Breaking News

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် - 7. Dog Star - ခွေးဟောင်သည့် နိမိတ်


ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် -    7. Dog Star - ခွေးဟောင်သည့် နိမိတ်

(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၀

Arthur C. Clarke (1917-2008) - Tales of Ten World — ဆယ်ကမ္ဘာ ဝတ္ထုများမှ

ကျွန်တော် အိပ်ပျော်နေရင်း ကျွန်တော့်ခွေးမလေး လိပ်ကာ (Laika) ဟောင်သံကို ကြားနေ သည်။ ကျွန်တော် အိပ်ရာမှ နိုးလာသောအခါကျမှ သတိရလိုက်သည်မှာ လိပ်ကာ သေပြီပဲ။ သူ သေတာ ငါးနှစ်ရှိပြီ။ ကမ္ဘာမှာတုန်းက သူ သေခဲ့တာပဲ။ အခု ကျွန်တော်သည် လပေါ်က အာကာသစခန်းမှာ ရှိနေတာ ဖြစ်သည်။

ကျွန်တော် ပြန်သတိရနေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ကျွန်တော်သည် လိပ်ကာကို တွေ့ခဲ့တာ ဖြစ်သည်။ ကျွန်တော်သည် ပလိုမာတောင်ထိပ်ရှိ အာကာသစခန်းကို သွားသည့်လမ်း တွင် သူ့ကို တွေ့ခဲ့သည်။ သူက ငယ်လည်း ငယ်သည်။ တော်တော်ကြောက်နေပုံရသည်။ သူ့ကို ကားနှင့် တိုက်မိသွားမှာကို ကျွန်တော် စိုးရိမ်မိပါသည်။ ကျွန်တော်သည် သာမန်အားဖြင့် တိရစ္ဆာန်များကို မချစ်တတ်ပါ။ ထိုအချိန်က လိပ်ကာကို ခဏလောက် ယူထားပြီး မိတ်ဆွေ တယောက်ယောက်ကို ပေးဖို့ စဉ်းစားထားပါသည်။ သို့သော် သူသည် မျက်လုံးကလေးများကို ဖွင့်၍ ကျွန်တော့်အား မော့ကြည့်လိုက်ချိန်တွင် ကျွန်တော်သည် သူ့ကို ချစ်မိသွားပါသည်။

ထို့ကြောင့် သူသည် ကျွန်တော်နှင့် နေဖြစ်သွားသည်။ သူသည် အလွန်လှပသော အယ်(လ်) ဇေးရှင်း ခွေးလေး ဖြစ်သည်။ အသိဉာဏ်လည်း ရှိပါသည်။ ကျွန်တော် အလုပ်သွားတိုင်း ကျွန်တော်နှင့်အတူ လိုက်လာသည်။ ကျွန်တော်သည် ပလိုမာ အာကာသစခန်းမှ အဝေးကြည့် မှန်ပြောင်းကြီးနှင့် အာကာသထဲကို ကြည့်၍ လေ့လာနေစဉ် လိပ်ကာသည် ထောင့်တခုတွင် အိပ်နေသည်။

တနေ့တွင် ကျွန်တော်သည် ဘာကလေကို အလုပ်ဖြင့် သွားရသည်။ ကျွန်တော်သည် လိပ်ကာကို မထားခဲ့ချင်သောကြောင့် ခေါ်သွားသည်။ ကျွန်တော့်မိတ်ဆွေများက ခွေး မချစ်တတ်ကြပါ။ သို့သော် လိပ်ကာကို ဧည့်ခန်းတွင် နေခွင့်ပြုထားသည်။

ညသန်းခေါင်ယံတွင် လိပ်ကာသည် ထဟောင်တော့သည်။ ကျွန်တော် ဧည့်ခန်းသို့ သွားကြည့် သောအခါ သူသည် ဟောင်၍ တံခါးကို လက်သည်းဖြင့် ခြစ်နေသည်။ ဘာဖြစ်လို့ပါလိမ့်။ ကျွန်တော် စဉ်းစားသည်။

“တိတ်တိတ်နေစမ်း” ဟု ကျွန်တော်က ပြောလိုက်သည်။

“ငါ မင်းကို တံခါးဖွင့်ပေးမယ်။ ဒါပေမဲ သိပ်အကျယ်ကြီး မဟောင်နဲ့”

ဤသို့ပြောရင်း တံခါးဖွင့်ပေးလိုက်သောအခါ လိပ်ကာသည် အပြင်သို့ ပြေးထွက်သွားသည်။ အပြင်ဘက်တွင် တော်တော်နွေးပါသည်။ ထို့ကြောင့် ကျွန်တော်သည် သူ့ကို အပြင်ဘက်မှာပဲ စောင့်နေသည်။

ထိုအချိန်တွင် ထူးထူးဆန်းဆန်းတခု ဖြစ်ခဲ့သည်။ မြေကြီးသည် တုန်ခါ၍လာသည်။ ဘေး ပတ်ဝန်းကျင်တွင် ပေါက်ကွဲသံများ၊ ပျက်စီးသံများကို ကြားလိုက်ရသည်။ မြေငလျင်လှုပ်ခြင်း ဖြစ်သည်။ အိမ်များ ပြိုကျကုန်သည်။ ကျွန်တော့်မိတ်ဆွေများ၏ အိမ်လည်း ပြိုကျပြီး အားလုံး သေဆုံးကုန်သည်။ ကျွန်တော် အသက်ချမ်းသာရာရသွားသည်။ ရဟတ်ယာဉ်တစင်းသည် ကျွန်တော့်ကို လာကယ်သည်။ သို့သော် ကျွန်တော့် လိုက်မသွားသေးပါ။

“ကျွန်တော့်ခွေးလေးကို ရှာမှ ဖြစ်မယ်” ဟု ရဟတ်ယာဉ်မောင်းသူကို လှမ်းပြောလိုက်သည်။ ရဟတ်ယာဉ်မှူးက ကျွန်တော့်ကို ရူးနေပြီဟု ထင်သည်။ သို့သော် ကျွန်တော်သည် လိပ်ကာကို တွေ့အောင် ရှာနိုင်ခဲ့သည်။

ထိုအချိန်မှစ၍ လိပ်ကာသည် ကျွန်တော်နှင့် မခွဲပါ။ သို့သော် တနေ့တွင် ကျွန်တော့်ကို လ ပေါ်တွင် အာကာသစခန်း တာဝန်ခံရာထူးကို ပေးခဲ့သည်။ ကျွန်တော်သည် လိပ်ကာကို လ ပေါ်သို့ ခေါ်သွားရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် လိပ်ကာကို မိတ်ဆွေများ၏အိမ်တွင် ထားခဲ့ရသည်။ တလကြာသော် လိပ်ကာ သေဆုံးသွားကြောင်း သတင်းရသည်။ သူ သေဆုံးသွားပြီးနောက်ပိုင်း ကျွန်တော်သည် သူ့ကို အိပ်မက်မက်လေ့ရှိပါသည်။ သို့သော် ယခု သူ့ကို အိပ်မက် မမက်တာ တနှစ်ကျော် ရှိသွားပါပြီ။ ယခု အိပ်မက်ထဲတွင် သူ့ဟောင်သံကို ကြားရသည်။ ဘာကြောင့်ပါ လိမ့်…။

ကျွန်တော်သည် အိပ်ရာမှ ထထိုင်လိုက်သည်။ ဒီလို ဟောင်သံမျိုးကို ကြားဖူးခဲ့သည့် အဖြစ်ကို ပြန်စဉ်းစားနေသည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်တွင် ပေါက်ကွဲသံများ၊ ပြိုလဲသံများကို ကြား လိုက်ရသည်။ ကျွန်တော့်အခန်း၏ နံရံကြီး ကွဲသွားသည်။ ထိုအချိန်တွင် အခန်းထဲမှ လေများ သည် စစ်စစ်မြည်၍ ထွက်သွားသည်။ ကျွန်တော်သည် အရေးပေါ်ခလုတ်ကို နှိပ်လိုက်သည်။ အာကာသဦးထုပ်ကို ကောက်ဆောင်းလိုက်သည်။ မြေငလျင်လှုပ်ခြင်း ဖြစ်သည်။

ဤနေရာတွင် ကမ္ဘာပေါ်က အခြေအနေနှင့် လပေါ်က အခြေအနေ ကွာခြားပုံကို အနည်းငယ် ပြောရပါမည်။ အရေးအကြီးဆုံးမှာ လပေါ်တွင် အသက်ရှူစရာ လေမရှိပါ။ နေရောင်ခြည်သည် ကမ္ဘာပေါ်မှာကဲ့သို့ လေကို ဖြတ်သန်း၍ မလာရသောကြောင့် နေပူနှင့် နေရိပ်တို့သည် အပူချိန် အလွန်ကွာခြားသည်။ ထို့ကြောင့် လပေါ်တွင် သွားလာနိုင်ရန် အာကာသဝတ်စုံကို ဝတ်ထားရ သည်။ ခေတ္တခဏအနေဖြင့် အာကာသဦးထုပ်ကို ဆောင်းထားရသည်။ အာကာသဦးထုပ် (space helmet) သည် ခေါင်းဆောင်းရုံသာ ဆောင်းသောဦးထုပ် မဟုတ်ပါ။ ခေါင်းတခုလုံးကို ဖုံးအုပ်ထားသော အုပ်ဆောင်း ဖြစ်သည်။ ၎င်းထဲတွင် အသက်ရှူစရာ လေအတိုင်းအတာတခု အထိ ထည့်ထားပေးသဖြင့် ခေတ္တမျှ အသက်ရှင် နေနိုင်ပါသည်။

လပေါ်တွင် ဆောက်ထားသော အိမ်သည် အတွင်းတွင် အသက်ရှင် နေနိုင်အောင် အပူ အအေး မျှတအောင် စီမံထားရသည်။ ၎င်းအပြင် အသက်ရှူနိုင်အောင် လေကိုလည်း စက်ဖြင့် လွှတ်ပေး ထားရပြီး အောက်ဆီဂျင်၊ နိုက်ထရိုဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်တို့သည် အတွင်းနှင့် အပြင် လည်ပတ်မှုရှိအောင် လုပ်ထားရသည်။ အကယ်၍ တခုခုကြောင့် အိမ်ပြိုသွားလျှင် ထိုလည်ပတ် မှုကို ထိခိုက်၍ အသက်ဆုံးရှုံးနိုင်သည်။ ထိုအခါမျိုးတွင် အရေးပေါ်ခလုတ်ကို နှိပ်ခြင်း၊ အာကာသဦးထုပ်ကို ချက်ချင်း ဆောင်းခြင်းတို့ကို လုပ်ရသည်။

လွန်ခဲ့သောနှစ်အနည်းငယ်က လိပ်ကာသည် ကျွန်တော့်ကို ငလျင်ဘေးအန္တရာယ်မှ ကယ်တင် ပေးခဲ့သည်။ ယခုလည်း လိပ်ကာသည် အလားတူ အန္တရာယ်မှ ကျွန်တော့်ကို ကယ်တင်လိုက် ပြန်သည်။ သူ ဘယ်လိုနည်းနဲ့ ကယ်ခဲ့တာလဲ။ ဒါကိုတော့ ကျွန်တော့်အနေနှင့် သိပ္ပံသမားများ ကျေနပ်အောင် ဖြေကြားမပေးနိုင်ပါ။

ကျွန်တော့်ကို သူက ကယ်လိုက်တာ ဟူသည်ကိုတော့ ကျွန်တော် သံသယမရှိပါ။ ထို့ကြောင့် ကျွန်တော် သူ့ကို အမြဲ ကျေးဇူးတင်နေမည် ဖြစ်ပါသည်။ ကျွန်တော်သည် သူ့ကို ဘယ်တော့မှ မမေ့ပါ။