Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၇)

ဦးဇင်းဥုံဖွ


ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၇)

မန္တလေးက ခေါင်းလောင်းသံ ဒိုးဒိုး ဒေါင်ဒေါင် ညံခဲ့ဘူးသဗျ

(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၀

တခါလဲ ကျောင်းသားတွေ ပွဲစားတန်းသွားရောင်းချိန်မှာ လိုက်သွားမိတယ်။ ရောင်းလို့ ကောင်းမှကောင်း၊ ဝယ်ကြတဲ့သူတွေကလဲ အလုအယက်ပဲ။ ရောင်းလို့ ကုန်လုကုန်ခင်မှာ အစောင့်ချထားတဲ့ ကျောင်းသားက "မြင့်ဦးလာပြီ" (မန္တလေးနိုင်င်ငံရေးလှုပ်ရှားမှုများကို ဒုက္ခအပေးဆုံးပုဂ္ဂိုလ်၊ နောင် ထောက်လှမ်းရေးအကြီးအကဲဖြစ်၊ အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့တဲ့ ထောက်လှမ်းရေးဗိုလ်မှူး အောင်လင်းထွဋ်ရေးသားဖော်ထုတ်ချက်အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခရစ္စတီးကျွန်းမှာ ကိုယ်ဝန်ဆောင်ပါမကျန် အစုလိုက်အပြုံလိုက်သတ်ခိုင်းမှုရဲ့ မျက်မြင်သက်သေ၊ ဗိုလ်ခင်ညွှန့်ပြုတ်တော့ ထောင်ကျသွားသူ) လို့ အော်ပြီး သူကိုယ်တိုင်လဲ ထွက်ပြေးတယ်။ 

သေချာကြည့်လိုက်တော့ ငတ တွေက ဟိုဘက်ဒီဘက် နှစ်ဘက်ခွဲပြီး ဝင်လာတယ်။ နှစ်ဘက်ပိတ်ဖမ်းတော့ လွတ်လမ်းရယ်တဲ့ ဘယ်မမြင် ဖြစ်နေချိန်မှာ ရွှေတချောင်းမြောင်းပေါ်က ကြက်သွန်တန်းရပ်ထဲဝင်တဲ့ တံတားလေးကို မြင်မိလိုက်ကြတယ်။ အဲဒါနဲ့ တံတားပေါ်ကနေ ကြက်သွန်တန်းရပ်ထဲကို အတင်း ဝင်ပြေးကြတယ်။ ကြက်သွန်တန်းသားတွေကလဲ ဦးဇင်းတွေနဲ့ ကျောင်းသားတွေကို လိုက်ဖမ်းနေတယ်ဆိုတာကို သိတော့ အိမ်ပေါ်တွေ ရောက်အောင်ပို့ပြီး အခန်းတွေထဲမှာ ဖွက်ပေးကြတယ်။ တချို့ ကျောင်းသားတွေဆို အိမ်ပေါ်တင်မဟုတ်ပဲ ထပ်ခိုးတွေပေါ်မှာ တင်ပေးပြီး ပုန်းခိုင်းတယ်လို့ ပြန်ပြောပြတယ်။ ပြန်စဉ်းစားကြည့်တော့ ဂျပန်တော်လှန်ရေး သမားတွေကို ရွာသူရွာသားတွေ ဝိုင်းဖွက်ပေးထားကြတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ကြည့်နေရသလိုလို။ ပိုးစိုးပက်စက်ကြီးကို ချစ်စရာကောင်းတဲ့ မန္တလေးသူ မန္တလေးသားတွေ။ (အင်း ကိုယ်တိုင်ကလဲ မန္တလေးသား၊ ကျွန်တော့်ဓာတ်ပုံကို ကြည့်ရန်မလိုဆိုတော့ကား ...)

အလိုတော်ပြည့် ဆရာတော်ဦးသုစိတ္တကြီးက ပထမတော့ သူ့ပစ္စည်းပစ္စယတွေထားတဲ့ သီတဂူဆွမ်းစားကျောင်း အောက်ထပ်က တောင်ဘက်ခန်းကလေးကိုပဲ ကိုယ်တို့အဖွဲ့ကို ပေးထားတာ။ စာရိုက်စာကူးပဲ လုပ်လုပ်၊ အစည်းအဝေးပဲ လုပ်လုပ်ဆိုပြီးတော့ပေါ့။ အရင်က ကျောင်းမှာ လာခိုတဲ့ ကျောင်းသားတွေက သိပ်မရှိသေးတော့ အဆင်ပြေတယ်။ သပိတ် မမှောက်ခင်လောက်မှာ ထောက်လှမ်းရေး ဝရမ်းကပ်တဲ့ ကျောင်းသားတွေ တအားများလာတော့ တိုက်ဟောင်း ဆွမ်းစားကျောင်းပတ်လည်မှာ ပြည့်နှက်လာတယ်။ 

ဒါနဲ့ပဲ မစိုးရိမ်တိုက်ဟောင်းကနေ တိုက်သစ်ဘက်ကို ကျောင်းသားကြီးတွေ ရောက်လာကြတယ်။ ပေးထားတဲ့အခန်းက အကျဉ်းလေးဆိုတော့ (၄/၅)ယောက်လောက်ပဲ ကပ်သပ်အိပ်လို့ ရတယ်။ ကျန်တဲ့သူတွေကတော့ ဒီပ ဆွမ်းစားကျောင်းအောက်တို့၊ သီတဂူရှေ့က ပိတောက်ပင်ကြီး(အဲဒီအချိန်က ခပ်
သေးသေးပဲရှိသေး)အောက်တို့၊ သီတဂူဆွမ်းစားကျောင်းအောက်မှာ ကျိမ်းကြတဲ့ စာသင်သားတွေရဲ့ ခြေရင်းတို့မှာ ဖြစ်သလို အိပ်ကြတယ်။ ဒါကို မြင်သွားတဲ့ ဦးသုစိတ္တကြီးက သူ စာကြည့်ရင်း ခေတ္တအနားယူရာဖြစ်တဲ့ သီတဂူဆွမ်းစားကျောင်းအောက်က မြောက်ဘက် အခန်းကျယ်ကြီးကိုပါ နေခွင့်ပေးလိုက်တယ်။ (အခုအချိန်မှာတော့ ပိတောက်ပင်ကြီးက နေပြောက်မထိုးလောက်အောင်ကို စိမ်းစိုဝေဆာနေပြီး ဒီပသစ်သားဆွမ်းစားကျောင်းလေးနဲ့ သီတဂူ ဆွမ်းစားကျောင်းလေးတွေကတော့ အထပ်မြင့်ကျောင်းကြီးတွေအဖြစ် ခန့်ခန့်ထည်ထည် ဖြစ်နေပါပြီ)

မန္တလေးသံဃာတွေလဲ ကံဆောင်အပြီး နယ်ဆင်းကြတဲ့သူတွေလဲ ပြန်အလာမှာ သံဃာတွေဘက်က တုံ့ပြန်တဲ့ ပဲ့တင်သံတွေကို တစွန်းတစ ကြားလာရတယ်။ ရန်ကုန်မှာ ရွာမဆရာတော်ကြီးဦးဆောင်ပြီး ကံဆောင်သပိတ်မှောက်ကြတော့မယ်၊ ပခုက္ကူက သပိတ်မှောက်ဘို့ ရက်သတ်မှတ်လိုက်ပြီ၊ မြင်းခြံမှာ ဘယ်နေ့၊ ပဲခူးက ဘယ်ရက်၊ မိတ္ထီလာမှာတော့မှောက်ပြီးသွားပြီစတဲ့ သတင်းစကားတွေ ကြားလာရပြီ။ ဒါကလဲ သံဃာတွေချင်း ချိတ်ဆက်မှု့နဲ့ အထက်အောက် ဗကသကျောင်းသားတွေရဲ့ အပြန်အလှန် သတင်းဖလှယ်ဖြန့်ဝေမှုတွေကြောင့် အသိ မြန်ခဲ့ရတာပါ။ 

မြို့ပေါ်သံဃာတွေရဲ့တုန့်ပြန်မှုလေးတွေကိုတော့ ဘုရားကြီးတိုက်က ဦးခေမာနဲ့ ဓမ္မာဂါရဦးဝါသဝတို့က "ဒို့ဘုရားကြီးတိုက်၊ ဦးထွန်းချိုကျောင်းက ကိုရင်ပေါက်စနှစ်ပါး ဘုံလောင်းတိုးရင်း အမှတ်(၉) ရဲစခန်းနား ရောက်သွားသတဲ့။ အဲဒီရှေ့မှာ ရဲမိန်းမတွေက ဆွမ်းလောင်းဘို့ ဆွမ်းအုပ်တွေ၊ ဆွမ်းဟင်းအုပ်တွေ ချထားသတဲ့။ တခြားဦးဇင်းတွေ ကိုရင်ကြီးတွေက သပိတ်မှောက်ထားတယ်ဆိုတာကို သိတော့ တစ်ပါးမှ ဝင်မရပ်ကြလို့ ဆွမ်းတွေ ဆွမ်းဟင်းတွေက လုံးဝကို မလျော့သေးဘူးတဲ့။ အဲဒါနဲ့ လှမ်းမြင်မိတဲ့ ကိုရင်ပေါက်စလေးနှစ်ပါးကို ဆွမ်းအလှူခံ ကြွဘို့ ပင့်တော့ ကိုရင်လေးတွေက "ကိုရင်တို့ဆရာက မှာထားတယ်။ သေနတ်ကိုင်တဲ့သူတွေကို သပိတ်မှောက်ထားလို့ သူတို့ဆီက ဆွမ်းကို မခံရဘူးတဲ့။ တကယ်လို့ တခြားလောင်းတဲ့သူတွေ မရှိလို့ ဆွမ်းမရဘူးဆိုရင် ဒီအတိုင်း ပြန်လာခဲ့၊ ကျောင်းပြန်ရောက်ရင် ချက်ကျွေးမယ်လို့ ပြောတယ် ဒကာမကြီး" လို့ ပြောတဲ့အကြောင်း ပြန်ပြောပြတယ်။

တောရွာဘက်တွေကလဲ သတင်းတွေ တက်လာတယ်။ စစ်မျိုး စစ်နွယ်ထဲက မိသားစုတစ်စု ရှင်ပြုပွဲ လုပ်ဘို့ စီစဉ်ကြသတဲ့။ ကျွေးမွေးဧည့်ခံဘို့တွေ၊ လှူရံအတွက်တွေ၊ ဖိတ်စာတွေတောင် စီစဉ်ပြီးသလောက် ဖြစ်နေပြီတဲ့။ ဒါနဲ့ ရွာကျောင်းဘုန်းကြီးကို ဒီနေ့ ဒီရက်မှာ ရှင်ပြုအလှူ လုပ်မယ့်အကြောင်း လျှောက်ထားရင်း သွားပင့်တဲ့ အချိန်မှာ ရွာကျောင်းဘုန်းကြီးက "တခြားဘုန်းကြီးတွေ ပင့်လို့ရရင် လုပ်ကြပေါ့ဗျာ၊ ဘုန်းကြီးကတော့ မကြွနိုင်ဘူး။ ဘာပြုလို့တုန်းဆိုတော့ ဘုန်းကြီးတို့ကို ပညာသင်ပေးခဲ့တဲ့ ဆရာတော်တွေ ကိုယ်တိုင် ဦးဆောင်ပြီး လက်နက်ကိုင်အဖွဲ့အစည်းကို ကံဆောင်သပိတ်မှောက်ထားလို့ပဲ" ဆိုပြီး ပြောလွှတ်လို့ အလှူပွဲ ဆိုင်းငံ့လိုက်ရသတဲ့။

နောက်ပြီး စစ်သားအရာရှိသမီးနဲ့ အရပ်သားတစ်ယောက် အကြီးအကျယ် မင်္ဂလာဆောင်မယ့်ပွဲမှာ မင်္ဂလာဦးဆွမ်းကပ်ဘို့ ဘုန်းကြီး သွားပင့်ကြတယ်။ ဘုန်းကြီးတွေက လိုက်လို့ မဖြစ်တဲ့အကြောင်း ပြောပြလိုက်လို့ မင်္ဂလာဆွမ်း မကပ်လိုက်ရပဲ ဧည့်ခံပွဲနဲ့ဘဲ မင်္ဂလာကိစ္စ ပြီးသွားရသတဲ့။ ဒီလို သတင်းမျိုးတွေနဲ့ ဝေဝေဆာဆာ တန်ဆာဆင်ပြီး ထုတ်ခဲ့တဲ့ ဥတ္တမဂျာနယ်နဲ့ မီးဒုတ်သတင်းစာတွေကို ပြည်သူလူထုက လှိုက်လှိုက်လှဲလှဲကို နေရာ ပေးခဲ့တယ်။ ဂျာနယ်တွေ ထုတ်ချိန်ကတော့ ဘယ်နေရာ ဘယ်ဒေသ ဘယ်သူဆိုပြီး တိတိကျကျ ရေးပြီး ထုတ်ခဲ့ပေမယ့် အခုတော့ အကြောင်းခြင်းရာလေးတွေလောက်ပဲ မှတ်မိတော့တာကိုတော့ နားလည်ပေးကြစေချင်တယ်။

သံဃာတွေဘက်က စာလာ ပေလာအတိုင်းပဲ အရိုးရှင်းဆုံး တုန့်ပြန်ကြတာပါ။ ဒါပေမယ့် တကယ်ခံရတာက အာဏာမက်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ မဟုတ်ပဲ အောက်ခြေက ခိုင်းတာလုပ်နေရတဲ့သူတွေချည်းဖြစ်နေတာကတော့...ထုံးစံလို ဖြစ်ပေမယ့် ခေါင်းဆောင်ပိုင်းလဲ တဖြည်းဖြည်း တုန်လှုပ်လာကြောင်းကိုတော့ နောက်ပိုင်း တန်ပြန်လှုပ်ရှားမှုတွေ ကြည့်ရင် သိသာပါတယ်။

စစ်အစိုးရပိုင်းကလဲ ဝိနည်းစည်းကမ်းတကျ ဗြဟ္မဒဏ်ခတ်နေတဲ့ သံဃာတွေရဲ့ လှုပ်ရှားမှုလေးတွေကို အနီးကပ်လေ့လာပြီး စနစ်တကျ တုန့်ပြန်နိုင်ဘို့ဆိုတဲ့ အကြံနဲ့ သံဃာများတဲ့ ကျောင်းတိုက်ကြီးတွေနားကို ချဉ်းကပ် တပ်စွဲ လာတယ်။ မစိုးရိမ်နှစ်တိုက်ကို အနီးကပ်စောင့်ကြည်ဘို့ "ဦးပေစိဘုရားဝင်း" မှာ၊ မြတောင်အတွက် “သာသနာ့ဗိမာန်”မှာ၊ အိမ်တော်ရာအုပ်စုအတွက် "အိမ်တော်ရာ ဘုရား"မှာ၊ တောင်ပြင်အုပ်စုအတွက် “နီးစပ်ရာ ဓမ္မာရုံတွေ”မှာ တပ်စွဲ လာကြတယ်။

ဒီလို အနီးကပ် တပ်စွဲလာချိန်မှာ ကျောင်းသားအဖွဲ့တွေနဲ့ တိုင်ပင်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ကြတယ်။ အဲဒါကတော့ ခေါင်းဆောင်ပိုင်းထဲမှာ ပါပြီးနာမည်ထွက်နေတဲ့သူတွေကို ဆွမ်းခံ မထွက်ကြတော့ဘို့နဲ့ ဦးဇင်းတွေရော ကျောင်းသားတွေပါ အပြင်ကို ကိစ္စကြီးငယ်ရှိလို့ သွားရရင် အုပ်စုလိုက် သွားကြဘို့ဆိုတဲ့ ဆုံးဖြတ်ချက်ပါပဲ။

နယ်ထွက်စည်းရုံးလျှောက်ထားတဲ့ အဖွဲ့တွေထဲက နောက်ဆုံးပြန်လာတဲ့သူတွေကို နယ်က ဆရာတော်တွေက မှောက်တော့လဲ တညီတည်း မှောက်ကြသလို လှန်ပေးဘို့ အခါသင့်လာရင်လဲ အမြန်ဆုံး လာရောက် လျှောက်ထားပေးပါလို့ တောင်းဆိုလိုက်ကြတယ်တဲ့။