Breaking News

မောင်လူပေ - အီရန်ဗိုလ်ချုပ်လုပ်ကြံခံရနဲ့ တရုတ်ဗိုင်းရပ်စ် သတင်းအကျဉ်း


မောင်လူပေ - အီရန်ဗိုလ်ချုပ်လုပ်ကြံခံရနဲ့ တရုတ်ဗိုင်းရပ်စ် သတင်းအကျဉ်း

(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၂၀

အီရတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးမှာပဲ အီရန်ဗိုလ်ချုပ် ကွာဆန် ဆိုလီမာနီ Qasem Soleimani ကို အမေရိကန်တပ်တွေက အဝေးထိန်းဒရုံးကနေ ဒုံးကျည်နဲ့ လေကြောင်းကပစ်ခတ်သတ်ပစ်လိုက်တယ်။ သူဟာ အီရန်စစ်တပ်မှာ အရေးပါအရာရောက်တဲ့ ဗိုလ်ချုပ်ဖြစ်သလို အီရတ် ဆီးရီးယားနဲ့ လဘနွန်တို့မှာ ဦးဆောင်မှုပေးနေသူဖြစ်တယ်။ သူနဲ့အတူ အီရတ်စစ်သွေးကြွခေါင်းဆောင်တွေ အနည်းဆုံးခြောက်ဦးလည်း သေဆုံးခဲ့တယ်။ သူတို့စီးလာတဲ့ ကားတန်းကို ပစ်ခဲ့တာဖြစ်တယ်။ အမေရိကန်ကံထရိုက် အသတ်ခံရမှု၊ ဘက္ကဒက်က အမေရိကန်သံရုံးကို အီရန်ကထောက်ပံ့ထားတဲ့သူတွေ လာရောက်တိုက်ခိုက်မှုတွေအတွက် လက်စားချေတာပဲ။

အမေရိကန်ရဲ့လုပ်ရပ်အတွက် အီရန်ကလည်း လက်စားချေမှာအမှန်ပဲ။ အရှေ့အလယ်ပိုင်းဒေသမှာ တိုက်ခိုက်မှုတွေ ဖြစ်လာစရာ ရှိတယ်။ အထူးသဖြင့် အီရန်ရဲ့ရန်သူ ဆော်ဒီအာရေဗျမှာရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားတွေအပါအဝင် အီရတ်၊ လဘနွန်စတဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေမှာ စစ်မီးလျှံရဲ့ အရိပ်အယောင်တွေ မြင်နေရပြီ။

၂၀၂၀နှစ်ဦးအတွက် သတင်းဆိုးပါ။ ကမ္ဘာကြီး ငြိမ်းချမ်းပါစေ။


တရုတ်ပြည် ဝူဟန်မြို့တဝိုက်မှာ စတင်ခဲ့တဲ့ အဆုတ်ရောင်အဖျားရောဂါဗိုင်းရပ်ပိုးတမျိုးဟာ ထိမ်းမရတော့ပဲ ကူးစက်ပျံ့နှံ့လျှက် ရှိပါတယ်။ အသက်ရှုလမ်းကြောင်းကို တ်ုက်ခိုက်တဲ့ ဒီရောဂါပိုးဟာ တချိန်က အာရှမှာ ပျံ့နှံ့ခဲ့တဲ့ ဆား SARS ရောဂါနဲ့ အတော်ဆင်တူပါတယ်။ အဖျားကြီး၊ အသက်ရှူမဝပဲ အဆုတ်ရောဂါဖြစ်ပွား၊ အသက်ဆုံးတဲ့အထိ ဖြစ်သွားစေပါတယ်။ ဒီရောဂါပိုးကို ကြိုတင်တားဆီးဖို့အတွက် တောင်ကိုးရီးယား၊ ဟောင်ကောင်၊ မကာအို၊ တိုင်ဝမ်၊ မလေးရှား စတဲ့ အာရှနိုင်ငံတွေမှာ ကာကွယ်မှုတွေ စတင်နေပါပြီ။ အခုထိတော့ အခြားနိုင်ငံတွေကို ကူးစက်နေပြီလို့ မကြားသေးပါ။

တရုတ်ပြည်အပါအဝင် အာရှနိုင်ငံများသို့ ခရီးသွားမည့်သူများ သတိပြုကြဖို့ သတင်းလေးကို ရှယ်ပါတယ်။