Breaking News

လင်းသက်ငြိမ်- ခွေးဟာလမ်းပေါ်မှာအိပ်နေတယ်


ခွေးဟာလမ်းပေါ်မှာအိပ်နေတယ်
လင်းသက်ငြိမ်
(မိုးမခ) ဇန်နဝါရီ ၂၀။ ၂၀၂၀

              ခွေးဟာ လမ်းပေါ်မှာအိပ်နေတယ်။ ဒီစာလုံးတွေကို ရှေ့လူများ တီထွင်ထားတဲ့ အက္ခရာရေးထုံးတွေနဲ့ ချရေးလိုက်တာပဲ ဖြစ်ပါတယ်။ အခုလို စာသားတွေရေးဖြစ်ဖို့ အထူးတလည် အားထုတ်ထားတာမျိုးလဲမရှိပါဘူး။ လမ်းပေါ်မှာ အိပ်နေတဲ့ ခွေးတစ်ကောင်ကို တွေ့မြင်ခဲ့ရတဲ့ အခိုက်အတန့်ကလေးကပဲ ဒီစာတွေ ထွက်ပေါ်လာခဲ့ဖို့ အကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့တယ်။ ပွဲမစခင် ခြေလက်တွေ အကြောလျှော့သလို အထက် ပါ အတိုင်း ရေးသားခဲ့ပြီးပြီ ဆိုတော့ လမ်းပေါ်မှာ အိပ်နေတဲ့ ခွေးတစ်ကောင်ဆီ ဆက်သွားကြပါဦးစို့။ မနက်စောစောပိုင်းက မိုးဖွဲတွေ အနည်းငယ်ကျသွားခဲ့တာကြောင့် စိုစွတ်နက်မှောင်နေတဲ့ ကတ္တရာလမ်းကိုနေ ရောင်ခြည်က ခြောက်သွေ့ပစ်လိုက်တယ်။မြို့ထဲလမ်းဟာ လူတွေ၊ယာဉ်တွေနဲ့ စတင်ခုတ်မောင်းနေတဲ့အချိန်ပေါ့။မိုးရေနဲ့သန့်စင်ခဲ့တဲ့ ကတ္တရာလမ်းဟာ ခြေရာတွေ၊ ဘီးရာတွေနဲ့ ပြန်လည် ဝါကျင်စ်ထေးစပြုနေပြီ။ခွေးဟာ လမ်းပေါ်မှာ အိပ်နေတယ်။

တကယ်တမ်းက အိပ်နေတယ်ဆိုတာထက် လဲလျောင်းနေတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။တစ်ချက် တစ်ချက် ခေါင်းထောင်ထောင်လာတဲ့ ခွေးကို ကြည့်ရင် အိပ်ပျော်နေတာ မဟုတ်မှန်းကို ပညာရှင် မဟုတ်တောင် သိနိုင်ပါတယ်။ ဒါပေမဲ့ ခွေးဟာ လမ်းပေါ်မှာ အိပ်နေတယ်လို့ ရေးရတာကို ပိုသဘောကျလို့ ခွေးဟာ လမ်းပေါ်မှာ အိပ်နေတယ်လို့ ရေးလိုက်တာပါပဲ။

                ဒီနေ့က ကျွန်တော်စောစောစီးစီး အိပ်ရာထဖြစ်တဲ့နေ့ပဲ။မနေ့ညက ဘော်ဒါတွေနဲ့ နည်းနည်းသောက်ထားဖြစ်လို့ ဆီးသွားချင်တာရယ်၊ဗိုက်ဆာလာတာတွေရယ်ကြောင့်လည်းပါ ပါတယ်။မကောင်းတာ တစ်ခုခုလုပ်ထားရင် အစောကြီးအိပ်ရာက နိုးတတ်သလားလို့လည်း မျက်နှာသစ်နေရင်း ခပ်ကြောင်ကြောင် တွေးမိပါသေးတယ်။မျက်နှာသစ်ပြီး ဖုန်းကိုဖွင့်ဖေ့စ်ဘုတ်ထဲဝင်ပြီး ဖတ်ချင်တာလေးတွေ လိုက်ဖတ်ဖြစ်တယ်။စာရေးဆရာအကြောင်း၊ စာအကြောင်း၊ ကဗျာအကြောင်း၊ ထောက်ခံပွဲအကြောင်း၊ ပြဿနာတွေအကြောင်း စတဲ့ အကြောင်းပေါင်းစုံကို ဖတ်ရှူ ပြီးတဲ့နောက်လူပုံတွေ(မိန်းကလေးပုံတွေကပိုများပါတယ်)၊
ရှူခင်းပုံတွေ၊ပန်းချီကားတွေကို လက်နဲ့တွန်းရွေ့ပြီး တစ်ခုပြီးတစ်ခု ကြည့်ရှူနေရင်းကနေ ခံတွင်းချဉ်လာတာနဲ့  တစ်ခုခုစားပြီး ကွမ်းယာဝယ်ဖို့ မြို့ထဲကို ထွက်လာခဲ့တယ်။ကျွန်တော်သောက်နေကျ လက်ဖက်ရည်ဆိုင်မရောက်ခင် စာတိုက်ရုံးရှေ့ လမ်းမပေါ်မှာ အိပ်နေတဲ့ ခွေးကိုမြင်ရတာပါပဲ။ခပ်လှမ်းလှမ်းကနေ မြင်ရ
တုန်းကတော့ ဘာမှန်း သေချာမသိပါဘူး။စက်ဘီးတွေ၊ဆိုင်ကယ်တွေ၊ကားတွေက တစ်ခုခုကို ကွေ့ရှောင်ပြီး သွားလာနေကြတာကိုပဲ မြင်ရတယ်။နည်းနည်းကပ်လာမှ လမ်းပေါ်မှာ အိပ်နေတဲ့ ခွေးတစ်ကောင်ကို တွေ့ရတာပဲ။သူ့ကိုရှောင်ကွင်း မောင်းနှင်သွားကြတဲ့ ယာဉ်တွေနဲ့လူတွေကို တစက်မှဂရုမစိုက်ဘူးဆိုတဲ့ အထာနဲ့ ခွေးဟာ နေရာမရွေ့ပဲ ခပ်တည်တည် ဆက်အိပ်နေတယ်။

            ခွေးက ခွေးဆိုတော့ အခုလိုလူသွားလူလာများတဲ့ မနက်ခင်းမှာ လမ်းပေါ်တက် မအိပ်ရဘူးဆိုတာ သိပုံမရပါဘူး။ သိသိနဲ့ပေပြီး အိပ်နေတာလည်း ဖြစ်နိုင်တာပဲ။ ခွေးဆိုတာလည်း ခွေးတို့ ဘာသာဘာဝ တတ် သိနားလည်တဲ့ ကိစ္စတွေ ရှိမှာပေါ့။ ဒါပေမဲ့ ဒီခွေးကတော့ လမ်းပေါ်မှာ အခန့်သား တက်အိပ်နေတယ်။တမင်သက်သက် လူတွေကို ဂရုစိုက်စရာမလိုဘူး ဆိုပြီး အရွဲ့တိုက် အိပ်နေမယ်လို့လည်း မထင်ရဘူး မဟုတ်လား။ ဒီလိုမျိုး လမ်းပေါ်တက်အိပ်နေတာကြောင့် အမြဲတမ်းဖြတ်သွားနေကြတဲ့ ယာဉ်တွေထဲက တစ်စီးစီးဟာ သူ့ကို ကြိတ်ဖြတ်သွားနိုင်တယ်ဆိုတာကို ခွေးက မတွေးမိဘူးလား။ ခွေးရဲ့ဘော်ဒါအပေါင်းအသင်း ရောင်းရင်းတို့၊ ခွေးရဲ့ဆရာသမားတို့ကကော မတားမြစ်ကြဘူးလား။ ဒါမှမဟုတ် အထီးကျန် အဖော်မဲ့နေတဲ့ တစ်ကောင်ကြွက် တစ်မျက်နှာ ခွေးလား။ ဒါမှမဟုတ်လည်း လူတွေလို သူ့ကိုယ်သူ သေကြောင်းကြံစည်ဖို့ ကြိုးစားနေတာပဲလား။ ဒါလည်း ဖြစ်နိုင်မယ် မထင်ပါဘူး ခွေးလည်း ခွေးအလျှောက် သူ့အသက်သူ ချစ်မှာပဲ။ခွေးက ခပ်ပိန်ပိန်ပါ ဘာအမျိုးအစားလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ခွေးတစ်ကောင်ကိုမြင်တာနဲ့ ဘာခွေး ညာခွေးလို့ ပြောနိုင်တဲ့အရည်အချင်းလည်း ကျွန်တော့်မှာ မရှိဘူးလေ။ ခွေးက ဘယ်အသက် အရွယ်ရှိပြီ ဆိုတာလည်း ကျွန်တော်မသိဘူး။ ကျွန်တော်သိတာကတော့ လမ်းပေါ်မှာ ခွေးတစ်ကောင် အိပ်နေတယ်ဆိုတာပဲ။ ခွေးက ဘာလို့ လမ်းပေါ်တက်နေတာလဲလို့ တွေးခေါ်ကြည့်တော့လည်း သူအိပ်ချင်လို့ အိပ်နေတာပေါ့ ဆိုတဲ့ အဖြေထက် ပိုပြီး ကောင်းမွန်ပြည့်စုံတဲ့ အဖြေ ထွက်မလာဘူး။

             ကတ္တရာလမ်းမက အေးလို့လား။ဒါမှမဟုတ် နွေးလို့လား။ သူအိပ်စက်ဖို့အတွက် ဒီလမ်းမကအဆင်အပြေဆုံးမို့ မထတမ်း ဆုံးဖြတ်ချက်ချပြီး ပေအိပ်နေတာပဲလား။ မျက်စိလည်နေလို့လား။တစ်စုံတစ်ရာကို စမ်းသပ်ချင်လို့လား။ညတုန်းက ဖြတ်ကျော်ခဲ့ရတဲ့ အဆင်မပြေမှုတွေကြောင့်လား။လမ်းပေါ်မှာ အိပ်နေတဲ့ခွေးဟာ ကျွန်တော့်အတွက် မေးခွန်းတွေ အများကြီး ဖြစ်ပေါ်စေတယ်။ အားအားယားယား တွေးခေါ်မယ့်လူဆိုလို့လည်း ဒီမြို့မှာက ကိုယ်ပဲရှိတာ မဟုတ်လား။တကယ်တော့ ဘာမှ ထူးထူးထွေထွေ မဟုတ်ပါဘူး လမ်းပေါ်မှာအိပ်နေတဲ့ ခွေးကို မြင်နေရတဲ့အခါ အဲ့ဒီခွေးအကြောင်းတွေးနေတာ ပစ္စုပ္ပန်တည့်တည့်ရှူ ခြင်းပဲ မဟုတ်ဘူးလား။ ခွေးဟာ လမ်းပေါ်မှာ အိပ်နေတယ်။
လမ်းသွားလမ်းလာတွေကို အနှောက်အယှက်ပေးဖို့ရည်ရွယ်ပြီး အိပ်နေတယ်လို့ ပြောရအောင်ကလည်း ခွေးဆိုတာ လူတွေလို ကလီကမာများတဲ့ သတ္တဝါမဟုတ်ဘူးလို့ ထင်ရတာပဲ။

               ဆိုင်ကယ်စီးလာတဲ့ စုံတွဲတစ်တွဲ။ သူတို့ဖာသာ မိုးမမြင်လေမမြင် သာယာလာရာကနေ လမ်းပေါ်မှာ အိပ်နေတဲ့ ခွေးကို ရုတ်တရက်မြင်လိုက်ရတော့ အလန့်တကြားကွေ့ရှောင်လိုက်ရတယ်။ဆိုင်ကယ်က ယမ်းသွားတော့ နောက်က ကောင်မလေးက လန့်ပြီး ရှေ့ကကောင်ရဲ့ခါးကို လှမ်းဖက်လိုက်လေရဲ့။သူတို့က ဒါကို ပျော်စရာလို အသံထွက်ရယ်မောလို့ ။ စက်ဘီးနင်းလာတဲ့ အဒေါ်ကြီးတစ်ယောက်ကတော့ ခွေးကိုစက်ဘီးနဲ့ တက်ကြိတ်မိမလို အနေအထားမှာ စက်ဘီးပေါ်ကနေ ခုန်ချပြီး ပါးစပ်က ပွစိပွစိတွေရေရွတ်ပြီး စက်ဘီးကိုတွန်းထွက်သွားတယ်။ မြို့ထဲက အကောင်ကြီးကြီးအမြီးရှည်ရှည်ရဲ့ ဆလွန်းကားအဖြူလေး လမ်းထဲဝင်လာတော့ အိပ်နေတဲ့ခွေးကို ဟွန်းသံပေးတယ်။ ခွေးကမကြားတာလား၊ ဂရုမစိုက်တာပဲလား မသိ။နေရာမရွေ့ပဲ သူ့စည်းစိမ်နဲ့သူ ဆက်ငြိမ့်နေတော့ ဆလွန်းကားလေးကပဲ ကွေ့ရှောင်သွားရလေရဲ့။ ကိုက်တတ်တဲ့ခွေးနဲ့တွေ့ရင် ကွေ့ရှောင်သွားပါဆိုတဲ့ လင်ကွန်းရဲ့စကားကို ဒီနေ့ မနက်ခင်းမှာတော့ လမ်းပေါ်မှာ အိပ်နေတဲ့ခွေးကိုတွေ့ရင် ကွေ့ရှောင်သွားပါလို့ ပြောင်းရမလိုပဲ။ ခွေးဟာ လမ်းပေါ်မှာ အိပ်နေတယ်။သူ့ကိုကွေ့ရှောင်သွားတဲ့လူတွေရဲ့ မေတ္တာပို့သံတွေက သူနဲ့ ဘာမှမပတ်သက်သလို ခွေးဟာ လမ်းပေါ်မှာ အိပ်နေတုန်းပဲ။

                အမြင်မတော်လို့  တဟဲ့ဟဲ့ အသံပေးပြီး မောင်းထုတ်ကြတဲ့ လူတချို့ရဲ့အသံတွေကိုလည်း လမ်းပေါ်မှာ အိပ်နေတဲ့ခွေးကဥပေက္ခာပြုပြီး နေရာမရွေ့စတမ်း ဆက်အိပ်နေတယ်။ဒီမနက်ကပဲ ဒီလမ်းကို သူအပိုင်စားရထားသလို အေးအေးလူလူပဲ။ဒီလမ်းကိုလို့ ဆိုပေမယ့် ခပ်ပိန်ပိန်ခွေးတစ်ကောင်အတွက် အိပ်စရာနေရာက အများကြီးမလိုဘူး မဟုတ်လား။အဲဒီတော့ ဒီနေရာကိုလို့ ပြောတာက ပိုအဓိပ္ပါယ်ရှိပါလိမ့်မယ်။ထားပါတော့ အဓိပ္ပါယ်ရှိခြင်း မရှိခြင်းထကျ ခွေးဟာ လမ်းပေါ်မှာ အိပ်နေတယ်ဆိုတာကို ရေးပြနိုင်ဖို့က ပိုအရေးကြီးတယ်မဟုတ်လား။ တကယ်တော့ ကမ္ဘာမှာ နိစ္စဓူဝဖြစ်ပျက်နေကြတာတွေ အများစုကလည်း အဓိပ္ပာယ်မရှိတာ များပါတယ်။ အဓိပ္ပာယ်မရှိတာကိုက အဓိပ္ပါယ်ရှိနေတာပဲလို့ ပြောရင်လည်း အဓိပ္ပါယ်မရှိလိုက်တာကွာလို့ပဲ ပြန်ပြောကြမယ် မဟုတ်လား။ ထားတော့ ။ လမ်းပေါ်ကနေခွေးကို မောင်းထုတ်နေကြတဲ့ စေတနာ့ရှင်တွေကလည်း ဘယ်လောက်ကြာကြာ မောင်းထုတ်နိုင်မှာမို့လဲ။ သူ့အလုပ်သူလုပ်ရမယ့် ကိစ္စတွေ ရှိသေးမှာပဲလေ။ ခွေးဆိုတာ အခြေခံလူ့စည်းကမ်းတွေကို နားလည်တဲ့(နားလည်စရာလည်း မလိုတဲ့)သတ္တဝါပဲ မဟုတ်လား။ ခွေးကတော့လမ်းပေါ်မှာ အေးအေးလူလူ အိပ်မြဲ ဆက်အိပ်နေဆဲ။

                လမ်းပေါ်မှာ အိပ်နေတဲ့ ခွေးဟာ ကျွန်တော့်အတွက်တော့ ဒီမနက်ခင်းရဲ့ဇာတ်လမ်းဖြစ်နေတယ်။အိမ်ကထွက်လာခဲ့တုန်းက လမ်းပေါ်မှာ ခွေးတစ်ကောင် တက်အိပ် နေလိမ့်မယ်လို့ တွေးမထားခဲ့ပါဘူး။ ကျွန်တော့်လိုပဲ ခွေးကိုရှောင်ကွင်းပြီး ဖြတ်သန်းသွားလာနေကြတဲ့လူတွေလည်း တွေးထားခဲ့မှာ မဟုတ်ပါဘူး။သွားနေကျလမ်းမှာ သွားနေကျပုံစံအတိုင်း သွားလာနေရတဲ့ နိစ္စဓူဝထဲမှာ လမ်းပေါ်အိပ်နေတဲ့ခွေးလို ကွေ့စရာရှောင်စရာ ကိစ္စတွေ သူ့အလိုလိုဖြစ်ပေါ်နေတတ်တာလည်း လောက သဘာဝပဲ မဟုတ်လား။ဒီလိုရေးလိုက်ရင် ဒီစာကိုဖတ်နေတဲ့ လူတချို့အတွက် ဒီလူက လောကအကြောင်းကို ရေးပြနေတာ ဘာညာတွေးချင်တွေးမှာပေါ့။တကယ်တော့ ခွေးဟာ လမ်းပေါ်မှာအိပ်​နေတယ်ဆိုတာကို ပြောချင်ရုံ သက်သက်ပါပဲ။ ပညာပေးရန် ဒါမှမဟုတ် တစ်ခုခုပေးရန်တွေမရှိပါဘူး။
ခွေးဟာဘလမ်းပေါ်မှာ အိပ်နေတယ်။ခွေးရူးလား၊ခွေးကောင်းလား။ ဘာလို့ဟဒီလို လူသူစည်ကားချိန်မှာ လမ်းပေါ်တက်အိပ်နေရတာလဲ။ သေမှာ၊ ဒဏ်ရာရမှာ၊ တစ်ခုခု ထိခိုက်မိမှာ မတွေးတတ်ဘူးလား။ ခွေးကိုကြည့်ရင်း ကျွန်တော့်အတွေးအခေါ် ဆပ်ပြာပူဖောင်းတွေ လွင့်နေတာပေါ့။ ဘယ်သူတွေးခိုင်းလို့မှ မဟုတ်ဘဲကျွန်တော် တွေးနေတာတွေ။လမ်းပေါ်မှာ အိပ်နေတဲ့ခွေးအကြောင်း ဘာဖြစ်လို့ ကျွန်တော်တွေးနေမိမှန်းလည်းမသိပါဘူး။ခွေးဟာ လမ်းဘေးမှာ အိပ်မနေခဲ့ရင်လက်ဖက်ရည်ဆိုင်ထိုင်၊ကွမ်းယာထုပ်ပြီးအိမ်ပြန်။ဘာမှ တွေးစရာမလိုတဲ့ ကျွန်တော့် လုပ်ရိုးလုပ်စဉ်ပါပဲ။ ဒါပေမဲ့ခွေးဟာ လမ်းပေါ်မှာ အိပ်နေတယ်။လမ်းပေါ်မှာ အိပ်နေတဲ့ခွေးတွေကို မကြာခဏ တွေ့မြင်ခဲ့ဖူးပေမယ့်။
ဒီလောက်အထိ ရှည်ရှည်မျှောမျှော တစ်ခါမှ မတွေးဖူးခဲ့ပါဘူး။

                 လမ်းပေါ်မှာ အိပ်နေလို့ ခွေးကို စည်းကမ်းမဲ့တယ်ပြောရအောင်ကလည်း ခွေးကစည်းကမ်းကိုနားလည်ပါ့လား။ ခွေးကကော စည်းကမ်းလိုက်နာစရာလိုသလား။ ဗိုလ်ချုပ်ပြောခဲ့တဲ့ ဆေးရိုးဒီမိုကရေစီကိုလည်း ခွေးက နားထောင်ဖူးမှာ မဟုတ်တာ သေချာပါတယ်။ အာဏာရှင်စိတ်ပေါက်သွားတယ် ပြောရ အောင်ကျတော့လည်း ခွေးဟာ မက္ခရာဗယ်လီရဲ့မင်းသား စာအုပ်ကို မဖတ်ဖူးလောက်ပါဘူး။ ခွေးဟာလမ်းပေါ်မှာ အိပ်နေတယ်။ မြို့ကြီးတွေမှာ ဖြစ်နေတဲ့ လမ်းဘေးခွေးရှင်းလင်းသုတ်သင်ရေးကို တကိုယ် တော် ဆန္ဒပြနေတာများလားလို့ တစ်ယောက်တည်းတွေးပြီး ကျွန်တော်ပြုံးမိပါသေးတယ်။ လမ်းပေါ်မှာ အိပ်နေတဲ့ခွေးဟာ လေလွင့်ခွေးလား၊ အိမ်ရှိတဲ့ခွေးလား။ ခွေးဟာ လမ်းပေါ်မှာ အိပ်နေတယ်။ သူ့စိတ်ကူးထဲ အမဲရိုးခပ်ကြီးကြီးတစ်ချောင်း ရောက်ရှိနေလို့လား။သူတို့ရဲ့ပွဲတော်ရာသီကို လွမ်းဆွတ်တမ်းတနေတာပဲလား။တစ်စုံတစ်ခုကိုပဲလေးလေးနက်နက် တွေးခေါ်နေတာလား။ လမ်းပျောက်နေတာလား။ ပြန်စရာ​နေရာ မရှိတာလား။

ဒါမှမဟုတ် ဒီမြို့အတွက် နိမိတ်တစ်ခုခုကို ပြနေတာလား။အတွေးတိုင်းဟာ လမ်းပေါ်မှာ အိပ်နေတဲ့ခွေးဆီကနေ ဗဟိုပြုဆန့်ထွက်လာနေပေမယ့် ကျွန်တော့်ဆီ ဂငယ်ကွေ့ကွေ့ပြီး ပြန်ပြန်ရောက်လာတယ်။လူတွေ၊ယာဉ်လမ်းပေါ်မှာ မရပ်မနား ရွေ့လျားနေကြတုန်းပဲ။ အိပ်နေတဲ့ ခွေးနားရောက်ရင် ကွေ့လို့ရှောင်လို့ပေါ့။ ခွေးတစ်ကောင်လမ်းပေါ်အိပ်နေတာဟာထူးခြားတဲ့ သတင်းမဟုတ်ပေမယ့် အိပ်နေတဲ့ခွေးကြောင့် ခရီးလမ် းကြောင်းတွေ ကွေ့သွား၊ ကောက်သွားရတာတော့ အမှန်ပဲ။ ဒါကိုလူတွေ သတိမမူတာလား၊တစ်​ခေတ်လုံး ကွေ့ရ ကောက်ရတာတွေများလွန်းလို့ ရိုးအီနေတာကြောင့်မို့ပဲလား လမ်းပေါ်မှာ အိပ်နေတဲ့ခွေးကို ကွေ့ရှောင်ပြီး သွားလာလှုပ်ရှားနေကြတယ်။ ခွေးဟာ လမ်းပေါ်မှာအိပ်နေတယ်။ နေရောင်ခြည်ဟာ တဖြည်းဖြည်း ရင့်မှည့်လာ။နာရီလက်တံတွေ ပုံမှန်လည်ပတ်မြဲ။

မနက်ခင်းက ရွာထားတဲ့ မိုးရဲ့ ခြေရာလက်ရာတွေလည်း မကြာခင် ပျောက်ရှသွားတော့မယ်။ခွေးကတော့ လမ်းပေါ်မှာ အိပ်နေတုန်းပဲ။

အတွေးမျိုးစုံနဲ့ အိပ်နေတဲ့ခွေးကို ကွေ့ရှောင်ပြီး လက်ဖက်ရည်ဆိုင်ထိုင်၊ကွမ်းထုပ်ပြီး မြို့ထဲကနေကျွန်တော်ပြန်လာခဲ့တယ်။ခွေးဟာ လမ်းပေါ်မှာ အိပ်လျှက် ကျန်နေရစ်ခဲ့တယ်။

                 လူက အိမ်ပြန်ရောက်နေပေမယ့် အတွေးကလမ်းပေါ်မှာ အိပ်နေတဲ့ခွေးဆီကို ရောက်နေဆဲ။ဒီအချိန်ဆို ခွေးဟာ အိပ်နေရာက ထသွားပြီလား။ယာဉ်တစ်စီးစီးကများ သူ့ကို တက်ကြိတ်သွားမလား။အိပ်မြဲအိပ်နေဆဲလား ။ အခိုက်အတန့် မြင်ကွင်းတစ်ခုကို စာကြောင်းရေအများကြီးရေးပြီး ကျွန်တော်ပြောပြနေမိပါတယ်။မြင်ရတာက ခဏကလေးပါပဲ။လမ်းပေါ်အိပ်နေတဲ့ ခွေးက ကျွန်တော့်အာရုံထဲပျောက်ပျက်မသွားဘူး။လမ်းတစ်ခုကို ထစ်ငေါ့အောင် ပြုလုပ်တဲ့ ခွေးတစ်ကောင်ရဲ့လွတ်လပ်ခွင့်ဟာ ဘယ်လို အဆုံးသတ်ဖြစ်သင့်သလဲ။နေရာတစ်ခုမှာ ပျင်းရိသွားတတ်တဲ့ ခွေးတစ်ကောင်ဆို လမ်းပေါ်မှာအိပ်နေတဲ့ခွေးဟာ အန္တရာယ် ကင်းနိုင်ပါလိမ့်မယ်။ရတဲ့နေရာကို လက်လွတ်မခံဘူးဆိုရင်၊တစ်စုံတစ်ခုရဲ့မ​မြင်နိုင်တဲ့ ဆွဲငင်အားကြောင့် လမ်းပေါ်မှာ အိပ်နေတယ်ဆိုရင်တော့ ခွေးဟာ သနားစရာပါပဲ။သူ့ဖာသာ အေးအေးလူလူအိပ်နေတယ် ဘယ်သူ့ကိုမှရန်မမူဘူးဆိုပေမယ့် ဘီးတွေမှာ နှလုံးသားမပါဘူးဆိုတာကို ခွေးက မသိနိုင်တာ သေချာပါတယ်။လမ်းပေါ်မှာ အိပ်နေတဲ့ခွေး ဘေးရန်ကင်းစင်ဖို့ ဆုတောင်းရမလား။လမ်းကို ဖြတ်သန်းနေတဲ့လူတွေအတွက်ပဲ ဆုတောင်းပေးရမလား။ ဒါကလည်း တစ်ခုခုဆို ဆုတောင်းဖို့လောက်ပဲ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ နိုင်ငံ သားတစ်ယောက်ရဲ့ ပေါပေါပဲပဲ အတွေးတွေပါပဲ။ တကယ်ဆန္ဒရှိရင် ခွေးကို လမ်းပေါ်ကထွက်သွားအောင် 
မောင်းပေးခဲ့ရမှာပေါ့။ လူတစ်ယောက်ရဲ့မေတ္တာတရားဟာ၊လူတစ်ယောက်ရဲ့ ကောင်းမွန်ရာအလုပ်တစ်ခုကိုလုပ်ဆောင်မှုဟာ အမြဲတမ်း နောက်ကျတတ်တဲ့ သဘောရှိပါသလား။ ခွေးဟာ လမ်းပေါ်မှာ အိပ်နေတုန်းလား၊ထွက်သွားခဲ့ပြီလား။ တွေးကြည့်ရုံနဲ့ မသိနိုင်ပေမယ့် ပြေးပြီးလည်း ကြည့်မနေတော့ပါဘူး။ လမ်းပေါ်မှာ အိပ်နေတဲ့ ခွေးဟာ ဒီစာမျက်နှာတွေပေါ်မှာ ဆက်လက် အိပ်စက်နေပြန်ပါတော့တယ်။

လင်းသက်ငြိမ်