Breaking News

မောင်လူပေ - ပီချေး(သို့မဟုတ်) ဂူဂလ်ကို ထရီလီယံကလပ်သို့ ပို့ဆောင်နေသူ


မောင်လူပေ - ပီချေး(သို့မဟုတ်) ဂူဂလ်ကို ထရီလီယံကလပ်သို့ ပို့ဆောင်နေသူ

(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၀

အမေရိကား၏ စီးပွားရေးလုပ်ငန်းစုကြီးများတွင် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ တစ်ထရီလီယံ( တစ်ထောင်ဘီလီယံ)အထိ ရောက်ရှိခဲ့သော ကုမ္ပဏီသုံးခုရှိသည်။ ပန်းသီး Apple ၊ မိုက္ခရိုဆော့ဖ် Micro Soft နှင့် အမေဇုံ Amazon တို့ဖြစ်ကြ၏။ ယခုအခါ လေးခုမြောက် ထရီလီယံကုမ္ပဏီအဖြစ် ဂူဂဲလ်၏မိခင်ကုမ္ပဏီဖြစ်သော အယ်လ်ဖာဘက် Alphabet က ဝင်ရောက်လာခဲ့ပြီ။

၂၀၁၈တွင် ပန်းသီးက ပထမဆုံး ထရီလီယံကလပ်အသင်းသို့ ရောက်လာသည်။ မိုက္ခရိုဆော့ဖ် နှင့် အမေဇုံတို့မရှေးမနှောင်းပင် ထိုအဆင့်သို့ ဝင်ရောက်ခဲ့ကြသည်။ ယခုအခါ ပန်းသီးနှင့် မိုက္ခရိုဆော့ဖ်က ထရီလီယံအဆင့်ကို ထိန်းထားနိုင်သော်လည်း အမေဇုံက ထရီလီယံအောက်သို့ ပြန်ဆင်းခဲ့သည်။

အယ်လ်ဖာဘက်၏ စီအီးအို နှင့်တည်ထောင်သူ လယ်ရီပေ့ချ် Larry Page က ၂၀၁၉ ဒီဇင်ဘာလတွင် ဂူဂဲလ်၏ စီအီးအို ပီချေးကို တာဝန်လွှဲပေးပြီး ရာထူးမှဆင်းခဲ့စဉ်အခါတွင် အယ်လ်ဖာဘက်ကုမ္ပဏီ၏ရှေ့ရေးကို လေ့လာသုံးသတ်သူတွေ လျှော့တွက်ခဲ့သလို ဖြစ်မလာပါ။ အယ်လ်ဖာဘက်သည် ကမ္ဘာကျော်ဂူဂဲလ်နှင့်အတူ ပို၍ ခိုင်မာပြီး တိုးတက်မှုများရှိလာခဲ့သည်မှာ စီအီးအိုအသစ် ပီချေး၏ စွမ်းဆောင်ရည်ကြောင့်ဆိုလျှင် မှားမည်မထင်။

ဆန်ဒါ ပီချေး Sunder Pichai (ခ) ပီချေး ဆန်ဒရာရာဂျန် Pichai Sundararajan ကို အိန္ဒိယနိုင်ငံ တမီနာဒူးပြည်နယ်တွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာ လျှပ်စစ်အင်ဂျင်နီယာဖြစ်သလို သူသည်လည်း သတ္ထုဗေဒအင်ဂျင်နီယာဖြစ်သည်။ အိန္ဒိယ၏ အကောင်းဆုံး စက်မှုတက္ကသိုလ်ဖြစ်သော llT(India Institute of Technology) မှ B Tech ဘွဲ့ရသည်။ အမေရိကန်ပြည်ထောင်စုရှိ Stanford University သို့ ပြောင်းရွှေ့ပညာသင်ကြားရင်း MS ရသည်။ MBA ကို Wharton School မှ ရယူခဲ့သည်။

၂၀၀၄ခုနှစ်တွင် ဂူဂလ်သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သော ပီချေးသည် Chrome OS နှင့် Google Chrome တို့၏ ပဲ့ကိုင်ဖြစ်သလို Google Drive ကိုလည်း တာဝန်ခံခဲ့သည်။ Open Source ဗီဒီယို format ဖြစ်သည့် WebM သည်လည်း သူ့လက်ရာ။ Android ကို ဂူဂလ်အောက်သွင်းပြီး Jive ကို အပိုင်စီးတာလည်း သူပင်။ သူ၏အမြင်ကျယ်မှုကြောင့် ပီချေးသည် ၂၀၁၅တွင် ဂူဂဲလ်၏ စီအီးအိုအဖြစ် အရွေးချယ်ခံခဲ့ရလေသည်။

၂၀၁၇ ဒီဇင်ဘာလက ကမ္ဘာ့အင်တာနက်ညီလာခံ World Internet Conference ကြီးကို တရုတ်နိုင်ငံ ပီကင်းမြို့တွင် ကျင်းပခဲ့စဉ်ကလည်း " ဂူဂဲလ်က တရုတ်ပြည်မှ အသေးစားနှင့် အလတ်စားကုမ္ပဏီများအတွက် များစွာကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ သူတို့၏ ထုတ်ကုန်များကို ဂူဂဲလအကူအညီဖြင့် တရုတ်ပြည်ပြင်ပမှ ကုမ္ပဏီများနှင့် ချိတ်ဆက်နိုင်ခဲ့ကြောင်း" ထောက်ပြခဲ့သည်။ တရုတ်ပြည်သည် ဂူဂဲလ်သုံးစွဲခွင့် ပိတ်ပင်ထားသောနိုင်ငံဖြစ်သည်။

​ဂူဂဲလ်၏စီအီးအို၊ ထိုမှတဆင့် မိခင်ကုမ္ပဏီ အယ်လ်ဖာဘက်၏စီအီးအို ဖြစ်လာသူ ပီချေးသည် အသက်(၄၇)နှစ်ရှိပြီး IIT မှာကျောင်းတက်စဉ်က ဖူးစာဆုံခဲ့သည့် ဓါတုအင်ဂျင်နီယာဘွဲ့ရ ဇနီးသည်၊ သမီးနှစ်ယောက်နှင့်အတူ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆီလီကွန်တောင်ကြား Silicon Vally တွင် နေထိုင်လျက်ရှိပါ၏။

အိန္ဒိယနွယ်ဖွား မြန်မာရုပ်ရှင်သရုပ်ဆောင်ပီချေးကို ငယ်ငယ်က ရုပ်ရှင်ထဲမှာတွေ့ခဲ့ဖူးသည်။ လူကြမ်း၊ ဒရဝမ်၊ ထမင်းချက်၊ ခြံစောင့်၊ ကူလီ အခန်းများတွင် ကျရာဇာတ်ရုပ်အတိုင်း သရုပ်ဆောင်ခဲ့ရသည့် သရုပ်ဆောင်ဖြစ်ပါ၏။ ယခုတော့ မြန်မာပြည်ဖွားဦးပီချေးလည်း လူ့လောကတွင် ရှိတော့မည်မထင်ပါ။

အမေရိကန်ပြည်ထောင်စုရောက် ပီချေးကတော့ နိုင်ငံအရွေးမှန်ခဲ့ပါသည်။ အိန္ဒိယမှာမွေးမွေး၊ တရုတ်ပြည်မှာမွေးမွေး အရေးမကြီးပဲ တကယ်တော်လျှင် တကယ်ချီးမြောက်သည့်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုဖြစ်ပါသည်။

ဂုဏ်ယူပါသည် ပီချေး။

ချစ်တဲ့

မောင်လူပေ