Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၁)


ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၁၁)

မီးလျှံကြားက ပန်းတစ်ပွင့်
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၀

(၁၁)ဆွမ်းခံသံဃာတွေကို သပိတ်လှန်ပြခိုင်း၊ သင်္ကန်းရုံထားတာကို ဖြည်(ဖြေ)ပြခိုင်းတယ်ဆိုတဲ့သတင်းတွေ တအားထွက်လာလို့ ဆွမ်းခံချိန်တွေမှာ မစစ်ဖို့ သွားပြောမယ်ဆိုပြီး ဦးဉာဏိကနဲ့ ဦးကုသလတို့နှစ်ပါး ထွက်သွားကြတယ်။ စိတ်တူ ကိုယ်တူ ထွက်သွားတဲ့နှစ်ပါးရဲ့ နေပုံထိုင်ပုံနဲ့ အကျင့်စရိုက်တွေကို မြင်ကြည့်လိုက်တော့..
တခြားစီမှ တကယ့်တခြားစီ။ ဦးဉာဏိကက အနေအထိုင် သေဝပ် သပ်ရပ်သလို စကားပြောတဲ့နေရာမှာလဲ အေးဆေးတယ်။ တော်ရုံနဲ့ စိတ်မဆိုးတတ်တဲ့သူ။ ပြောရရင် အချင်းချင်းတောင် ကြည်ညိုပြီး ထိုင်ရှိခိုးချင်စိတ်ပေါက်အောင် နေတဲ့သူ။ ပါသွားတဲ့ ဦးကုသလ(ကိုခင်ဇော်)ကတော့ တကယ့်ဒိန်းဂျား။ "လက်သီးဆုပ်မလား၊ လက်ဝါးဖြန့်မလား၊ ကြိုက်တာကိုရွေးစမ်း ကိုယ့်လူ" ဆိုတဲ့ သီချင်းစာသားထဲကလိုလူ။ နှိုင်းရရင် ရာမာယဏဇာတ်တော်ထဲက ဦးရီးတော် မာရဇ္ဇရဲ့လက်တစ်စုံနဲ့ တူတယ်လို့ ပြောရမလားပဲ။ ဦးရီးတော် မာရဇ္ဇက သူ့ရဲ့လက်တစ်ဘက်ကို ကြမ်းတမ်းတဲ့ သားရဲတိရစ္ဆာန်ကြီးတွေကို တိုက်ခိုက်ဖို့ဆိုပြီး အသန်ဆုံး၊ အမာကြောဆုံး၊ အခက်ထန်ဆုံးဖြစ်အောင် လေ့ကျင့်ထားသလို ကျန်..လက်တစ်ဘက်ကိုတော့ လှပပြီး သိပ်ချစ်စရာကောင်းတဲ့ ရွှေဝါရောင်သမင်လေးတွေနဲ့ ယုံသူငယ်ကလေးတွေကို ဖမ်းဖို့ဆိုပြီး အနူးညံ့ဆုံးဖြစ်အောင် မွမ်းမံထားသတဲ့။

(၄၁)လမ်း ဓမ္မာရုံမှာ တာဝန်ကျတဲ့သူနဲ့ တွေ့ပြီး "ဒကာကြီးတို့၊ တခြားအချိန်တွေမှာ စစ်ချင် စစ်ပါ၊ ဆွမ်းခံချိန်တွေတော့ မစစ်ကြပါနဲ့ဗျာ။ နောက်ပြီး..နောက်ကျလို့ စာဝါ မမီရင် ဒဏ်ထမ်းခိုင်းလို့ပါ" ပြောတော့ "ကိုယ့်တာဝန် ကိုယ်လုပ်တာ ဘာမှ လာပြောနေစရာ မလိုဘူး။ အစစ်အဆေး မခံချင်ရင် ကျောင်းထဲက မထွက်ကြနဲ့" ဆိုပြီး ဘုပြောတော့ ဦးဉာဏိကက "ဒကာကြီးတို့ကို လာပြီး အမိန့်ပေးနေတာ မဟုတ်ပါဘူး၊ ဦးဇင်းတို့က မေတ္တာရပ်ခံတဲ့သဘောပါ။ ဒကာကြီးတို့ ကိုယ့်အလုပ် ကိုယ်လုပ်တယ်ဆိုတာကို လက်ခံပါတယ်" လို့ ပြောရုံရှိသေး၊ တာဝန်ကျဗိုလ်ကြီးက သေနတ်ထုတ်ချိန်ပြီး "ကိုယ်တော်တို့ကို စကားကုန် ပြောပြီးပြီ၊ ဒီက အမြန်ဆုံး ထွက်သွားကြပါ။ ထွက်မသွားဘူးဆိုရင် အဆိုးမဆိုနဲ့" လို့ ပြောတော့ အေးလှပါတယ်ဆိုတဲ့ ဦးဉာဏိကကြီးခမျာ အသားတွေ တဆတ်ဆတ်တုန်လာပြီး ပစ်ချင်ပစ်ပစေပုံစံနဲ့ လက်တုန့်ပြန်မယ့် အခြေအနေထိ ဖြစ်လာလို့ အပွဲပွဲ နွှဲလာတဲ့ မောင်ကုက အသာပြန်ချော့ ခေါ်လာရတယ်။ တခါတခါ မြစ်ဆိုတာ ပြောင်းပြန်လဲ စီးတတ်သားကလား။
ကျောင်းအနီးဝန်းကျင်တွေမှာ သွေးစွန်းတဲ့လက်ပိုင်ရှင်တွေ ရောက်လာတဲ့ကိစ္စအတွက် မြတောင်၊ မစိုးရိမ်တိုက်ဟောင်း၊ ဝိသုဒ္ဓါရုံစတဲ့တိုက်တွေနဲ့ တိုင်ပင်တော့ တိုက်ဟောင်းစာသင်သားတွေ တင်ပြတဲ့ လေးခွတွေနဲ့ ဝိုင်းဆော်ဘို့ဆိုတဲ့ တင်ပြချက်ကို အားလုံး သဘောတူကြတယ်။ အချိန်၊ နေ့ရက်၊ ဗျူဟာစတာတွေကို အသေးစိတ် ညှိနှိုင်းကြပြီး လေးခွ စစ်ပွဲအတွက် ပြင်ဆင်ကြတယ်။ ဒီဆုံးဖြတ်ချက်ကို ချလိုက်ချိန်မှာတော့..
အမြဲနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအပြင် အိမ်ကနေ အစည်းအဝေးလာတက်၊ ဂျာနယ်ထုတ်ချိန် စာရွက်ခေါက်၊ စာအုပ်ချုပ်ပေးကြတဲ့ ကျောင်းသား ကျောင်းသူတွေပါ အလုပ် ရှုပ်ကုန်တယ်။ 

ကိုခင်မောင်ညွန့်(ကိုကျားကြီး၊ အတွင်းရေးမှူး၊ ဗကသ၊ အထက်ဗမာပြည်)၊ ကိုမိုးကျော်ကြီး(ဥက္ကဋ္ဌ၊ ဗကသ၊ အထက်ဗမာပြည်)၊ ကိုစန်းယု၊ ကိုဇော်ဝင်းနိုင်(ကိုကုလားကြီး)၊ ကိုအောင်မိုးဝင်း(အမေရိကန်)၊ ကိုမြတ်သာ၊ အေးထွေး(ကာတွန်းဘီညို၊ ညိုလေး၊ ကျော်ဇင်(ရေဆင်း)၊ ကျော်ထိုက်၊ မင်းနိုင်လွင်၊ အောင်မှိုင်းဆန်း၊ ဇော်ဇော်လင်း၊ ဂျေကြီး၊ ကောက်ကွေးစတဲ့ကျောင်းသားတွေက ဦးဇင်းတွေနဲ့အတူ လောက်လေးခွတွေ ဆင်ပေးကြသလို၊ မမြင့်ခိုင်( တက္ကသိုလ်မှ ကျောင်းထုတ်ခံရ)၊ မဥမ္မာမြင့်(ဒေါက်တာဥမ္မာမြင့် PSI)၊ နေဆုလှိုင်၊ မအေးအေးမင်း(ကျောက်ဆည်တက္ကသိုလ် ပါမောက္ခ)၊ မထားထားထက်(အမေရိကန်)၊ မီမီလွင်၊ သန္တာအောင်၊ ကြည်ပြာစတဲ့ ကျောင်းသူတွေက လောက်စာလုံးတွေ လုံးပေးကြတယ်။
လေးခွတွေ ဆင်ရင်း ပါလကျောင်းက ဝိဇ္ဇာကြီးခေါ် ခပ်တောင့်တောင့်ဦးဇင်း(ယခု ပျံတော်မူ) လုပ်နေတာကို သတိထားမိလိုက်တယ်။ သူက ချပေးထားတဲ့ လောက်လေးသရေပင်(သားရေပင်)တွေကို တစ်ပင်ချင်း ဆွဲကြည့်ပြီး ဆွဲကြည့်လို့ ပျော့မယ်လို့ထင်ရတဲ့ အပင်တွေကို ဘေးမှာ ချထားပြီး အမာဆုံးလို့ ထင်ရတဲ့ နှစ်ပင်ကို ရွေးထုတ်လိုက်တယ်။ ပြီးမှ..သူကိုင်မယ့် လေးခွမှာ လောက်စာအိမ် နှစ်ခုထပ်နဲ့ ဆင်လိုက်တယ်။ သူဆင်ထားတဲ့လေးခွကို ဆ ဆကြည့်ပြီး ဆွဲပစ်ကြည့်နေတဲ့ သူ့မျက်နှာကြီးဆိုတာ ကျေနပ်နှစ်သက်တဲ့အရာတွေနဲ့ ပြည့်နှက်နေလိုက်ပုံများ ပြောမပြတတ်လောက်အောင်ကိုဘဲ...။ သူလုပ်နေတာကို စိတ်ဝင်စားတာနဲ့ သူဆင်ထားတဲ့လေးခွကို သွားဆွဲကြည့်တာ ဘယ်လိုမှ မဆွဲနိုင်ဘူး။ ဒါနဲ့ သူ့ကိုတောင် ဒီတစ်ခါ လေးတင်ပြီး ကြင်ရာတော်ရွေးမယ့်ပွဲ ကြုံရင် ရာမ၊ လက္ခဏတို့၊ ဒသဂီရိတို့နဲ့ ပြိုင်ဘို့ ကိုယ့်လူကို လွှတ်ရတော့မှာပဲလို့ စမိခဲ့သေးတယ်။
ကျောက်ပေသီး(ကျောက်ဒိုး)ဝယ်ဘို့ဆိုပြီး ကျိုက်လတ်ဦးတေဇိန်ကို ပိုက်ဆံပေးပြီး လွှတ်လိုက်တယ်။ ပြန်လာတော့ ပါလာတဲ့သေတ္တာတစ်လုံးကို ဆိုက္ကာသမားနဲ့ အတူချ၊ ဆိုက္ကားခ ရှင်းပေးတာ တွေ့လိုက်တယ်။ ခဏနေတော့ သေတ္တာကို နှစ်ပါး မလာပြီး ပိုတဲ့ ပိုက်ဆံ ပြန်ပေးလို့ကြည့်လိုက်တော့ ဆိုက္ကားခပဲ လျော့တာ တွေ့ရတယ်။ ဒါနဲ့.."ကိုတေဇိန်၊ ပိုက်ဆံတွေ ဘာလို့ ဒီလောက်တောင် ပိုရတာလဲ၊ ဝယ်ခိုင်းလိုက်တဲ့ ကျောက်ပေသီးတွေ မရခဲ့လို့လား" ဆိုပြီး မေးတော့ သူသယ်လာတဲ့သေတ္တာကို ဖွင့်ပြလိုက်ချိန်မှာ သေတ္တာနဲ့အပြည့်။ 

ဒီတော့မှ "ပထမဆုံး စျေးချိုထဲကဆိုင်ရောက်သွားပြီး ကျောက်ပေသီး ရှိလား မေးတော့ ရှိတယ်တဲ့။ ဘယ်လောက်များများ ရှိလဲ၊ ဘယ်လောက်ကျလဲဆိုပြီး မေးတော့ "ဦးဇင်း..များလှချေလား၊ ဒါ ဆော့ခိုင်းဘို့တော့ မဟုတ်လောက်ဘူး။ ဘာလုပ်ဘို့လဲ" မေးတော့ ကိုယ်လဲ အကျိုးအကြောင်း ရှင်းပြလိုက်တယ်။ သူလဲ သဘောပေါက်သွားပြီး "ဒါဆို ရှိတာ အကုန် ပေးလိုက်မယ်ဘုရာ့၊ ဒီအတွက် တစ်ပြားမှ မစွန်ခဲ့ပါနဲ့။ ဦးဇင်းကို တခါထဲ လျှောက်လိုက်ဦးမယ်" ကျောင်းမှန်းကန်မှန်း မသိတဲ့ကောင်တွေကို ကျောင်းမှန်းကန်မှန်း သိသွားအောင် ဆုံးမသာ ဆုံးမလွှတ်လိုက်တော့ဘုရားလို့ လျှောက်လိုက်တယ်။ လက်ထဲလဲ ပိုက်ဆံကရှိ၊ ထည့်ပေးလိုက်တဲ့ သေတ္တာကလဲ မပြည့်သေးတော့ ရွာဟိုင်းစျေး (ယခု..မန်းမြို့စျေး)ထဲ ဆက်ဝင်လိုက်တယ်။ ဒီဆိုင်ပိုင်ရှင်ကလဲ စျေးချိုထဲကလူလို လှူလိုက်လို့ ဒီသေတ္တာအပြည့် ပါလာတာ" လို့ အကြောင်းစုံ ရှင်းပြတယ်။
ချိန်းထားတဲ့မနက်ပိုင်းလောက်မှာ ကျောင်းသားကြီးတစ်ယောက်က ခရာတစ်ခု လာပေးတယ်။ "ဘာလုပ်ဖို့တုန်းဟ" ဆိုပြီး မေးတော့ "ဦးဇင်းတို့ တိုက်ပွဲ စတော့မယ်ဆိုရင် တိုင်ပင်ခေါ်ရအောင်လို့ပါ" တဲ့။ ဒါနဲ့ မောင်ကုလက်ထဲ ထည့်ပေးတော့ "မင်းပဲ မှုတ်ပါကွာ။ အကျယ်ကြီး မြည်အောင် မင်းမှုတ်တတ်လောက်ပါတယ်" လို့ မချိုမချဉ် မျက်နှာနဲ့ ပြောပြီး ပြန်ပေးတယ်။ သတ်မှတ်ထားတဲ့အချိန် ရောက်ခါနီးမှာ လွယ်အိတ်
ကိုယ်စီလွယ်ပြီး ဗေဒါဒိုက်ထဲ ဆင်းတဲ့သူက ဆင်း၊ သစ်ပင်ကို အကာအကွယ်ယူတဲ့သူက ယူ၊ (၁၀)လုံးတွဲ ကုဋီထဲဝင်ပြီး နေရာယူတဲ့သူက ယူ၊ ကျောင်းနဲ့ အနီးဆုံးမှာရှိတဲ့ စစ်သား (၅)ယောက်ကို တည့်တည့်ချိန်ထားတဲ့သူတွေက ချိန်ထားကြတယ်။
အချက်ပေး ခရာလဲ မှုတ်လိုက်ရော အနားမှာ နေတဲ့ စစ်သား(၅)ယောက်ကို အရင်ဆုံး
ဝိုင်းပြီး တေ့ပစ်ကြတယ်။ ထိချက်တွေ ပြင်းတော့ နောက်လှည့်မကြည့်ပဲ ပြေးလိုက်ကြတာ အမြီးကို တန်းလို့။ သူတို့ ပြေးတာ မြင်တော့မှ ပိတောက်မြိုင်အိမ်မှာ ချထားတဲ့ စစ်သားတွေက လေးခွတွေနဲ့ အပစ်ခံရမှန်း သိသွားပြီး ကိုင်ထားတဲ့ သေနတ်တွေ ချထား၊ လေးခွတွေ ထုတ်ပြီး ပြန်ပစ်ကြတယ်။ သေနတ်တွေရှိပါလျှက်နဲ့ ဘာလို့ လေးခွတွေနဲ့ ပြန်ခုခံကြလဲလို့ မေးစရာရှိတယ်။ 

ဒါက သူတို့ တိုင်းမှူးဦးထွန်းကြည် ကိုယ်တိုင် "တကယ်လို့ သံဃာတွေနဲ့ ပြဿနာဖြစ်ပြီး သူတို့ဘက်က ဓါးနဲ့ ဝင်ခုတ်ပြီဆိုရင် ဓါးနဲ့ပဲ တုန့်ပြန်ရမယ်။ တုတ်နဲ့ ဝင်ရိုက်ရင် တုတ်နဲ့ ပြန်ရိုက်။ လေးခွနဲ့ ပစ်ရင် လေးခွနဲ့ ပြန်ပစ်။ အကယ်၍များ..သံဃာတွေဘက်မှာ သေနတ်တွေ၊ ဘာတွေ ပါလာပြီဆိုရင်တော့ ရှေ့တန်းစစ်မြေပြင်လို သဘောထားပြီး တုန့်ပြန်ပေရော့" လို့ ပြောထားလေတော့ လေးခွနဲ့ပဲ ပြန်ပစ်ကြတာပေါ့။
တိုက်သစ်ဘက်က စပစ်တာဆိုတော့ တိုက်သစ်ဘက်ကို စစ်မျက်နှာမူပြီး ပြန်ပစ်ကြတယ်။ တိုက်သစ်ဘက်ကို မျက်နှာမူလိုက်တယ်ဆိုကတည်းက တိုက်သစ်ဘက်က လာမယ့် လောက်စာလုံးတွေ မထိမှန်လောက်တဲ့နေရာကို အကာအကွယ် ယူထားတာပေါ့။ ဒါဟာ ကိုယ်တွေ ခင်းထားတဲ့ ဗျူဟာထဲကို တိုက်ရိုက် သက်ဆင်းသွားတယ်ဆိုတာကို မကြာခင်မှာပဲ သိသွားကြပြီး သိလိုက်တဲ့အချိန်မှာ အတော်ကြီးကို ထိမှန်
ကုန်ပြီ။ ကိုယ်တွေဘက်က စပစ်ချိန်မှာ နောက်ကြောဘက်ဖြစ်တဲ့ လေသာတိုက် အုတ်တံတိုင်းကိုအကာအကွယ် ယူပြီး ခြုံခိုတိုက်ခိုက်ကြမယ့် မြတောင်၊ တိုက်ဟောင်း၊ ဝိသုဒ္ဓါရုံတိုက် သံဃာတွေက အသာ ငြိမ်နေသေးတယ်။ သူတို့ နေရာအတည်တကျ ယူတဲ့ အချိန်ကျမှ နောက်ဘက်ကနေ တရစပ် ပစ်ကြတာ။ဘယ်လောက် မှန်ကုန်သလဲဆိုတော့ အိမ်နဲ့ ပိတောက်ပင်ကို အကာအကွယ်ယူပြီး ခံပစ်နေတဲ့ စစ်သားတွေတင် မကဘူး။ နေ​ပြောက် မထိုးနိုင်လောက်အောင် အခက်အရွက်တွေနဲ့ အုံ့ဆိုင်းနေတဲ့ ပိတောက်ပင်ကြီးပေါ် တက်ပြီး ခံပစ်နေတဲ့ စစ်သားတွေကိုပါ မှန်ပြီး သစ်ပင်ပေါ်က ပြုတ်ကျကုန်တယ်။
သူတို့ချည်း လောက်စာလုံးတွေ၊ ကျောက်ပေသီးတွေ မှန်တာ မဟုတ်ဘူး။ ဦးဇင်းတွေလဲ သူတို့ ပစ်လိုက်တဲ့ လောက်စာလုံးတွေ၊​ ကုံးသီးတွေ မှန်ကုန်တယ်။ ထိချက် အနာဆုံးသူကို ပြရရင် ပါလကျောင်းက သားရေပင်နှစ်ထပ်နဲ့ ပစ်တဲ့ဦးဇင်း။ သူက ရဲတင်းသလို၊ လက်လဲ ဖြောင့်တယ်။ သူ့ကို လာမှန်တာက ကုံးသီး။ နဘူးမှာ အကွင်းလိုက်ကြီးဖြစ်ပြီး သွေးတွေကို ဖြာလို့။ သူ့ကို တခြား ဦးဇင်းတွေက ကျောင်းပြန်ပြီး နားဘို့ပြောတော့ ပြန်သွားတယ်။ ခဏကြာတော့ မှန်ထားတဲ့ ဒဏ်ရာကို သင်းပိုင်စီးပြီး ပြန်လာ၊ ပြန်ချတယ်။ ဒီဘက်ကလဲ ညာသံတွေပေး၊ နောက်ကြောဘက်ကလဲ ညာသံတွေ ပေးပြီး အပြန်အလှန်တွေ ပစ်နေကြတော့ အသံတွေက ဆူညံနေတယ်။
ဒီလို ဆူညံနေတဲ့ အသံတွေကို ဆရာတော် ကြားသွားလို့လား၊ တစ်ပါးပါးကပဲ သွားပြီး လျှောက်လို့လား မသိဘူး။ ဆရာတော်ကိုယ်တိုင် နှစ်ဘက်ပစ်နေတဲ့ကြားက စစ်သားတွေဆီ အရောက်သွားတယ်။ ကိုယ်တွေ ဘက်ကတော့ ဆရာတော် ထွက်သွားတာ သိလို့ အပစ်ရပ်လိုက်ပေမယ့် သူတို့ကတော့ ဆရာတော်မှန်း မသိပဲ သင်္ကန်းမြင်တာနဲ့ကို ဆရာတော့်ကိုပါ လှမ်းပစ်တာ တွေ့ရတယ်။ ဒါပေမယ့် သူတို့ ပစ်လိုက်တဲ့ လောက်စာလုံးတွေ၊ ကုံးသီးတွေဟာ ဆရာတော့်ရဲ့ ခန္ဓာကိုယ်ပေါ်ကို သက်ရောက်ခြင်းမရှိပဲ ဘေးကို ချော် သွားလိုက်၊ မရောက်ခင် မြေခ သွားလိုက် ဖြစ်ကုန်တာ တွေ့ရတယ်။ တဘက်ကလဲ သေနတ်တကိုင်ကိုင်နဲ့ အာဏာ ပါဝါတပြပြ မောက်မာ ဝင့်ဝါ ဒေါသမီးလျှံတွေနဲ့ ခက်ထန်နေတဲ့သူတွေ ဖြစ်ကြသလို၊ ဒီဘက်ကလဲ ဘာသာရေး စော်ကားမှုကြောင့်ရော၊ ဘုရားကျောင်းကန်ရိပ်မှာ တပ်တွေ ချထားတဲ့အတွက်ကြောင့်ပါ မခံ မရပ်နိုင်ဖြစ်ပြီး ဒေါသမီးလျှံတွေ တင်းပြည့်ကျပ်ပြည့် တောက်လောင်နေတဲ့သူတွေ။ ဒီမီးလျှံတွေ ကြားထဲကို ရဲရဲတင်းတင်း တိုးဝင်ပြီး နှစ်ဘက်လုံးရဲ့ပစ်ခတ်မှုတွေ ငြိမ်သက်သွားအောင် လုပ်ပြသွားတဲ့ဆရာတော်ရဲ့ စွမ်းရည်ကတော့..
လူငယ်တို့ သဘာဝကို ခံစားနားလည်တတ်လို့လားတော့ မသိဘူး၊ ဒီလိုတွေ အပြန်အလှန် ပစ်ကြတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆူတာ ငေါက်တာ လုံးဝ မခံခဲ့ရဘူး။