Breaking News

နိုင်ဝင်းသီ - အေးစက်သော နေရောင်အောက်က ဖြောင့်စင်းသော မြားတံများ.....

အေးစက်သော နေရောင်အောက်က
ဖြောင့်စင်းသော မြားတံများ.....
  နိုင်ဝင်းသီ
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၀
             
                        ( တစ် )
           
        အဲဒီနေ့က မြို့ကလေးဟာ ၁၉° ဆဲလ်စီးယပ် အောက်မှာ အေးစက်တုန်ရီလို့။ ဖွဲဖွဲလွင့်လွင့်နှင်းပြာတွေဟာ အိပ်မှုန်စုံမွှားနဲ့ နိုးထလာတဲ့ မြို့ကလေးထဲမှာ ဟိုတိုးဒီဝင်နဲ့ ပြေးလွှားခုန်ပေါက်လို့။ ခါတိုင်း ဒီနေရာလေးဟာ နှစ်ထပ်သင်္ဘောလေးတွေရဲ့ ဆွဲဆွဲငင်ငင် ဥဩသံကို အလွမ်းပြဇာတ်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းလို လွမ်းလွမ်းဆွေးဆွေးနဲ့ ကြားနေရတတ်တဲ့နေရာလေး။ အခုတော့ အဲဒီသင်္ဘောလေးတွေရဲ့  ဥဩသံအစား
တဝုန်းဝုန်း ခုတ်မောင်းသွားတဲ့ ရထားတစ်စင်းဆီက စူးစူးရှရှ ဥဩသံကသာအာရုံထဲကို ကုတ်ခြစ်တိုးဝင်လာခဲ့။
        ဒီနေရာလေးဟာ မြစ်ဆိပ်နဲ့နီးပြီး မြို့ကလေးရဲ့ အောက်ဖက်ပိုင်းကို ချိုးကွေ့သွားလို့နဲ့ တူပါရဲ့။ မြို့ကလေးထဲက လူတွေဟာ အဲဒီနေရာလေးကို အောက်ကွေ့လို့ပဲ ခေါ်ဝေါ်တတ်ကြတာ။ ကွေးကွေးလေး ရစ်ခွေနေတဲ့ ကတ္တရာလမ်းမည်းမည်းလေးဘေးမှာ ဝိတိုရိယခေတ်ပုံ အဆောက်အအုံတစ်လုံးနဲ့ ထုံးဖြူဖြူစေတီလေးတစ်ဆူ ရှိနေခဲ့တာ။ အဲ ဒီလမ်းကွေးလေးထဲမှာပဲ ညိုမောင်းအိုင်းထနေတဲ့ စိန်ပန်းပင်ကြီးတွေဟာ တစ်လမ်းလုံး ရဲစိုနီမြန်းသွားအောင် ပွင့်ဝေနေတတ်ကြတာ။ဆိပ်ကမ်းဘက်ကို ဆက်မသွားဘဲ လမ်းကလေးရဲ့ အရှေ့စူးစူးဘက် ဆက်လျှောက်သွားရင်တော့ သစ်ရိပ်ဝါးရိပ်နဲ့ စိမ်းမြမှောင်ဝေနေတဲ့ မြို့ဟောင်းရပ်ကွက်ကလေးတစ်ခုက ညီလေးမောင်နွယ်အောင်(ဒဂုံဆောင်)တို့ရဲ့  အိမ်ကလေး။
       မှတ်မိနေသေးတယ်။ ညီလေးမောင်နွယ်အောင်(ဒဂုံဆောင်)ဟာ မီမီဝင်းဖေကို အရမ်းကြွေလေတော့ ကဖေးဆိုင်လေးတွေမှာဖြစ်ဖြစ်၊ ဘီယာဆိုင်တွေမှာပဲဖြစ်ဖြစ် မီမီဝင်းဖေရဲ့ သီချင်းသံကို ကြားလိုက်ရရင်
ကောက်ခါငင်ခါနဲ့ ငေးရီလွင့်မူးသွားတတ်တာ။ သူ့ရဲ့ လမင်းရှစ်စိတ်ကွဲတဲ့ည ကဗျာထဲမှာလည်း မီမီဝင်းဖေဟာ သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုနေခဲ့တာ။ တစ်ခါတစ်ခါမှာ နှစ်ယောက်သား လွင့်နေရင်းနဲ့ မီမီဝင်းဖေတစ်ခွက်ဆိုပြီး လက်ညိုးလေးတစ်ချောင်း ထောင်ပြပြီး ဘီယာလှမ်းလှမ်းမှာတတ်တာ။ သူ့အိမ်လေးကနေ  လမ်းမြှောင်လမ်းသွယ်လေးတွေကို တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ လျှောက်သွားလိုက်ရင် နောက်ဆုံးမှာ
မြို့ကလေးဘေးက သိမ်မွေ့ညင်သာစွာ ဖြတ်စီးနေတဲ့ ရာဇဝင်ထဲက မြစ်ကလေးဆီ ရောက်ရောက်သွားတတ်တာ။
      နောက်တစ်ခါ ညီလေးမောင်နွယ်အောင်လိုပဲ ချစ်ခင်လေးနက်ရတဲ့ စီနီယာအစ်ကိုကြီးတစ်ယောက်။  စာသမားဘဝကို သိပ်ပြီးခုံမင်တဲ့ အဲဒီအစ်ကိုကြီးဟာလည်း တစ်ချိန်တုန်းက အဲဒီမြစ်ဆိပ်လေးနားမှာ ခေတ္ တခဏခိုအောင်းသွားခဲ့ဖူးလေတယ်။
     အဲဒီရက်စွဲတွေတုန်းက ကျွန်တော်တို့ဟာသိပ်လွင့်လာတဲ့ ညမျိုးဆိုရင် အိမ်မပြန်တော့ဘဲ မြစ်ကမ်းနဖူးပေါ် မေးတင်ထားတဲ့ သမဝါယမသစ်တောဆိုင်လေးတစ်ဆိုင်မှာ အဲဒီအစ်ကိုကြီးနဲ့အတူ လိုက်အိပ်ပစ်လိုက်တာ။တစ်ရေးနိုးလာခဲ့ရင် လရောင်ပြာရီအောက်မှာ တိတ်ဆိတ်နေတဲ့ မြစ်ရေပြင်ကို ငေးငေးရီရီ လှမ်းကြည့်ပြီး ဘာကိုလွမ်းမှန်းမသိ လွမ်းနေခဲ့ရတာ။ တစ်ခါတစ်ခါ မြစ်ထဲမှာပိုက်ချနေတဲ့ တံငါလှေလေးတွေဆီက ထွေးညိုလေးရယ် တေးဆိုခါ ချော့လို့သိပ်ပါ့မယ် ဆိုတဲ့ ကွဲကွဲရှရှ အသံပြာကြီးဟာ  သန်ခေါင်ညထဲကို လူး လွန့်တုန်ခါပြီး တိုးဝင်လာတတ်တာ။ အဲဒီလို တစ်ပိုင်းတစ်စ သီချင်းသံမျိုးကြားလိုက်ရရင် အစ်ကိုကြီးဟာ
ခြုံစောင်ပါးပါးလေးထဲကနေပြီး  " ဒါဟာ ဘဝထဲကလာတဲ့သီချင်းတွေပေါ့ကွာ"လို့ သူ့ဟာသူ တစ်ယောက် တည်း ပြောပြီး သူ့ဘာသာ ရယ်မောနေတတ်တာ။
     ပြောမယ်ဆိုရင် သူဟာ ဒဏ်ရာရထားတဲ့ကျားနာတစ်ကောင်။ ယုံကြည်မှုဆိုတာဟာ သူ့ဘဝထဲက ခဲရာ ခဲဆစ် တိုးထွက်လာခဲ့ရတဲ့ မီးတောက်တစ်မျိုး။ အဲဒီ မီးတောက်ကပဲ သူ့ရဲ့ဘဝကိုရစရာမရှိအောင်အကြိမ်ကြိမ် အခါခါပြန်ပြီး လောင်ကျွမ်းသွားစေခဲ့တာ။ သူလွင့်လာရင် အသံတွေ မာကျောလာရုံမက စကားလုံးတွေဟာလည်း  ဝင်းပလာခဲ့ပြီ။
ပြီးရင် ယက်ဗ်တူရှင်ကိုရဲ့ ကဗျာတွေကိုလက်သီးလက်မောင်းတန်းပြီး ရွတ်ပြီ။ မှိုင်းရာပြည့်၊ဆဲဗင်းဂျူလိုင်၊ဦးသန့်အရေးအခင်းတွေကို ဖြတ်သန်းလာခဲ့တဲ့ သူလိုလူမျိုးဟာ အမြီးအမောက်မတည့်တဲ့ ခေတ်ကြီးကို အမြဲ တမ်း တော်လှန်ပုန်ကန်ချင်နေတဲ့ လူစားမျိုး။
    ယုံကြည်မှုနဲ့ပတ်သက်ပြီး အမြဲတမ်းထက်ရှခဲ့တဲ့ သူဟာ အရေးတော်ပုံတုန်းကလည်း  နွံထဲနစ်နေတဲ့ မြို့ကလေးကို သူ့ရဲ့စကားလုံးတွေနဲ့ နီမြန်းရဲရင့်စေခဲ့တာ။ အဲဒီရက်စွဲတွေတုန်းက မြို့ကလေးဟာ သူ့ရဲ့ အရေးအသားတွေအောက်မှာ ဝီရရသတွေ လူးလွန့်တောက်လောင်နေခဲ့တာ။
       တော်လှန်အင်အားစုတွေ အားကောင်းလာပြီး အလင်းရောင်ပျပျလေး မြင်လာရတဲ့အချိန်မှာပဲ ခေတ်ကြီးဟာ အမှောင်ထဲကို  ပြန်ပြီး ထိုးကျသွားခဲ့တာ။ သူဟာလည်းပဲ ခေတ်ကြီးနဲ့အတူ ဆိတ်ဖလူးပန်းရနံ့ မွှေးရီတဲ့ နေရာဟောင်းလေးဆီ တတိယအကြိမ်ပြန်လည်ရောက်ရှိသွားခဲ့တာ။
      သူ ပြန်ထွက်လာတော့ သူ့ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ လောကသုံးပါးဟာ သူ့အတွက် နာကျင်စရာ ကောင်းသွားခဲ့ပြီ။ သူ့ရဲ့ကိုယ်ခန္ဓာထဲမှာတော့အရိုးအဆစ်တချို့ဟာ နဂိုမူလအတိုင်း မရှိတော့တာ။ ဝဲဖက်အကြာ းအာရုံဟာ လုံးဝကို မကြားနိုင်တော့တာ။ သူ့ရဲ့ ကျောက်ကပ်နဲ့ အဆုတ်တစ်ခြမ်းဟာလည်း ပုံမှန်အတိုင်း အလုပ်မလုပ်တော့တာ။
    တော်လှန်ရေးတစ်ခုဟာ တချို့တချို့သောလူတွေကို အမြင့်ပိုင်းတစ်နေရာရောက်အောင် တွန်းတင်နိုင်ခဲ့ပြီး တချို့တချို့သော ဘဝတွေကိုတော့ ရစရာမရှိအောင် စုတ်ပြတ်သတ်သွားစေခဲ့ပါသလား။ ကျွန်တော် မကြာ
ခဏ တွေးခဲ့မိသော အရေးတော်ပုံကာလအလွန်  အမေးပုစ္ဆာများ။
       ကျွန်တော်နဲ့ သူနဲ့တွေ့ခဲ့တဲ့ နောက်ဆုံးအခေါက်ကတော့"ငါတို့မြို့ကလေးမှာ ကဗျာရွတ်ပွဲတစ်ပွဲ လုပ်မယ်ကွာ။ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သက်ဘူး။ ဘယ်အလံတော်ကိုမှ ကိုယ်စား မပြုဘူး။ ဘယ်သူ့ လက်ဝေခံမှ
လည်း မဖြစ်ချင်ဘူး။ ငါတို့ဘာငါတို့ ကဗျာကိုချစ်တဲ့စိတ်နဲ့ ရွတ်မယ့် ပွဲလေးပေါ့။ အဲဒီပွဲကိုအေးစက်သောနေရောင်အောက်က ဖြောင့်စင်းသောမြားတံများလို့ နာမည်ပေးဖို့စဉ်းစားထားတယ်"
       သူ့မျက်လုံးတွေဟာ သွေ့ခြောက်မွဲရီလို့။
သူ့ စကားလုံးတွေဟာ  ထစ်အ တုန်ရီလို့။
ဖြတ်သန်းခြင်းကို ဖြတ်သန်းလာခဲ့တဲ့ သူ့ရဲ့ရင်ထဲမှာလည်း ခံစားချက်တွေ ရှိနေခဲ့မှာအသေအချာ။
        ဒါပေမဲ့ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့် သူလုပ်ချင်တဲ့ ကဗျာရွတ်ပွဲလေးကို အထမြောက်အောင်ကျွန် တော်ဟာ လုပ်မပေးနိုင်ခဲ့။ ကျွန်တော်နဲ့တွေ့ပြီး ခြောက်လလောက်အကြာမှာပဲ သူ ဆုံးသွားခဲ့လေတယ်။ သူဟာ မြို့ကလေးထဲကနေ လူမသိသူမသိ ထွက်ခွါသွားတဲ့ အညတြသူရဲကောင်းတစ်ဦးပေါ့။
အမှောင်ထဲရောက်နေတဲ့ ခေတ်ကြီးထဲက လူတွေ အလင်းရောင် လဲ့လဲ့မျှင်မျှင်လေးရအောင် သူ့ဘဝတစ်ခုလုံးကိုလောင်မြိုက်ခံသွားခဲ့ရှာတဲ့ တစ်ကိုယ်တော် တော်လှန်ရေးသမားတစ်ဦးပေါ့။
     အခု ကျွန်တော်ရပ်နေတဲ့ နေရာလေးဟာ သူနဲ့ကျွန်တော်နဲ့ နောက်ဆုံးတွေ့သွားခဲ့တဲ့လမ်းကွေ့လေး။ တရွေ့ရွေ့မြစ်ရေအလျင်ဟာလူတွေ၊ ဘဝတွေ၊ သက္ကရာဇ်တွေကို  ဖြတ်စီးသွားခဲ့ပေမယ့် လမ်းကွေ့လေးထဲက စိန်ပန်းပင်ကြီးတွေကတော့ အခုချိန်အထိမပြောင်းလဲသေး။ အခုပဲ အပူငွေ့မျှင်တွေအောက်မှာ အတင်းကုန်းရုန်းထပြီးအဖူးတွေ အငုံတွေနဲ့ ရဲဝေနေအောင်ပွင့်ဖို့ အားယူနေခဲ့ပြီ။
     နာရီကို ဖျတ်ကနဲကြည့်လိုက်တော့ ဆယ်နာရီထိုးဖို့ ရှစ်မိနစ်အလို။

                      (  နှစ် )

             ကဗျာထဲက ရန်ကုန်
             စာအုပ်မိတ်ဆက်ပွဲ
              ရင်စူးမြားစာပေ
                သန်လျင်မြို့
               ၁၈ ၊ ၁ ၊ ၂၀၂ဝ

         အောက်ကွေ့မှတ်တိုင်နားက အဲမိုးခြိမ့်တို့ ခြံဝင်းထဲကိုရောက်တော့ ခရေပင်ပုပုဝိုင်းဝိုင်းလေးအောက်မှာ လူစုံနေလေပြီ။ ဆရာမောင်ဝင်းဝါ၊ ကိုထွန်းဝေမြင့်၊ နရီ(မြိတ်)၊ကောင်းမြတ်ညိမ်း၊ပြီးတော့ ကိုစိမ်းလန်း (သုံးခွ)၊ ကောင်းမြတ်(သုံးခွ)၊ လင်းလက်နိုင်။ တအောင့်နေတော့ သစ်ထင်အောင်နဲ့ ဆရာမလေး ခတ္တာခင်၊ နေဘုန်းညိုတို့ ရောက်လာခဲ့ကြ။ ပြီးတော့ ဘုဏ်းညီညာ။ ပြီးတော့ ရင်စူးမြားကို ချစ်သူခင်သူများ၊ ကဗျာထဲကရန်ကုန် ကဗျာစာအုပ်လေးကို ချစ်ခင်လေးနက်ကြသူများ။
     စာအုပ်စီစဉ်သူ အဲမိုးခြိမ့်ကတော့ ခြံဝကိုထွက်ပြီး ကြည့်လိုက်၊ လမ်းမကြီးဘက် မျှော်ငေးကြည့်လိုက်နဲ့ ။
      ပြောကြစတမ်းဆိုရင် ရင်စူးမြားဆိုတာ သူ့ ရဲ့ သွေးခုန်သံ။  သူ့ဘဝရဲ့ အစိတ်အပိုင်းလေးတစ်ခု။
      သူနဲ့ကျွန်တော်ဟာ နီးတုန်းက ဝေးနေခဲ့ပြီး ဝေးသွားတဲ့အချိန်ရောက်မှ နီးကပ်လာခဲ့တဲ့ လူတွေ။ မြို့ကလေ းထဲမှာ နေနေပါလျက်နဲ့ ကျွန်တော်တို့နှစ်ယောက်ဟာ တော်တော်နဲ့ကို မဆုံစည်းဖြစ်ကြတာ။ အခုတော့ကျွန်တော်နေတဲ့ ကုန်းမြင့်လေးပေါ်က တစ်ခုသောလမ်းလေးပေါ်မှာ သူ့အလုပ်ဌာနလေး ရှိလာတော့ ကျွန်တော်တို့ဟာ မကြာမကြာ ဆုံစည်းဖြစ်ကြတာ။လမ်းထိပ်က ပါရီကဖေးလေးမှာ ထိုင်ဖြစ်ကြရင် တော်တော်နဲ့ မထဘဲ နောက်ဆုံးရထားရဲ့ ဥဩသံကိုကြားလိုက်ရမှ ကျွန်တော်တို့ဟာ လူစုခွဲတတ်ကြတာ။ တစ်ခါတစ်ခါမှာ ကျွန်တော်တို့ရဲ့ပါရီကဖေးလေးကို ခရမ်းပြာမြို့ပြထဲမှာမွန်းကြပ်နေတဲ့ ကိုထွန်းဝေမြင့်တစ်ယောက် ဟာ ရောက်ရောက်လာတတ်တာ။သန်လျင်ယူနိုက်တက်ထဲက သစ်ထင်အောင်ဟာလည်း  ဆိုင်းမဆင့်ဗုံမဆင့်နဲ့ ပါရီကဖေးလေးဆီ အပြေးကလေး ရောက်ရောက်လာတတ်တာ။
     အဲဒီနေ့က "ရင်စူးမြား"ဟာ အသစ်တဖန် ပြန်လည် ရှင်သန်ထမြောက်လာခဲ့တာ။
     အဲဒီနေ့က ကျွန်တော်တို့ဟာ ပိတ်နေတဲ့တံခါးရွက်တွေကို တစ်ချပ်ပြီးတစ်ချပ် ဖွင့်ပြီး ကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်  ရွတ်ဆိုခဲ့ကြတာ။
       အဲဒီနေ့က ကျွန်တော်တို့ဟာ တစ်ယောက်ရဲ့အနုပညာကို တစ်ယောက်က ချစ်ခင်လေးနက်ခဲ့ကြတာ။
       အာရုံဟာ စကားလုံးတွေဆီ  တိမ်းမူးနေရာက သွားလေသူ ကျွန်တော်တို့ရဲ့ အစ်ကိုကြီးကို ဖျတ်ကနဲ သတိတရ ရှိသွားခဲ့တာ။
      သူသာရှိနေခဲ့ရင် ခေတ်ကြီးကို  စိမ်းစိမ်းကားကားကြည့်ပြီး ယက်ဗ်တူရှင်ကိုရဲ့ ကဗျာတွေကို တစ်ပုဒ်ပြီး တစ်ပုဒ် ရွတ်ဆိုနေမှာ မဟုတ်လား။   ။