Breaking News

မိုးချိူသင်း - မြို့ပတ်ရထားလေးနဲ့ အမှတ်ရခြင်းအတွေး


မိုးချိူသင်း - မြို့ပတ်ရထားလေးနဲ့ အမှတ်ရခြင်းအတွေး

(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၀

အခုတလော ကိုယ်ဘာတွေလုပ်ဖြစ်နေလဲ ဆိုတော့ မြို့ပတ်ရထားလေး ပတ်စီးနေမိတာပါ။ ရုံးပိတ်ရက် တခုသော စနေနေ့လေးမှာ ရထား စီးချင်ခဲ့တာ ကြာနေပြီဖြစ်တဲ့ ဆန္ဒကို အကောင်အထည် ဖော်လိုက်ပြီ။ တကယ်တော့ စိတ်ကူးထဲမှာ ဒီရထားလေးကို စီးချင်နေတာ လွန်ခဲ့တဲ့ ၁၃ နှစ်ကတည်းက..။ အိမ်နဲ့ ဘယ်လောက်မှ မဝေးတဲ့ ဘူတာလေးမှာ မိတ်ဆွေတွေ ကြိုရင်း ရောက်ဖူးနေပေမယ့် ကိုယ်တိုင်စီးဖို့ကို ဝန်လေး တွန့်ဆုတ်နေမိတာပါ။

လွန်ခဲ့တဲ့ ၁၃ နှစ်က အခုလိုအချိန် ဇန်နဝါရီ ၂၂ရက်မှာ အဖေ ဒီ မြို့ပတ်ရထားလေးကို အဖေချစ်ခင်တဲ့ မိတ်ဆွေ ဦးလေးကြီးနဲ့ ပထမဆုံးအကြိမ် စီးခဲ့တယ်။ အဖေက သဘောကျလွန်းလို့ ဘူတာတွေကို မှတ်နေခဲ့တယ်။ သမီးကို ပြန်ပြောပြဖို့ပေါ့။ အဖေတို့သားအဖတတွေ အတူစီးကြမယ် ပြောဖို့ပေါ့။ Los Angeles မြို့ကြီးက Public transportation ညံ့တယ်ဆိုပေမယ့် ရထား စီးရတာတော့ လွယ်ကူလိုက်တာ သမီးရယ် လို့ ပြုံးပြီး ပြောဖို့ပေါ့။ သမီးကို ပြောပြမယ့် စကားတွေ အများကြီးနဲ့ ဘူတာရုံကနေ လမ်းလျှောက်အလာ မက္ကဆီကန်ဆိုင်လေးမှာ ခဏနားရင်း ဆုံးပါးခဲ့တော့ ဒီစကားတွေ ပြောခွင့် မသာခဲ့တော့ပါ။

အဖေဆုံးတာ ၁၃ နှစ်ကြာတော့ သမီးလုပ်သူက သူ့စိတ်ကို ပြင်ဆင်ပြီး ရထားပေါ် အားတင်း တက်လိုက်ပြီ။ အဖေ စီးခဲ့တဲ့ လမ်းကြောင်းအတိုင်း လိုက်စီးရင်း ရထားပြူတင်းပေါက်နံဘေး ထိုင်ရင်း အဖေပြောချင်တဲ့ စကားတွေ နှလုံးသားနဲ့ ကြားလိုက်ပြီ။ အဲလိုအချိန်မှာ အမလို ချစ်ခင်ရတဲ့ မနုနဲ့ မပုလဲက ချိုသင်းနဲ့ အဖော်လုပ်မယ် တဲ့။ ရထား တူတူစီးတာပေါ့ တဲ့။ ကိုယ်စားချင်တဲ့ မုန့်တွေလဲ ဆာလာအိတ်ကြီးနဲ့ တလုံး သယ်လာခဲ့သေးတာ။ မုန့်စားရင်း စကားပြော၊ ရထား ဂိတ်အဆုံးမှာ ပင်လယ်ကြီးထိ သွားပြီး ကမ်းခြေမှာ ထိုင်ကြသေးတယ်။ မုန့်တွေသယ်လာတဲ့ အိတ်ကြီးထဲက မုန့်တွေ တမျိုးပြီင်္းတမျိုး မျက်လှည့်လို ထွက်လာပြီး၊ တခါမှာတော့ လက်ဖက်ထမင်းတွေ..။ ဝမ်းသာစိတ်နဲ့ ဟာ ကနဲ ဖြစ်သွားသေးတယ်။ စိတ်ကလေးကနုနု နဲ့ ရထားစီးဖြစ်ရင် အတော်ဆွေးမယ့် အခြေအနေကို ပေါ့ပေါ့ပါးပါး ဖြစ်စေခဲ့တဲ့ အမတွေကို ကျေးဇူးတင်မိတယ်။

အဖေ့နေ့မှာ အမှတ်တရအနေနဲ့ အဖေနဲ့ပတ်သက်ပြီး ကြုံခဲ့ရတဲ့ အကြောင်းတခုခု ရေးမယ်လို့ စဉ်းစားမိတော့ အခုတလော မတရား အမှုတွေအကြောင်း ဖတ်ရတာများလို့ စာနာစိတ်နဲ့ ကိုယ်တို့တုန်းက အဖေ့ကို စစ်ခုံရုံးက စီရင်ချက်ချတဲ့နေ့အကြောင်း ပြန်ပြောင်းသတိရမိတယ်။

အဖေက ၈၈အရေးတော်ပုံကာလမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း၊ ရဟန်းရှင်လူ၊ အများပြည်သူ ကျောင်းသူကျောင်းသားတွေနဲ့ အတူရပ်တည်ကြောင်း ကဗျာတို ကဗျာရှည်တွေကို အပြင်မှာ ဖိနှိပ်ကျဉ်းကြပ််သမျှ သူ့စိတ်ရင်းအတိုင်း လွတ်လွတ်လပ်လပ်ကြီး ရေးနေတုန်း တနေ့မှာ အဖေ့ကို သူတို့ လာဖမ်းခဲ့တယ်။ အဲဒီနေ့က ဒီဇင်ဘာလ ၁၁ရက် ၁၉၉၁ ခုနှစ်။ အမေဆုံးပြီး တနှစ်အကြာ။ အဲဒီညက အဖေ အိမ်ထဲ တံတားလေးအတိုင်း ဝင်ဝင်လာချင်း အိမ်ထဲရောက်လို့ မကြာမီ အိမ်ရှေ့က ကြေးခေါင်းလောင်းလေး ခပ်ကြမ်းကြမ်း လှုပ်သွားတယ်။ တအိမ်လုံး သူတို့ မွှေနှောက် ရှာကြတယ်။ ဓာတ်ပုံတွေ တပုံချင်းကြည့်ကြတယ်။ တခန်းပြီးတခန်း ဘုရားခန်းပါမကျန် စစ်ဖိနပ်တွေနဲ့ တက်ပြီး ရှာကြတယ်။ ကဗျာဆရာ့အိမ်မှာ ကဗျာပဲ တွေ့မှာပေါ့။ အဲဒီကဗျာတွေကလဲ လူထုကြားထဲ ရောက်နေပါပေါ့။ ကဗျာဆရာ့နှလုံးသားကို အကျဉ်းချမယ်လို့ သူတို့ ကြံစည်ကြတယ်။ အဲဒီညက အဖေ့ကို အေးနေမစိုးလို့ ဂျာကင်လေး ဝတ်ပေးလိုက်တယ်။ သောက်စရာဆေးတွေ ရှိရင် ထည့်ပေးလိုက်ပါ တဲ့။ မရှိဘူး၊ အဖေ စိတ်ရော လူပါ ကျန်းမာတယ်။ အဖေ့ကို အကောင်းကြီး ထည့်ပေးလိုက်တာ၊ အကောင်းအတိုင်း ပြန်ပို့ပေး လို့ စိတ်ထဲက ပြောမိတယ်။

ဒီလိုနဲ့ ၈လ ကြာသွားပါတယ်။ အဖေ ဘယ်ရောက်နေသလဲ မသိရ။ အဖေ နေကောင်းရဲ့လား မသိရ။ အဲဒီအချိန်တွေဟာ ကမ္ဘာနဲ့ချီပြီး ကြာတယ်လို့ ထင်မိပါတယ်။ မိဘမရှိဘဲ မောင်နှမတတွေ အားတင်းနေခဲ့ရတဲ့ အချိန်တွေပါ။ အမေရှိစဉ်က အမေက ပြောဖူးတယ်။ သမီးတို့၄ယောက်က သမီးမိန်းကလေးတွေ ဖြစ်ပေမယ့် အဖေတို့ အမေတို့ရဲ့ တံတိုင်းတွေလိုပါပဲ တဲ့။ ကြံ့ခိုင်ကြပါ တဲ့။ ဒါကြောင့် အားငယ်မယ် ကြံရင် ဝမ်းနည်းလာရင် အဲဒီစကားနဲ့ အားတင်းခဲ့ရတယ်။

တနေ့တော့ ဖုန်းတခု ဝင်လာတယ်။ ရှေ့နေ့ကြီး အန်တီဒေါ်မြင့်မြင့်ခင်ဆီကပါ။ သမီးတို့အဖေကို ၃၆လမ်း အချုပ်မှာ အခုပဲ တွေ့ခဲ့တယ်။ မြန်မြန်သွားတွေ့ချည်ကြ တဲ့။ အန်တီ ခေါက်ဆွဲကြော် ဝယ်ပေးခဲ့တယ် လို့ ပြောသေးတယ်။ ကိုယ်တို့ ညီအမတွေ ပြေးကြတာပေါ့။ အဖေ့လက်ကို သံတိုင်ကြားက ပြန်ဆုပ်ကိုင်ခွင့်ရခဲ့တဲ့ နေ့။ အဖေက ကျန်းကျန်းမာမာ။ စိတ်ဓာတ်လဲ မကျခဲ့။ မိသားစုနဲ့ တွေ့ရလို့ သံတိုင်ကြားက အဖေ့အပြုံးတွေ ဖိတ်ကျနေတာ။ တရိုတသေ လက်ခုပ်နဲ့ယူပြီး မျက်နှာသစ်ခဲ့တယ်။ အဖေ အဆင်ပြေတယ် သမီးတို့ မပူနဲ့ တဲ့။ အဖေ လွတ်မှာပါ တဲ့။

နောက်တော့ တပတ်တခါ ရမန်လေး ယူရတယ်ဆိုတာ သိလာတယ်။ အဖေ့ကို ကျောက်တံတားရဲစခန်းမှာ ချုပ်ထားပြီး ဘားလမ်းမှာ တပတ်တခါ ရုံးထုတ်တာပါ။ ပထမဆုံးအကြိမ် အချုပ်တွေ တရားရုံးတွေအကြောင်း မြင်ဖူး သိဖူးခြင်း။ အံ့သြတာ၊ စက်ဆုပ်တာ၊ မတရားမှုကို ခံပြင်းတာ ခံစားချက်တွေ ရင်ထဲမှာ အမြဲလိုပဲ တလှည့်စီ ပေါ်နေတာ..။ ရုံးထုတ်တဲ့နေ့တွေမှာ အဖေ့ကို ဘားလမ်းကနေ နေ့လည်ဆို ၃၆လမ်းအချုပ်ကို လမ်းလျှောက်ခေါ်လာရင် အဖေက လက်ထိပ်နဲ့။ သမီးတွေက ဘေးမှာ ရံလို့။ လက်ဖက်ရည်ဆိုင်တန်းကြီးရှေ့က ဖြတ်ရတယ်။ အစမှာတော့ ရှက်မိတာ အမှန်ပဲ။ ဒါပေမယ့် ပြန်စဉ်းစားမိတော့ ကဗျာဆရာဟာ ကိုယ်ယုံကြည်ရာ ရေးတာ အပြစ်မှ မဟုတ်ဘဲ။ မတရားလုပ်သူသာ ရှက်စရာကောင်းတာ လို့ စဉ်းစားမိရင် ခေါင်းက အလိုလိုမော့ပြီးသား ဖြစ်သွားတယ်။ ဘားလမ်းဆိုတော့လည်း ရှေ့နေ့တွေ ပျားပန်းခပ်တဲ့နေရာ။ အဖေ့ကို တွေ့ရင် မိတ်ဆွေရှေ့နေ့တွေက ဟာ..ဆရာ ဆိုပြီး ဖိနပ်ချွတ် ထိုင်ကန်တော့ကြတာ။ စာပေမိတ်ဆွေတွေက ၃၆လမ်း အချုပ်ရှေ့မှာ အဖေ့ကို လာတွေ့ကြတာ လူသီးကြီး ဖြစ်နေအောင် ဝိုင်းအုံနေကြ။ နှုတ်ဆက်ကြ။ ဆရာ လက်ဖက်ရည် သောက်ပါအုံး။ ဆရာ စီးကရက်ခဲလိုက်ပါအုံး။ ဒါက အဖေကြိုက်တဲ့ ချစ်တီးထမင်းလေ စားလိုက်ပါအုံး။ သံတိုင်လေးခြားပြီး သူတို့ လက်ဖက်ရည်ဝိုင်းဖွဲ့ကြတယ်။ ဦးမြင့်မောင်ကျော်၊ ဦးကံရွှေ၊ ဦးနဲ့ အံတီခင်ဖုန်း(နတ်မောက် အနီချို)၊ ဦးသာထက်အောင်၊ မမိုချာ့၊ လေးလေးဦးမိုးသူ၊ ဦးစွမ်းရည်..။ (မေ့ကျန်ခဲ့ရင် ခွင့်လွှတ်ပါရှင်)။ အဖေက ဘယ်သူနေကောင်းရဲ့လား ဘယ်ဝါနေကောင်းရဲ့လား မေးသေးတယ်။

တနေ့တော့ အဖေ့ကို ကျောက်တံတားအချုပ်ကို ပြန်မခေါ်တော့ဘူး တဲ့။ အင်းစိန်ထောင်ကို ပို့ရမယ် တဲ့။ သူလွတ်တော့မှာ လို့ အကောင်းမြင်နေရှာတဲ့ ကဗျာဆရာဟာ စိတ်ထဲ အတော်ဆွေး သွားပုံရပါတယ်။ သမီးတို့ရေ ဟိုရဲသားတွေကို သွားပြောပါအုံး၊ ဖေဖေ ထောင်ကို မသွားချင်ဘူး တဲ့။ တခါမှ စိတ်ညစ်တာတောင် မပြတတ်တဲ့ အဖေက အဲလို ပြောပြီဆိုတော့ သမီးတွေကလဲ ဟိုလူ့သွားပြော၊ ဒီလူ့သွားပြော..။ အဖေ့ကို အင်းစိန်ထောင် မပို့ပါနဲ့။ မပို့ပါနဲ့။ ထောင်ဆိုတာ စိတ်ထဲမှာ အကြီးကြီး။ အရမ်းဆိုးတဲ့နေရာ၊ လူဆိုးကြီးတွေ ရှိတဲ့နေရာ။ အဲလို ထင်တာကိုး။ မျက်ရည်ပေါက်ပေါက် ကျရတယ်။ အဲဒီညနေဟာ လူမြင်ကွင်းမှာ မျက်ရည်ကျခဲ့ဖူးတဲ့ နေ့ပါပဲ။ အချုပ်ကားအပြာကြီးနဲ့ အဖေလက်ကလေး ထုတ်ပြတာကို မျက်ရည်ကြားက အံကြိတ်ကြည့်ခဲ့ရတယ်။

နောက် နှစ်ပတ်ကြာတော့ အဖေ့ကို ပြန် ရုံးထုတ်လာတယ်။ တပတ်တခါ ရုံးထုတ်တာ ရမန်လေး၊ နှစ်ပတ် တခါ ထုတ်တာ ရမန်ကြီးတဲ့။ အဖေ့ကိုတွေ့တော့ အဖေက ပျော်လို့ ရွှင်လို့။ အဆောင်မှာ အဖေ့မိတ်ဆွေတွေ အများကြီး တဲ့။ အချုပ်ထက် ထောင်က ပျော်စရာကောင်းတာပေါ့ သမီးတဲ့။ ကြည့်စမ်း၊ ရင်ထဲမှာ ကြောက်နေတဲ့ ထောင်ဟာ အာဏာရှင်လက်ထက်မှာ မိတ်ဆွေတွေနဲ့ ပျော်စရာကြီး ဖြစ်နေသတဲ့။ အဖေ့ကို အထဲမှာ ကူညီစောင့်ရှောက်ကြတဲ့ မိတ်ဆွေတွေ တပည့်တပန်းတွေအကြောင်း ပြောပြနေလို့ ကျေးဇူးတင်စိတ်နဲ့ တလှပ်လှပ်ဖြစ်ရတယ်။

ဒီလိုနဲ့ နှစ်ပတ်မှာ တခါ ပုံမှန် ရုံးထုတ်တွေ့နေတုန်း တဖက်မှာလဲ အင်းစိန်ထောင်ကနေ ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးနေတာ သတင်းတွေမှာ ပါလာတယ်။ မိသားစုတွေ ပျော်ကြ ဆုံကြတာတွေ ရုပ်မြင်သံကြားကနေ လွှင့်နေတာပါ။ အဲဒီအခါ ကိုယ်တွေလဲ မကြာခင် အဖေလွတ်တော့မယ် လို့ မျှော်လင့်ချက်လေးတွေ ထားမိတာပေါ့။ ငါ့အဖေဟာ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလုပ်၊ ကိုယ်ကျိုးအတွက် အိတ်ထဲထည့်တဲ့ သူခိုးကြီး မဟုတ်ဘူး၊ အပြစ်မဲ့ ပြည်သူကို လက်နက်အားကိုး နဲ့ ညှင်းပမ်းနှိပ်စက်တဲ့ လူသတ်သမား မဟုတ်ဘူး၊ ပြည်သူ့ခံစားချက်ကို ပဲ့တင်ထပ်တဲ့ ကဗျာဆရာပဲ။ ကျောင်းသားတွေကို စာသင်တဲ့ ကျောင်းဆရာပဲ။ အဖေ လွတ်မှာ မုချပဲ။

တနေ့တော့ နေ့လည်ပိုင်းမှာ ဖုန်းတခု ဝင်လာတယ်။ သမီးတို့အဖေကို ထောင်အပြင်ကို ထုတ်လာတာတွေ့တယ်။ လွတ်ပြီ ထင်တယ်။ အင်းစိန်ထောင်ကို မြန်မြန် လိုက်ခဲ့ကြ တဲ့။ အန်တီတယောက်က ဖုန်းဆက်လာတာပါ။ သူက ထောင်ဝင်စာ စောင့်နေတုန်း အဖေ့ကို ထုတ်လာတာ မြင်လို့ ကိုယ်တို့ဆီ ပြေးလာဆက်တာပါ။ နံမည်တောင် မပြောလိုက်ဘူး။ ဒါနဲ့ ညီအမ လေးယောက် အင်းစိန်ထောင်ကို ပြေးကြပြန်တာပေါ့။

ထောင်ဗူးဝ ဂိတ်ကို ရောက်တော့ ဂိတ်စောင့် ထောင်ဝန်ထမ်းကို ပြောပြတယ်။ ကျမတို့အဖေ လွတ်ပြီ၊ အဖေ့ကို ထောင်အပြင် ထုတ်လာတာ မိတ်ဆွေတယောက်က မြင်လိုက်တယ်။ အဲဒါကြောင့် ကျမတို့ လာတာပဲ။ အစောင့်ကလဲ အင်မတန် အံ့သြသွားတယ်။ ဘာမှလဲ သတင်းပို့ထားတာ မရှိပါလား တဲ့။ သတင်းရုပ်သံကလဲ သတင်းယူဖို့ လာရင် အထဲက သူတို့ကို အကြောင်းကြားမှာပေါ့ တဲ့။ အထဲကို ဆက်မေးကြည့်လိုက်အုံးမယ် တဲ့။ ကိုယ်တို့ လေးယောက်လဲ ခပ်တည်တည်ပဲ စောင့်နေကြတယ်။ စိတ်ကတော့ လော လှပြီ။ ပြေးကြိုချင်လှပြီပေါ့။

နောက်တော့ တယောက်သော ဝန်ထမ်းက ပြောတယ်။ ခင်ဗျားတို့ သတင်းမှားတာ။ ဒီနေ့ ဘယ်သူမှ မလွှတ်ဘူး။ သေချာအောင် မေးပြီးပြီ တဲ့။ ဒါနဲ့ ကိုယ်တို့လဲ ပြန်ပြောရတာပေါ့။ အဖေ့ကို ထုတ်လာလို့ မိတ်ဆွေက ဖုန်းဆက်တာလေ။ သေချာပါတယ်။ ကျမတို့ ထောင်ဗူးဝမှာ သွားစောင့်ပါရစေ ပေါ့။ ရဲသားကလဲ ထောင်ဝင်စာတွေ့တာ မဟုတ်ရင် ပေးမဝင်နိုင်ဘူး တဲ့။ ဒါနဲ့ ညီအမ လေးယောက် ခေါင်းချင်းဆိုင်ပြီး အကြံထုတ်ရတယ်။ နောက်တော့ အသိ ဝန်ထမ်းတယောက်ရဲ့ နံမည်ကို ပြောပြီး သူ့ကို အဖေ လွတ်မလွတ် သွားမေးပါရစေပေါ့။ အဲဒီ ဝန်ထမ်း အိမ်ယာက ထောင်ဂိတ်နားတင် ရှိတာပါ။ ကိုယ်တို့ သွားချင်တဲ့ ထောင်ဗူးဝက အတော်ဝေးသေးတယ်။ ထောင်ကို ရောက်ဖူးရင် သိကြမှာ။ ထောင်ဂိတ်နဲ့ ထောင်ဗူးဝက မျဉ်းဖြောင့်တကြောင်းလို ရှင်း ဖြောင့်နေတာ။ ဂိတ်ကနေ လှမ်းကြည့်လိုက်ရင် ဝေးပေမယ့် မြင်ကွင်းက ရှင်းနေတော့ တော်တော်ဝေးဝေးထိ မြင်ရတယ်။

ဒါနဲ့ ဝန်ထမ်း ဦးရဲ့ အိမ်ကို သွားမေးမယ်ဆိုတော့ တယ်ခက်ပါလား ဆိုတဲ့ အထာနဲ့ သွား သွား တဲ့။ ဒါနဲ့ ကိုယ်တို့လဲ အဲဒီအိမ်ကို သွားဖို့ လမ်းကြားလေးကို ခွဲထွက်လာခဲ့ကြတယ်။ လမ်းမှာ ညီအမလေးယောက် တိုင်ပင်တာက သွားမေးလဲ အဲဒီလူက အလုပ်ဆင်းနေလို့ ရှိမှာ မဟုတ်တော့ ထောင်ဗူးဝကိုပဲ မရောက် ရောက်အောင် သွားမယ် ဆုံးဖြတ်ကြတယ်။ ဒါပေမဲ့ ထောင်ဗူးဝကို သွားချင်ရင် လမ်းက ပင်မလမ်း တလမ်းပဲ ရှိတယ်။ ဖြတ်လမ်းမရှိ။ အဲဒီလမ်းကိုလဲ ဟိုဂိတ်ကနေ မြင်ရမှာ အသေအချာပဲ။ အဲဒီတော့ သွားမလား မသွားဘူးလား တိုင်ပင်တော့ လေးယောက်စလုံး သွားမယ် အဖေ့ကို သွားကြိုမယ် လို့ပဲ ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ ပင်မလမ်းပေါ်ပဲ တက်ပြီး ခပ်တည်တည်ပဲ ထောင်ဗူးဝဆီ ခပ်သွက်သွက် လျှောက်လိုက်ခဲ့တယ်။ အဲဒီအချိန်မှာ အစောင့်ကင်းတဲက ရဲသားတွေက တွေ့ပြီး လှမ်းအော်လိုက်တာပါ။ "ဟေ့ ကောင်မလေးတွေ၊ နင်တို့ မသွားရဘူးဆိုတာ မသိဘူးလား။ ပြန်လာခဲ့စမ်း" တဲ့။ ကိုယ်တို့လဲ တုန်တော့ တုန်သွားတယ်။ ဒါပေမယ့် သွားမယ် အဖေ ရှိတယ် ဆိုတဲ့ စိတ်က စေ့ဆော်နေပြီကိုး။ ပိုပြီး ခြေလှမ်း မြန်မြန် လျှောက်ကြတာပေါ့။ နောက်လှည့်မကြည့်တော့ဘူး။

"ဟေ့ ကောင်မလေးတွေ..နင်တို့ကို ပေးမဝင်ဘူး ပြောထားတယ် မဟုတ်လား။ ပြန်မလာရင် ငါ သေနတ်နဲ့ ပစ်မှာနော်"

သူ့အသံက အကျယ်ကြီး။ ဒေါသသံနဲ့မို့ အသံက ပိုဟိန်းနေတယ်။ ယောကျင်္ားကြီးတယောက် ခြိမ်းခြောက် ဟိန်းဟောက်လိုက်တဲ့အသံက စိတ်ထဲမှာ လန့်မိတာတော့ အမှန်ပဲ။ သူ တကယ် ပစ်လိုက်မှာလား ပေါ့။ ဒါပေမယ့် ဆုံးဖြတ်ပြီးမှတော့ မမှုတော့ဘူး။ အမြန်ဆုံးသာ ထောင်ဗူးဝကို မပြေးရုံတမယ် ခပ်သွက်သွက် လျှောက်ခဲ့တယ်။ ထောင်ဗူးဝကို ရောက်ပြီ။

အဖေ့လဲ မတွေ့။ ဘေးတဖက်တချက်မှာ ထောင်ဝင်စာ လာတွေ့တဲ့ လူတွေ ထိုင်နေကြတယ်။ အဲဒီအချိန်မှာ ခုနက တားတဲ့ ထောင်ဝန်ထမ်းရဲသားက စက်ဘီးနဲ့ ရောက်လာတာပါ။ စက်ဘီးပေါ်က ဆင်းပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ကိုယ်တို့ကို ကြိမ်းမောင်းတော့တာပေါ့။ အခု ထွက်စမ်း အခု ပြန်ထွက် တဲ့၊ ငါ ဆွဲထုတ်ရမလား တဲ့။ ကိုယ်တို့ကလဲ မခံတော့ဘူး။ ပြန်အော်တာပေါ့။ မသွားဘူး၊ အဖေ လွတ်မှာ၊ မထွက်ဘူး၊ ဒီက စောင့်မယ်ပေါ့။ အဲဒီအချိန်မှာ လူကြီးတယောက် အနားရောက်လာတယ်။ ပုခုံးမှာ ကြယ်ပွင့်တွေ အများကြီးနဲ့။ သူက အစောင့်ရဲသားကို ပြောလိုက်တယ်။ ဒီကလေးတွေကို ငါ တာဝန်ယူပါတယ်ကွာ၊ မောင်းမထုတ်ပါနဲ့။ သူတို့အဖေကို ထုတ်လာတာ အမှန်ပါ တဲ့။ ဒါပေမဲ့ လွှတ်ဖို့တော့ မဟုတ်ဘူး၊ ဒီနေ့ ဆရာကြီးကို စစ်ခုံရုံးမှာ စီရင်ချက်ချမှာမို့ ထောင်ဗူးဝက စစ်ခုံရုံးကို ခေါ်လာတာပါ တဲ့။ ပြီးတော့ ကိုယ်တို့ဖက် လှည့်ပြီး ဦးက သမီးတို့အဖေကို တာဝန်အရ တရားလိုလုပ် စွဲချက်တင်ရတဲ့ ဗိုလ်တထောင် ရဲစခန်းက ရဲမှူးကြီးပါ တဲ့။

အဲဒီနေ့က အဖေ့ကို စစ်ခုံရုံးက စီရင်ချက် မချခင် အဖေစပ်ခဲ့တဲ့ ကဗျာပုဒ်တချို့ ရွတ်ပြပြီး အဖေ ရေး/မရေး မေးခဲ့ပါတယ်။
"တယောက် နဲ့ အများ
တယောက်က ဓါးနဲ့မို့
အများက အရာမဝင်တာ
အာဏာရှင်စနစ်ပဲ။
ဒီ အာဏာရှင်စနစ်ကို ငါ ရှိမခိုးနိုင်။" (သမိုင်းစာမျက်နှာက ဒဏ်ရာများမှ..)

နောက် အမေ့သား စကားတိုးတိုး ပြောလှည့်ပါ့ ကဗျာထဲက စာသားအချို့ ကို ရွတ်ပြပြီး ကဗျာဆရာကို ကဗျာရေးလို့ ပုဒ်မ ၅ည နဲ့ ထောင် ၄ နှစ် ချခဲ့ပါတယ်။

ပြုံးပြုံးလေး နဲ့ ထွက်လာတဲ့ အဖေ့ကို ကိုယ်တို့ညီအမတတွေ ဝိုင်းဖက်ထားကြတယ်။ ဘယ်သူမှ မငိုဘူး။ ဘယ်သူ့ ဘယ်သူကိုမှ အားပေးစရာမလိုဘူး။ ကိုယ့်ထက် ခံနေရသူတွေ၊ ကိုယ့်လောက်တောင် မြင်တွေ့ဖို့ အခွင့်အရေးမရသူတွေ၊ လူမသိ သူမသိ အနှိပ်စက် အညှင်းပန်းခံ၊ အသက်ဆုံးရှုံးခဲ့ကြတဲ့ သူရဲကောင်းတွေ၊ အများအတွက် ဘဝတွေ စွန့်လွှတ်ပေးဆပ်နေကြသူတွေ.. ဒီအာဏာရှင်စနစ်ဆိုးကြီး လက်အောက်မှာ ပေါလိုက်သမှ သူရဲကောင်းတွေ နေတဲ့တိုင်းပြည်လို့တောင် ကင်ပွန်းတပ်လို့ရပါရဲ့..။ အဲဒီအထဲမှာ ကိုယ်တို့အဖေလဲ သူနိုင်တဲ့ ဝန်ကလေး ထမ်းပြီး ခေတ်ဆိုးကြီးကို မှတ်တမ်းတင်တဲ့အထဲ ပါခဲ့တယ် လို့သာ ဂုဏ်ယူစရာ ရှိပါတယ်လေ။