Breaking News

အောင်ဝေး - သေနင်္ဂဗျူဟာမြောက်အလွမ်း (၆)


အောင်ဝေး - သေနင်္ဂဗျူဟာမြောက်အလွမ်း (၆)

(မိုုုုုုးမခ) ဖေဖော်ဝါရီီ ၁၇၊ ၂၀၂၀
 
" ဗ " ငါးလုံး သိလား
မမခင်ဦးစံပယ်။

မမခင်ဦးစံပယ်
" ဗ " ငါးလုံး
ဗထက်ခြိုက် ငါးလုံး သိလား။

ကျနော်တို့ဘဝတစ်ခုလုံး
" ဗ " ငါးလုံးနဲ့
တည်ဆောက်ခဲ့တာပါ
မမခင်ဦးစံပယ်ရယ်။

ကျနော်တို့ဟာ
ဗထက်ခြိုက်တွေပေါ့
ကျနော်တို့ဟာ
ဗထက်ခြိုက်တွေပါ
မမခင်ဦးစံပယ်။

ဘဝတစ်ခုလုံးဟာ
" ဗ " ငါးလုံးပါပဲ
" ဗ " ငါးလုံးဆိုတာ
ဘဝတစ်ခုလုံးပေါ့
မမခင်ဦးစံပယ်။

ရာဇဝင်တစ်ခုလုံးကို
စည်းရုံးစုစည်း
ဝါကျတစ်ကြောင်းတည်းနဲ့
ပြီးရမယ်ဆိုရင်
အဲဒါ " ဗ " ငါးလုံးရာဇဝင်ပေါ့။

ကျနော်တို့ရဲ့ရာဇဝင်ဆိုတာ
" ဗ " ငါးလုံးရာဇဝင်ပေါ့။

မမခင်ဦးစံပယ်ရေ
ဒီနေ့လို ဒီမိုကရေစီခေတ်ကြီးမှာတောင်
တချို့တွေ
" ဗ " ငါးလုံးတစ္ဆေ
ခြောက်နေတုန်းပေါ့။
မုန်းလိုက်တာ မမခင်ဦးစံပယ်ရယ်။

မမခင်ဦးစံပယ်
သိလား
" ဗ " ငါးလုံး ဆိုတာ ဘာလဲ
ဗထက်ခြိုက်ငါးလုံး ဆိုတာ ဘာလဲ
သိလား မမခင်ဦးစံပယ်။

မုန်းဖို့ကောင်းလိုက်တာ
လူမိုက်တွေ
ကျေးဇူးတရား မသိကြဘူး။
မမခင်ဦးစံပယ်
အဲဒီ လူမိုက်တွေ
ကျနော် မုန်းတယ်။

ကျေးဇူးကန်းတဲ့
ဖျံဖမ်းသမားတွေ
ကျနော်မုန်းတယ် မမခင်ဦးစံပယ်။

ဒီနိုင်ငံမှာ
ကျေးဇူး အရှိဆုံးကလည်း
သူပဲ။

ဒီနိုင်ငံမှာ
ကျေးဇူး အကန်းခံရဆုံးကလည်း
သူပဲ။

မမခင်ဦးစံပယ်ရယ်
အဲဒီ ကျေးဇူးအရှိဆုံး ဗထက်ခြိုက်ကြီး
ကျနော် လွမ်းတယ်။

မမခင်ဦးစံပယ်ရယ်
အဲဒီ ကျေးဇူးအကန်းခံရဆုံး ဗထက်ခြိုက်ကြီး
ကျနော် လွမ်းတယ်။

မမခင်ဦးစံပယ်ရယ်
အဲဒါ
ကျနော်တို့ တစ်ဘဝလုံး
ထိပ်ဆုံးက တည်ဆောက်ခဲ့ကြ
ဗထက်ခြိုက်တစ်လုံးပေါ့

အဲဒါ
ဗိုလ်ချုပ်အောင်ဆန်းပေါ့
မမခင်ဦးစံပယ်ရယ်။

အဲဒါ
လွတ်လပ်ရေးဖခင်
အမျိုးသားခေါင်းဆောင်ကြီး
အောင်ဆန်းပေါ့
ဗိုလ်ချုပ်ပေါ့
မမခင်ဦးစံပယ်ရယ်။

ကျနော်လွမ်းတယ်
"အောင်ဆန်း သာ အမိ
အောင်ဆန်း သာ အဖ"
ဘဝဟာ
လွမ်းစရာပေါ့။

လူမိုက်တွေကတော့
ကျေးဇူးကန်းကြသပေါ့
သူတို့လမ်းမှာ
ပန်းတွေလည်း မပွင့်ဘူး။

ဖျံဖမ်းသမားတွေကတော့
ကျေးဇူးကန်းကြသပေါ့
သူတို့လမ်းမှာ
စမ်းရေလည်း မစီးဘူး။

ပန်းမပွင့်တော့
လမ်းလည်း မသင့်ပါဘူး။

စမ်းမစီးတော့
လမ်းခရီးလည်း မရောက်ပါဘူး။

ပထမမြောက် ဗထက်ခြိုက်
အချစ်၌ ဖြစ်ထွန်း
သွေးစွန်းသောအလွမ်း
ဥဒါန်းတွင်ရစ်တော့ မမခင်ဦးစံပယ်။

ဖျံဖမ်းသမား လူမိုက်တွေကတော့
ငရဲ၌ သစ်ငုတ်ဖြစ်စေ
သေရစ်ပစေတော့ မမခင်ဦးစံပယ်။

လွမ်းရစ်တော့ မမခင်ဦးစံပယ်ရယ်
အမျိုးသားလွတ်မြောက်ရေး
နယ်ချဲ့ဆန့်ကျင်ရေး
ဖက်ဆစ်တိုက်ဖျက်ရေး
အရေးတော်ပုံ
ယုံကြည်ဖြတ်သန်း
လမ်းခုလတ်မှာ။

အလွမ်းနဲ့သိမ်းရတဲ့
"ဆန်း" နဲ့ "ဟိန်း" ရဲ့ဇာတ်။

မမခင်ဦးစံပယ်ရယ်
ဇာတ်က နာလွန်းတော့
မော်ကွန်းထာဝရ
ရင်ထဲစိမ်းလန်း
သိမ်းတဲ့ အလွမ်းက
"ဟိန်း" နဲ့ "ဆန်း"။

အချစ်က မနွမ်း
မြစ်က မခန်းတော့
ခေတ်ကြမ်းထဲမှာ
အလွမ်းက သေနင်္ဂဗျူဟာမြောက်တယ်
မမခင်ဦးစံပယ်။

ဘဝကို တည်ဆောက်
နောက်ထပ် " ဗ " တစ်လုံး။

မမခင်ဦးစံပယ်ရယ်
အဲဒီ ဒုတိယမြောက် ဗထက်ခြိုက်ကြီး
ရင်ဖြင့်ရင်းနှီး ကျနော်လွမ်းတယ်။

"မြင်းခွာတစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမယ်"

မမခင်ဦးစံပယ်ရယ်
မကြောက်တမ်း မရွံ့တမ်းဆိုတော့
အလွမ်းက
သေနင်္ဂဗျူဟာမြောက်လွန်းလှပါတယ်။

အောင်ဆန်း
ဗဟိန်း
စိမ်းလန်းတဲ့ရာဇဝင်
ကျနော်တို့ရင်ထဲမှာ
အလွမ်းပင်လယ်။

ဘဝမှာ
ဗဟိန်း တစ်ခါဖြစ်ဖူးရင်
တစ်သက်လုံး ဗဟိန်း ပဲ။
ဗဟိန်းလမ်းဆိုတာ
မော်စီတုန်းဆီသွားတဲ့လမ်း။

ဗဟိန်းလမ်းဆိုတာ
အလုပ်သမားတွေဆီသွားတဲ့လမ်း။

ဗဟိန်းလမ်းဆိုတာ
လောကအမွန်ဆီသွားတဲ့လမ်း။

ကျနော်တို့ရင်ထဲ
အမြဲသိမ်းဆည်းထား
လွဲမသွားတဲ့လမ်းဟာ
ဗဟိန်းလမ်းပေါ့။

မမခင်ဦးစံပယ်ရယ်
ဒီလမ်းပေါ်မှာ
သူခေါ်တဲ့နောက်
ဒဂုန်တာရာက
တရုတ်ပြည်အထိ လိုက်တယ်
(နယ်ချဲ့ဆန့်ကျင်းရေးကာလ)။

မမခင်ဦးစံပယ်ရယ်
ဒီလမ်းပေါ်မှာ
သူခေါ်တဲ့နောက်
ဗန်းမော်တင်အောင်က
ခပေါင်းချောင်းဖျားအထိ လိုက်တယ်
(ဖက်ဆစ်တိုက်ဖျက်ရေးကာလ)။

မမခင်ဦးစံပယ်ရယ်
ဒီလမ်းပေါ်မှာ
သူခေါ်တဲ့နောက်
ကျနော်တို့က
ကမ္ဘာအဆုံးအထိ လိုက်ခဲ့တယ်
(စစ်အာဏာရှင်စနစ်ဖြုတ်ချရေးကာလ)။

မမခင်ဦးစံပယ်ရယ်
ယုံပါ
ဘဝတစ်ခုလုံး
ဗထက်ခြိုက်ငါးလုံး
စုရုံးတည်ဆောက်
လွမ်းလောက်စရာ။

အောင်ဆန်း
ဗဟိန်း
စိမ်းလန်းသော ဗထက်ခြိုက်ကြီးများ
ထွန်းကားရာ အရပ်
အနာဂတ်လေ။

လွမ်းတတ်သူသာ
သမိုင်းဝင်တယ် မမခင်ဦးစံပယ်။

လွမ်းရဲသူသာ
မှတ်ကျောက်တင်တယ် မမခင်ဦးစံပယ်။

အောင်ဆန်းကြောင့်ဖြစ်သော အလွမ်း
အောင်ဆန်း၌ဖြစ်သော အလွမ်း။

ဗဟိန်းကြောင့်ဖြစ်သော အလွမ်း
ဗဟိန်း၌ဖြစ်သော အလွမ်း။

ဗထက်ခြိုက်ကြောင့်ဖြစ်သော အလွမ်း
ဗထက်ခြိုက်၌ဖြစ်သော အလွမ်း။

မဟာအလွမ်းများ
တရားမျှတ လွတ်လပ်ခြင်းမှာ
ခမ်းခမ်းနားနား အဓွန့်ရှည်ပါစေသတည်း။ ။

(ဖေဖော်ဝါရီ ၁၆၊ ၂၀၂၀)