမလည်သည့် ထိုဂန္ထဝင်ဝတ္ထုကြီးများမှ ဇာတ်ကောင်များ၏စရိုက်ကို ဝေဘန်ပြနိုင် သော ထိုခေတ်က ဆယ်တန်းကျောင်းသားကျောင်းသူများ၏ အရည်အချင်းကို ကျွန်ုပ် မလေးစားဘဲ မနေနိုင်ပါချေ။ ဤကား စကားချပ်)

သို့နှင့် ဆရာကြီးဘာသာပြန်ထားသည့် မဟာဆန်ချင်သူနှင့် အင်္ဂလိပ်ပြဇာတ်တို့ကို ကျွန်ုပ် တစ်ကြောင်းချင်း တိုက်ဖတ်ကြည့်၏။
ထိုအခါတွင် ဆရာကြီးအား စိတ်ထဲမှ အကြိမ်ကြိမ် ဦးချကန်တော့မိပါသည်။
အလွန်လည်း ဝမ်းနည်းမိ၏။
ဤပြဇာတ်ကို ကျွန်ုပ်သာဘာသာပြန်ရမည်ဆိုလျှင် ဆရာကြီး၏ ဘာသာပြန်ချက်ကို ဖင်ဖျားမျှပင် မီမည်မဟုတ်ပါ။

Victoria ကို ဗစ်တိုးရီးယားဟု သမုတ်နေကြကုန်သော ဤ ၂၁ ရာစု ဘာသာပြန်ဆရာအပေါင်းတို့သာ ဤပြဇာတ်ကို ဘာသာပြန်ရမည်ဆိုပါက ငါးပါးသာမက သံဃာစင်ပါမှောက်ပြီး မဏ္ဍပ်ပါပြိုကိန်းရှိလေသည်။

အမှန်က မဟာဆန်ချင်သူ တစ်ပုဒ်တည်းမဟုတ်ပါ။
ရှေးခေတ်ဘာသာပြန်ဆရာကြီးများအားလုံး ဤနည်းအတိုင်းပင် ဘာသာပြန်ခဲ့ကြတာချည်း ဖြစ်၏။
ကျွန်တော် တတိယနှစ်လောက်တွင် သခင်ဘသောင်း၏ တထောင့်တည ပုံပြင်များကို ဖတ်ရ၏။ အလွန်နှစ်သက်လှသဖြင့် စာအုပ်ကိုပါဝယ်ထားခဲ့ပါသည်။
ထို့နောက် ကျွန်တော် နောက်ဆုံးနှစ်လောက် ထင်ပါသည်။ ကျော်လှိုင်ဦး၏ တစ်ထောင့်တစ်ည မြန်မာပြန်စာအုပ် ထွက်လာတာဖတ်ရပြန်၏။
သူဘာသာပြန်ဆိုထားသည်များမှာ မမှားပါ။
သို့သော် သခင်ဘသောင်း၏စာအုပ်နှင့် ယှဉ်ဖတ်လိုက်လျှင် ကျွန်ုပ်အစ်မကြီးချက်သော ငါးပိချက်နှင့် စင်ကာပူဆိုင်များမှ ရောင်းသော ကိုက်လန်ရွက်ကြော်ကဲ့သို့ ကွာလေသည်။

ဆရာကြီးရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ သခင်ဘသောင်း စသည့်ဆရာကြီးတို့၏ ဘာသာပြန်ဝတ္ထုများကိုဖတ်ကြည့်ကြပါ။ ဘာသာပြန်ဝတ္ထုလို့ကို မထင်ရ။ သူတို့ပင်ကိုယ်ရေး ဝတ္ထုကဲ့သို့ပင်ဖြစ်၏။ သူတို့က အင်္ဂလိပ်ဝတ္ထုကို ရိုးရိုးဘာသာပြန်တာ မဟုတ်။ မြန်မာမှုပြုခြင်း ဖြစ်လေသည်။

George Orwell ၏ Animal Farm ကို သခင်ဘသောင်းက ‘ခြေလေးချောင်း တော်လှန်ရေး’ ဟု ဘာသာပြန်၏။ မိတ်ဆွေတို့ ဖတ်ကြည့်စေချင်ပါသည်။ သို့မှ ဆရာကြီးများ ဘာသာပြန်ပုံကို အနည်းအပါး တီးမိခေါက်မိမည်။

လွယ်ကူခြင်းသည် အခါခပ်သိမ်းမကောင်းဟု ကျွန်ုပ်ထင်၏။
ယခင်ခေတ်က စာတစ်စောင်၊ ပေတစ်ဖွဲ့ဖြစ်လာဘို့ အတော်ကြိုးစားအားထုတ်ရ၏။

ဟိုးရှေးယခင်က စာကို ပေရွက်ပေါ်တွင် ကညစ်နှင့်ရေးရ၏။
ပေရွက်ပေါ်တွင် သည်အတိုင်း ရေးလို့ရတာမဟုတ်။
ပေပင်ပေါ်မှရလာသည့် ပေရွက်ကို စာရေးလို့ရအောင် ပြုပြင်ယူရ၏။ နောက်ပြီး ကြာရှည်ခံအောင်လည်း လုပ်ရ၏။
ထိုပေရွက်ပေါ်တွင် သံချောင်းဖြင့်လုပ်ထားသည့် ကညစ်ဖြင့်ရေးခြစ်ရခြင်းမှာ စာရွက်ပေါ်တွင် ဘောပင်/ခဲတံတို့နှင့် ရေးရ တာလောက်မလွယ်။ အင်မတန် အင်အားစိုက်ထုတ်ရ၏။
သို့တိုင် ပေစာများတွင် အကျအပေါက် အမှားအယွင်း နည်းလှ၏။
(ပုဂံခေတ် ကျောက်စာများတွင် စာလုံးပေါင်းမှားတာ မရှိသလောက် ဟု ဆရာကြီး မောင်ခင်မင်ရေးတာ ဖတ်ဖူးပါသည်။)

စာရွက်၊ ခဲတံ၊ မင်တံ၊ ဘောပင်များပေါ်လာတော့ စာကို သက်တောင့်သက်သာ ရေးနိုင်ပြီဖြစ်၏။

နောက်တော့ လက်နှိပ်စက်ပေါ်လာ၏။ လက်နှင့်ရေးတာထက် လက်နှိပ်စက်နှင့်ရိုက်တာက ပိုမြန်ပြီး ပိုတာသွားသည်။ သို့သော် လက်နှိပ်စက်က ဈေးလည်းကြီးပြီး ဝန်တာလည်းပိုသဖြင့် လက်နှိပ်စက်နှင့်စာရေးသူ အတော်နည်းမည် ထင်ပါသည်။

ဟော၊ သိပ်မကြာခင် ကွန်ပြူတာဆိုတာ ပေါ်လာသည်။ ကွန်ပြူတာက လက်နှိပ်စက်ထက် အများကြီးပိုကောင်းသည်။ စာရေးစရာ စာရွက်မလို။ မှားမှာ မကြောက်ရ။ လက်နှိပ်စက်ထက် ရိုက်ရပိုသက်သာသည်။ တူသည့်စာများဆို ပြန်ရိုက် စရာမလို။ copy and paste လုပ်လို့ရသည်။ မှားသွားသည့်စာများကို အလွယ်တကူပြန်ရှာကာ အလွယ်တကူ ပြန်ပြင် နိုင်လေသည်။ စာမျက်နှာ မည်မျှများပါစေ။ စာရွက်အထပ်လိုက်ကြီးသယ်သွားစရာမလို။ ကွန်ပြူတာထဲ၌ပင် အချိန် မရွေးထုတ်ကြည့်နိုင်သည်။ အချိန်မရွေးထုတ်ပြင်နိုင်သည်။

အခုကျတော့ ကွန်ပြူတာမျှသာမဟုတ်တော့။ တက်ဘလက်၊ နုတ်ပက် စသည့် အီလက်ထရောနစ်ပစ္စည်းများသာမက လက်ကိုင်ဖုန်းနှင့်တောင်မှ စာရေးနိုင်လေပြီ။ (တကယ်ဆို ရေးတာတောင်မဟုတ်၊ လက်ဖျားကလေးနှင့် တောက်ရ တာဖြစ်၍ စာတောက်တာဟုပင် ခေါ်နိုင်လေသည်။ ဤကားစကားချပ်)

စာရွက်ပေါ်တွင် ဘောပင်နှင့်ရေးရတာ ခဲပင်မခဲယဉ်းသော်ြငား ကျွန်တော်ကိုယ်တိုင်ပင်လျှင် (ကျောင်းဆရာဘဝက ရေးခဲ့သည့် ဆောင်းပါး ၄ - ၅ - ၁၀ ပုဒ်လောက်ကလွဲလို့) စာအားလုံးကို ကွန်ပြူတာနှင့်ပင် ရေးခဲ့တာဖြစ်ပါသည်။

ရေးရတာလွယ်လာသလောက် စာပေအပေါ်တွင် တန်ဘိုးထားမှုလည်း ကျဆင်းလာခဲ့၏။
အရေးအသားကို အလေးစိုက်သူ နည်းလာ၏။
စာလုံးပေါင်းဆိုတာ မြောင်းထဲရောက်သွားသည်။
သဒ္ဒါဆိုတာ ဘယ်နေမှန်းမသိ။

‘မဟာဆန်ချင်သူ’ ကဲ့သို့ မြန်မာမှုပြုဘို့ကိုမဆိုထားပါနှင့်။ ရိုးရိုးဘာသာပြန်တာမှာတောင် တလွဲတောက်တဲ့ ဘာသာပြန် များကို မမြင်ချင်မှအဆုံး ဖြစ်လေသည်။ အဲလေ ဘာသာပြန်တာထားပါတော့။ သာမန်စာလေးလောက်မျှကိုပင် မှန်အောင်ရေးနိုင်သူ (အစိုးရဋ္ဌာနများ၊ ပညာတတ်အခေါ်ခံသူများ၊ စာရးဆရာဆိုသူများ အပါအဝင်) ယခုခေတ်၌ အတော်ရှားလာပြီ ဖြစ်ကြောင်း ကျွန်ုပ်တို့ နေ့စဉ်ဖတ်နေရသည့် သတင်းများ၊ ဆောင်းပါးများ၊ ဝတ္ထုများက သက်သေခံလျက်ရှိ၏။

ကျွန်ုပ်တို့သည် တိုးတက်လာရမည့်အစား ဆုတ်ယုတ်လာနေသည်။
စိတ်မကောင်းစရာ အခြေအနေပါတည်း။
နောင်မျိုးဆက်သစ်များသည် ဤအခြေအနေကို ကုစားနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၁ ဇန္နဝါရီလ၊ ၂၀၂၀

(စာကြွင်း။ ။ ဖေ့စ်ဘုတ်နှင့်အဆက်ဖြတ်ထားတာ အတန်ကြာသွားပါသဖြင့် မည်ကဲ့သို့ ခေတ်မီဆုတောင်း ပြုရမည်ကို မကြံတတ်ပါသောကြောင့် ဆုတောင်း မထည့်ခြင်း ဖြစ်ပါ၏။)