Breaking News

အောင်ဝေး - သေနင်္ဂဗျူဟာမြောက်အလွမ်း

Than Htay Maung


အောင်ဝေး - သေနင်္ဂဗျူဟာမြောက်အလွမ်း

(မိုးမခ) ဇန်နဝါရီ 

( ၁ )

ဒီမှာ လွမ်းလို့ သေတော့မယ်
မမခင်ဦးစံပယ် ရေ။
မယုံဘူးလား
တစ်ညလုံး မအိပ်တဲ့
နယူးယောက်မြို့ကြီးကတောင် သိတယ်။

ဘယ်အထိတောင် လွမ်းသလဲဆို
သေလောက်အောင်ပါပဲ
မမခင်ဦးစံပယ်။

ဆန်ဖရန်စစ္စကိုက
ဂိုးလ်ဒင်းဂိတ် * တံတားကြီးလည်း
သိတာပဲ
ကျနော် သေလောက်အောင် လွမ်းနေတာကိုလေ
ယုံပါ။

လွမ်းတတ်သူသာ
သမိုင်းဝင်တယ် မမခင်ဦးစံပယ်။

ကမ္ဘာကြီးရဲ့
အတ္ထုပ္ပတ္တိဆိုတာ
လွမ်းတတ်သူတို့ရဲ့
တစ်ခန်းမရပ်တဲ့ အလွမ်းဇာတ်ကြီးပေါ ့။

ကမ္ဘာပေါ်မှာ
ပန်းကလေးတစ်ပွင့် ပွင့်လာတိုင်း
ကျနော် တစ်ခါလွမ်းပရစေ။

ဒါပေမဲ့
ပန်းခင်းကိုတော့
စစ်ဖိနပ်တွေ မနင်းပါစေနဲ့ မမခင်ဦးစံပယ်။

စစ်ဖိနပ်တွေ ကျနော်မုန်းတယ်
အဲဒီ စစ်ဖိနပ်တွေ
ပြီးတော့ စစ်သေနတ်တွေ။

စစ်အာဏာရှင်စနစ်ဆိုး ကျနော်မုန်းတယ်
အဲဒီ စစ်အာဏာရှင်စနစ်ဆိုး
ပြီးတော့ ဖက်ဆစ်သံဖနောင့်ဆိုး။

မမခင်ဦးစံပယ်
မစ်ရှီဂန်မဲဇာမှာ
ကျနော်ဟာ ပြည်ပြေးတစ်ယောက်ပါ။

ကျနော်တို့ဟာ
ကိုယ့်တိုင်းပြည်ကလေးမှာ
ကိုယ့်အရသာကလေးနဲ့ ကိုယ် ဆွေးနေချင်သူတွေပါ။

ကျနော်တို့ဟာ
ကိုယ့်နိုင်ငံတော်ကလေးမှာ
ကိုယ့်ချစ်ခြင်းမေတ္တာကလေးနဲ့ ကိုယ် ငေးနေချင်သူတွေပါ။

ကျနော်တို့ဟာ
ကိုယ့်အနာဂတ်ကလေးမှာ
ကိုယ့်ဥာဏ်ပညာကလေးနဲ့ ကိုယ် တွေးနေချင်သူတွေပါ။

မမခင်ဦးစံပယ်
သစ်တောကြီးတစ်ခုလုံး
မီးဟုန်းဟုန်းတောက်နေတဲ့အချိန်မှာ
နှင်းဆီပန်းကလေးတစ်ပွင့် ကြွေသွားတာကိုကော
မလွမ်းရတော့ဘူးလား။

သစ်တောကြီးကလည်း သစ်တောကြီးအလျောက်
နှင်းဆီပန်းကလေးကလည်း နှင်းဆီပန်းကလေးအလျောက်ပေါ့့
မမခင်ဦးစံပယ်ရယ်
ကျနော် လွမ်းပရစေ။

သေနင်္ဂဗျူဟာမြောက်
အလွမ်းဆိုတာ
မီးလောင်နေတဲ့ သစ်တောကြီးကို
လွမ်းမှရယ်လို့လည်း မဟုတ်ပါဘူး။

သေနင်္ဂဗျူဟာမြောက်
အလွမ်းဆိုတာ
ကြွေသွားတဲ့ နှင်းဆီပန်းကလေးကို
မလွမ်းရဘူးရယ်လို့လည်း မဟုတ်ပါဘူး။

မမခင်ဦးစံပယ်
နာကျင်တဲ့ နှလုံးသားမှာ
ရာဇဝင်သိစိတ်နဲ့လွမ်းရင်
ဒီအလွမ်း သေနင်္ဂဗျူဟာမြောက်လေရဲ့။

မမခင်ဦးစံပယ်
ခံစားတတ်တဲ့ ရင်ဘတ်ကြီးနဲ့
အဘိဓမ္မာရှိရှိလွမ်းရင်
ဒီအလွမ်း သေနင်္ဂဗျူဟာမြောက်ပေရဲ့။

"မောင့်ဂူစတီနာရေ
နွေဦးသစ်ရဲ့ တစ်နံနက်မှာ
တို့ ပြန်ဆုံတွေ့ကြမယ်နော်" ဆိုတဲ့
အလွမ်း။

"ထန်ပြင်းတဲ့ အတိဒုက္ခတွေကြားမှာ
အချစ်စိတ်ကို
ဘယ်လိုရှင်သန်အောင် လုပ်နိုင်ကြမှာလဲ" ဆိုတဲ့
အလွမ်း။

"ကြည်ရေ
ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်" ဆိုတဲ့
အလွမ်း။

ဒါတွေဟာ
သေနင်္ဂဗျူဟာမြောက်အလွမ်းတွေပါ
မမခင်ဦးစံပယ်။

"ဘယ်သူဖြစ်ဖြစ်
အချစ်ဆုံးနဲ့၊ ပခုံးနွဲ့မှီ
ပျော်ချင်သည်ပဲ
ငှက်ကလေးလို၊ ချိုတေးဆိုချင်တာပေါ့" ဆိုတဲ့
အလွမ်း။

"လူငယ်တွေကတော့
ကောက်ရိတ်ပွဲတော်ကို သွားဖို့
နွေဦးကို စောင့်စားနေကြပြီ" ဆိုတဲ့
အလွမ်း။

"ကျနော့်မှာ အတ္တဆိုလို့
မခင်ဦးကို ချစ်ခဲ့မိတာတစ်ခုပဲ ရှိပါတယ်" ဆိုတဲ့
အလွမ်း။

အားလုံးဟာ
သေနင်္ဂဗျူဟာမြောက်အလွမ်းတွေပါ
မမခင်ဦးစံပယ်။

"ကျမတို့ဟာ
စည်းကမ်းရှိ ညီညွတ်ပြီး၊ အမှန်တရားနဲ့ကိုက်ညီတဲ့
အင်အားမျိုး ထူထောင်ရမယ်"

ပဉ္စမမြန်မာနိုင်ငံတော်
တည်ထောင်ခန်းဟာလည်း
သေနင်္ဂဗျူဟာမြောက်အလွမ်းပါပဲ
မမခင်ဦးစံပယ်ရယ်။

"ဆရာ မသေခင်
ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်" ဆိုတဲ့
အလွမ်း။

"သေနတ်ပြောင်းက
ပန်းများပွင့်စေ" ဆိုတဲ့
အလွမ်း။

"ငြိမ်းချမ်းရေး တန်ဖိုးအတက်ဆုံးအချိန်ဆိုတာ
ကတုတ်ကျင်းတွေ နက်နက်တူးရတဲ့အချိန်ပေါ ့" ဆိုတဲ့
အလွမ်း။

ငြိမ်းချမ်းရေးကိုသာ လွမ်း
ငြိမ်းချမ်းရေးကိုလွမ်းတဲ့ အလွမ်းဟာ
သေနင်္ဂဗျူဟာမြောက်အလွမ်းပေါ ့။

စစ်မဲ့နိုင်ငံတော်ကိုသာ လွမ်း
စစ်မဲ့နိုင်ငံတော်ကိုလွမ်းတဲ့ အလွမ်းဟာ
သေနင်္ဂဗျူဟာမြောက်အလွမ်းပေါ ့။

မမခင်ဦးစံပယ်ရယ်
စစ်မဲ့နိုင်ငံတော်ဆိုတာ
အချစ်နဲ့မှ လွမ်းလို့ရတဲ့ နိုင်ငံတော်ပါ။

မမခင်ဦးစံပယ်
အမုန်းတရားတွေ ဆိတ်သုဉ်းပျောက်ကွယ်တဲ့နေ့
ငြိမ်းချမ်းရေး ထိပ်ဆုံးရောက်မယ်။

မမခင်ဦးစံပယ်ရယ်
ဒီမှာ လွမ်းလို့သေတော့မယ်
ချီကာဂိုမြို့ကြီးကတောင် သိတယ်
ကျနော် ပြည်တွင်း ငြိမ်းချမ်းရေးကို လွမ်းပါရဲ့။ ။

(ဇန်နဝါရီ ၉၊ ၂၀၂၀)

* Golden Gate