Breaking News

ဘိုးညီတင့် - ဥယျာဉ်သာရွာပညာ့ဥယျာဉ်စာကြည့်တိုက် ပထမနှင့်နောက်ဆုံးအကြိမ်စာပေဟောပြောပွဲကြီး


ဥယျာဉ်သာရွာပညာ့ဥယျာဉ်စာကြည့်တိုက်
ပထမနှင့်နောက်ဆုံးအကြိမ်စာပေဟောပြောပွဲကြီး
ဘိုးညီတင့်
(မိုးမခ)ဖေဖော်ဝါရီ ၁၊ ၂၀၂၀

      ဥယျာဉ်သာရွာအလယ်တန်းကျောင်း ဘောလုံးကွင်းမှာ ညနေကတည်းကလူတွေအုတ်အုတ်ကျက်ကျက်စည်ကားနေတယ်။ ရွာနီးချုပ်စပ်ကဧည့်သည်တွေဆိုင်ကယ်၊ ကား၊ထော်လာဂျီမျိုးစုံနဲ့တဖွဲဖွဲရောက်လာနေကြတယ်။ လက်ဖက်ရည်၊ မုန့်တီ၊ ခေါက်ဆွဲ၊ မြန်မာတို့ရဲ့မြန်မာဆိုင်ပေါင်းစုံ။ မန္တလေးကရွှေညီအစ်ကိုဇာတ်ပွဲရှိလို့လား။ မဟုတ်ပါ။ နိုင်ငံကျော်စာဟောဆရာတွေဟောပြောမဲ့ပညာဥယျာဉ်စာကြည့်တိုက်ရဲ့စာပေဟော ပြောပွဲရှိလို့ပါ။ ဟောပြောမဲ့စာရေးဆရာတွေရဲ့ဓါတ်ပုံဗီနိုင်းအကြီးကြီးတွေ ဘောလုံးကွင်းအဝင်မှာချိတ်ဆွဲထားတယ်။

၁။နှုတ်ခမ်းနီတို့အချစ်တော် ကမ္ဘာပြားဆရာဖွတ်ကြီး
၂။အမျိုးသားစာပေ/အမျိုးသမီးစာပေ စာပေဆုများရှင်ဆရာကြီးဇကလေး
၃။တသံသရာစာပေဆုရ ကဗျာဆရာအောင်ဂျိမ်းမျိုင်

       ကမ္ဘာပြားဖွတ်ကြီးကတော်ရုံတန်ရုံစာပေဟောပြောပွဲလိုက်လေ့မရှိဘူး။ ဘိုးညီတင့်ဖိတ်လို့သာ ရတာ။ လူရွှင်တော်များလိုပေါ့။ ကမ္ဘာပြားဖွတ်ကြီးကိုဖိတ်ရင် သူ့အတွဲပါဖိတ်ရတာ။ ကမ္ဘာပြားဖွတ်ကြီးနဲ့ဥယျာဉ်သာရွာကမကင်းရာမကင်းကြောင်းပါ။ ၈၈ အရေးတော်ပုံအပြီး ဖွတ်ကြီးထောင်ကျနေစဉ် မဒမ်ဖွတ်ကြီးခမျာ ဥမမယ်စာမေြမာက်ကလေးနှစ်ယောက်နဲ့ ကသီလင်တဖြစ်ကျန်ခဲ့တယ်။ ဘိုးညီတင့်တို့ရွာကလူငယ်တွေ ဝိုင်းဝန်းကူညီစောင့်ရှောက် ထောက်ပံ့ပေးခဲ့ကြရတယ်။ ဘိုးညီတင့်နဲ့ရွာကလေးအကြောင်းကိုကမ္ဘာပြားဖွတ်ကြီးက မျိုးတုန်းသွားသောမျိုးဆက်သစ်ဆိုတဲ့သူ့ဂန္ထဝင်ဝတ္ထုတော်ကြီးထဲလွမ်းလွမ်းဆွေးဆွေး ထည့်ရေး တယ်ဆိုပဲ။

ညနေထဲကစည်ကားနေတော့ဟောပြောပွဲကိုစောစောကျင်းပလိုက်ကြတယ်။ ကျောင်းဆရာကိုမြင့်ထူးလေ့ကျင့်သင်ကြားပေးထားတဲ့ အစီအစဉ်မှူးသမီးငယ်လေးတွေကလည်း တကယ့်အလန်းဇယား။ တီဗွီထဲကအတိုင်းဆတ်ကော့လတ်ကော့ကလေးတွေ။ ပရိတ်သတ်ပွဲကျကြတယ်ပေါ့။ အစီအစဉ်တစ်အရ စာကြည့် တိုက်နာယကကြီးဘိုးညီတင့်က ဩဝါဒ စကားမြွက်ကြားပေးပါမယ်တဲ့။ ဘိုးညီတင့်လည်းမဝတ်စဖူးတိုက်ပုံဝတ် စင်ပေါ်တက်ခဲ့တယ်။ စင်အလယ်ကောင်ရောက်တော့သူ့ထက်ငယ်သူမပါတဲ့ပရိသတ်ကို ယိုးဒယားလက်အုက်ချီ ချီ လိုက်သေးတယ်။ ပြီးမှမိုက်ကိုင်တယ်။ ဘိုးညီတင့်တို့များချောင်းဆိုးတာတောင်အလဟဿအဖြစ်မခံဘူး။ မိုက်ထဲထည့်ချောင်းဆိုးတယ်။

"ရောက်လာကြတဲ့ရွာနီးချုပ်စပ်ကစာပေဝါသနာရှင်များကိုကျေးဇူးတင်ပါတယ်။အထူးသဖြင့်အခုလိုမြို့တော်ကြီးကနေတကူးတကန့်လာရောက်ဟောကြားပေးကြပါေသာစာရေးဆရာများကိုစာကြည့်တိုက်ကိုယ်စားကျေးဇူးတင်ပါကြောင်းပြောပါရစေ။ကျနော်တို့အနေနဲ့ဆရာတို့ကို ပထမ လေယာဉ်နဲ့ပင့်ဆောင်ကြဖို့တိုင်ပင်ခဲ့ကြပါတယ်။ ဒါပေမဲ့ရွာမှာလေယာဉ်ကွင်းအဆင်သင့်မရှိတော့ အဲဒီအစီအစဉ်ကိုဝမ်းနည်းစွာ ပယ်ဖျက်လိုက်ရပါတယ်။ တခါစာရေးဆရာကြီးများကိုကြယ်ငါးပွင့်ဟော်တယ်မှာထားမယ်စိတ်ကူးကြသော်လဲရွာမှာကြယ်ငါးပွင့်ဟော်တယ်ကမရှိ။ ရွာရဲ့အကောင်းဆုံးအဆောက်အဦဖြစ်တဲ့ဘုန်းတော်ကြီးကျောင်းမှာဘဲ နေရာချထားပေးလိုက်ရတာကို ဆရာတို့အနေနဲ့နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ ဉာဏ်ပူဇော်ခကိုတော့ နိုင်ငံတကာစာပေဟောပြောပွဲတွေနည်းတူ နိုင်ငံခြားငွေနဲ့ပူဇော်မှာပါ။ မြန်မာ့ရိုးရာတရုတ်နှစ်သစ်ကူးအမှီ မူဆယ်သွားရောင်းချထားတဲ့ဖရဲသခွားဖိုးတွေရွာကလူငယ်တွေဆီကနေအလှူခံထားပါတယ်။ဆရာတယောက်ကိုယွမ်ငွေတသောင်းဉာဏ်ပူဇော်ပါ့မယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။"

ဘိုးညီတင့်က တိုတိုတုတ်တုတ်ပြောသွားတယ်။ ဘိုးညီတင့်ပြီးတော့စာကြည့်တိုက်မှူးတင်ဇော်ထွန်းအလှည့်။ ကိုတင်ဇော်ထွန်းစင်ပေါ်တက်လာတာနဲ့ကလေးတွေက "ဟေ့ဦးဇော်ပုံပြောတော့မယ်ကွဆိုပြီးစင်ရှေ့တိုးလာကြတယ်။ သူတို့ဦးဇော်ကစာကြည့်တိုက်လာရင်ပုံပြောနေကျကိုး။ ကိုတင်ဇော်ထွန်းလဲအလိုက်သင့်ပါပဲ။ ကလေးတွေကို"ပူတူးတို့ ဇေခန့်ညီတို့ မင်းတို့မွေးနေ့ပွဲတနှစ်ဘယ်နှခါလုပ်သလဲ'

"တနှစ်တခါပါ ဦးဇော်"

"လစဉ်လတိုင်းမွေးနေ့ပွဲ ကျင်းပချင်ရင် မင်းတို့မိဘတွေကလုပ်ပေးပါ့မလား"
"လုပ်မပေးပါဘူး"
"အေးမင်းတို့ဗျောက်ဖောက်တော့ ဘယ်လဖောက်ရသလဲ"
"သီတင်းကျွတ်နဲ့တရုတ်နှစ်သစ်ကူးပွဲတော်မှာပါ။"
"နေ့တိုင်းဗျောက်ဖောက်ချင်လို့ရသလားဟေ့"
"ရဲဖမ်းမှာပေါ့ဦးဇော်"
"မင်းတို့ဘယ်တော့ရေပက်ရသလဲ"
"သင်္ကြန်ကျမှာပါ"
"ခုလိုဆောင်းရာသီ ရေပက်ကစားခိုင်းရင်ကစားကြမှာလား"
"ချမ်းတယ်။ မကစားချင်ဘူး"

"အေးရာသီအလိုက်သူ့ပွဲနဲ့သူရှိသကွဲ့။ (ပရိသတ်ဖက်လှည့်ပြီး)ပရိသတ်ကြီးခင်ဗျာ။ စာဆိုတော်ပွဲ၊ စာပေဟောပြောပွဲဆိုတာနတ်တော်လမျာကျင်းပရိုးရှိပါတယ်။ နေ့စဉ်ရက်ဆက်ကျင်းပနေရင်အရသာပျက်တယ်။စာေပအနှစ်သာရပျက်တယ်။ ဒါကြောင့်ကျနော်တို့ပညာ့ဉယျာဉ်စာကြည့်တိုက်ရဲ့စာပေဟောပြောပွဲကိုတကြိမ်သာကျင်းပသွားမှာဖြစ်ပါတယ်။ အခုကျင်းပတာဟာပထမဆုံးနဲ့နောက်ဆုံးအကြိမ်ပါပဲ။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား"

 စာကြည့်တိုက်မှူးကိုတင်ဇော်ထွန်းအလှည့်ပြီးတော့ အစီအစဉ်ကျေညာသူကလေးမတွေရဲ့အလှည့်ပါ။
"မတ်မတ်ရေ"
"ညလေးရေ"
"အခုပညာ့ဥယျာဉ်စာကြည့်တိုက်ရဲ့စာပေဟောပြောပွဲမှာ ထူးထူးခြားြခားအစီအစဉ်တွေပါပါတယ်"
"ဟုတ်ပါတယ်။ ဒါကြောင့်မို့ယနေ့စာပေဟောပြောပွဲကို စာပေဟောပြောပွဲအပေါင်းရဲ့သရဖူ။ ဟောပြောပွဲတို့ရဲ့မိခင်ကြီးလို့တောင်တင်စားရပါလိမ့်မယ်"
"ဟုတ်တယ်မတ်မတ်ရေ။ ညလေးတို့အစီအစဉ်တွေစကြစို့လား"
"စာပေချစ်သူပရိသတ်များရှင်။ ခါတိုင်းစာပေဟောပြောပွဲတွေမှာစာရေးဆရာတွေက ဟောပြောပြီး ပြန်သွားကြလေ့ရှိပါတယ်။ စာချစ်သူတို့နဲ့တွေ့ဆုံမေးမြန်းဖို့အချိန်မရကြပါဘူး။ ဒီနေ့မှာတော့စာချစ်သူတို့အနေနဲ့စာ ပေဟောပြောပွဲမစခင်လိုရင်းတိုရှင်း မေးခွန်းကလေးတွေကို စာပေနဲ့ပတ်သက်ပြီးမေးမြန်းနိုင်ပါတယ်။ ဒီအစီအစဉ်ပြီးမှ ဟောပြောပွဲစမှာပါ။ ကဲခုချိန်ကစပြီးပရိသတ်ထဲကစာပေချစ်သူများတယောက်ချင်းစီ မေး ခွန်းေတွလာမေးမြန်းကြပါရန် ဖိတ်ခေါ်လိုက်ရပါတယ်ရှင့်"

အစီအစဉ်မှူးကလေးမလေးတွေက ဖိတ်ခေါ်လိုက်ရင်ဘဲ ပထမဆုံးမူးမြင့်အောင်စင်ပေါ်တက်လာတယ်။
"ပရိသတ်ကြီးခင်ဗျား။ ကျနော့်ကိုချစ်ရင်လက်ခုပ်တီးပေးကြပါခင်ဗျား"

အပေါ်ကခိုင်းရင်လိုက်လုပ်တတ်တဲ့အကျင့်ပါေနတဲ့ပရိသတ်ကြီးက လက်ခုပ်ဩဘာ ဝိုင်းပေးကြပါတယ်။ မူးမြင့်အောင်ကသူ့ညာလက်ဖဝါးကိုဖြန့်ပြပြီး "ကနေ့ကမ္ဘာကြီးဟာ ပြားသွားရုံတင်မကဘူး။ သေးပြီးကျုံ့ဝင်သွားပြီ။ ကမ္ဘာကြီးဟာကျနော့လက်ထဲမှာ။ ခင်ဗျာတို့ ကျနော့လက်ထဲဘယ်လိုရှင်သန်နေထိုင်ကြမလဲ။ ပညာနဲ့နေထိုင်နိုင်မှနေရာရမယ်။ ပညာ။ ပညာ။ ကနေ့လူငယ်တွေတော်လှန်ရေးေတွ၊ လမ်းပေါ်တက်နိုင်ငံရေးတွေမလိုတော့ဘူး။ ဒါေတွမှာ ယွင်းကြောင်းကမ္ဘာပြားဆရာဖွတ်ကြီးကိုယ်တိုင်သူ့အကြောင်းသူ့ဘဝအတွေ့အကြုံနဲ့ယှဉ်ပြောခဲ့ပြီ။ ဒီနေ့လိုတာပြုပြင်ပြောင်းလဲရေးပဲ။ အတွေးအခေါ်ပြုပြင်ပြောင်းလဲရမယ်။ ခင်ဗျားတို့ဦးနှောက်ကိုမုန်တိုင်းဆင်ရမယ် "ခေတ်ပညာအရေးပါပုံအကြောင်းပြောပြီးဆင်းသွားတယ်။ မူးမြင့်အောင်ဆင်းသွားတော့ စာကြည့်တိုက်မှူးစွာတေးလန်ခိုင်မာအေး မဖိတ်ခေါ်ရခင် ဇောင့်ဇောင့်နဲ့ တက်ချလာတယ်။ အစီအစဉ်မှူးမလေးတွေဆီကမိုက်ကိုဆတ်ကနဲဆွဲယူလိုက်ပြီး "သောက်ချေးစားစစ်အာဏာရှင်အစိုးရ" လို့ပျစ်ပျစ်နှစ်နှစ်ဆဲထည့်လိုက်တယ်။ 

ပရိသတ်ရဲ့လက်ခုပ်ဩဘာသံကကောင်းကင်ပွင့်ထွက်မတတ်။ နယ်စပ်ကဝင်လာဖို့ချောင်းနေတဲ့ဝူဟန်ဗိုင်းရပ်တောင်ခြေလှမ်းတန့်လောက်တယ်။ "ဒင်းတို့တတွေဟာ ရဟန်းရှင်လူ ကျောင်းသာပြည်သူတွေကိုရက် ရက်စက်စက်သတ်ဖြတ်ခဲ့ကြတယ်။ အကျဉ်းထောင်တွေ၊ စစ်ကြောရေးစခန်းတွေမှာ လူမဆန်စွာနှိပ်စက်ခဲ့ကြတယ်။ ဆိုးတာက သမိုင်းကိုပါဖျောက်ဖျက် ပစ်တာဘဲ။ ကလေးတွေ အောင်ဆန်းအကြောင်းသိဖို့မပြောနဲ့ဗိုလ်ချုပ်ရုပ်ပုံတောင် မမြင်ဖူးကြတော့ဘူး။ ခုအစိုးရလက်ထက်မှာတစ်ထောင်တန်ငွေစက္ကူထွက်လာလို့မြင်ဖူးကြတာ။ ကလေးတွေဗိုလ်ချုပ်အကြောင်းသိစေချင်လို့ကျမစာအုပ်တအုပ်လုပ်စားမယ်စိတ်ကူး အဲလေ ဟုတ်ပေါင်သုတေသနပြုနေပါတယ်။ ဗိုလ်ချုပ်ဇာတိနတ်မောက်အထိသွားပြီးတော့အပင်ပန်းခံလေ့လာပြုစုနေတာ။ ကျမတွေ့ရှိချက်ထဲက လူမသိသေးတဲ့ဗိုလ်ချုပ်အကြာင်းနဲနဲပြောချင်တယ်။ ဗိုလ်ချုပ်ဟာကလေးဘဝကတည်းကလွတ်လပ်ရေးလိုချင်သူဖြစ်တယ်တဲ့။ လွတ်လပ်မှုကိုဘယ်လောက်ခုံမင်သလဲဆိုရင် အမေစုကဗိုလ်ချုပ်ကိုဆယ်နှစ်သားအရွယ်ထိပုဆိုး ဘောင်းဘီဝတ်ပေးလို့မရဘူးတဲ့။ ပုဆိုး ဘောင်းဘီပါရင်မလွတ်လပ်လို့တဲ့လေ။

"ဗိုလ်ချုပ်အကြောင်းပြောရင်းအမေစုအကြောင်းရောက်။ အမေစုအသက်ရာကျော်ရှည်ပါစေအော်ပြီး စွာတေးလန်ခိုင်မာအေးဆင်းသွားတယ်။ ခိုင်မာအေးဆင်းသွားတော့ မျိုးချစ်မျက်ကန်းတက်လာတယ်။ ရွာထဲမှာမျိုးချစ်တွေသုံးလေးယောက်ရှိတော့ မျက်စိတဖက်လပ်သူ့ကို မျိုးချစ်မျက်ကန်းလို့ခေါ်ကြတယ်။

"ပရိသတ်ကြီးခများ။ အသေခံဗုံးခွဲမဲ့ ဘာသာခြားအသားမဲတယောက် ဒီပွဲထဲရောက်နေပါပြီ။" တဲ့။

ဘာပြောကောင်းမလဲ။ ပရိသတ်ပြေးသူပြေး၊ ဝပ်သူဝပ်နဲ့ ပွဲပျက်မလိုဖြစ်သွားတယ်။ အဲဒီတော့မှ"အခုမဟုတ်သေးပါဘူး။ ခင်များတို့အမျိုးဘာသာ သာသနာကိုမစောင့်ရှောက်ရင် တချိန်ဖြစ်ကို ဖြစ်လာနိုင်တာပြောနေတာ။ ခုဆိုကုလသမဂ္ဂနဲ့တကွ ဘာသာခြားနိုင်ငံတွေက ကျနော်တို့နိုင်ငံငယ်လေးကိုဝိုင်းပြီးအနိုင်ကျင့်နေကြတယ်။

"မျိုးချစ်မျက်ကန်းက အမျိုးဘာသာ သာသနာစောင့်ထိန်းရေး လူမျိုးခြားနဲ့အိမ်ထောင်မပြုရေး သူပြောချင်တာတွေပြောဆင်းသွားတယ်။ စာပေဝါသနာရှင်လူငယ်လေးတွေတယောက်ပြီးတယောက်တက်ပြောလိုက်ကြတာ။ ပညာအကြောင်း၊ လူငယ်တွေကြီးပွားရေး၊ စာမဖတ်သူပပျောက်ရေး၊ ဗိုလ်ချုပ်အကြောင်း၊ အမေစုချီးမွမ်းခန်း၊ စစ်အစိုးရလက်ထက်အကျဉ်းထောင်စစ်ကြောရေးအကြောင်း အမျိုးပေါင်းစုံလင်။ တချို့ကဂစ်တာယူလာပြီး ဟျောင့်မင်းစော်ထက်ငါ့စော်ကပိုမိုက်တယ်သီချင်းဟစ်သူဟစ်။ ကမ္ဘာ့စာပေ၊ မြန်မာ့စာေပ၊ ရသစာတပုဒ်ဖန်တီးပုံ၊ ခံစားပုံစာပေဝေဖန်ရေး စာပေနဲ့စပ်ဆိုင်တာတလုံးမှ မပါ။ 

ဒီလိုနဲ့ညသန်းခေါင် ကျော်မှ စာပေဟောပြောာရမဲ့အစီအစဉ်စတင်နိုင်ခဲ့တော့တယ်။ နှုတ်ခမ်းနီအကြိုက်ကမ္ဘာပြားဖွတ်ကြီးဟောပြောရန်စင်မြင့်ပေါ်သို့ကြွပါဆိုတော့ ဖွတ်ကြီး စတီးတုတ်ကောက်ကိုအားပြုထရပ်တယ်။ စင်ပေါ်တက်ဖို့လူငယ်လေးတွေကတွဲတင်မဲ့ဟာ ကွန်မြူနစ်လက်ကျန်စိတ်ကလေးကြောင့်လားမသိဘူး။ အတွဲမခံ။ သူ့ဘာသာမာန်တင်းပြီးတက်သွားတယ်။ စင်ပေါ်ရောက်တော့သူထုံးစံအတိုင်းလေပျော့ကလေးနဲ့ "ကြွရောက်လာကြတဲ့ပရိသတ်များကိုအထူးေကျးဇူးတင်ပါတယ်။ ဘိုးညီတင့်နဲ့တကွ ပညာ့ဥယျာဉ်စာပေချစ်သူများကိုလဲကျေးဇူးတင်ပါတယ်။ စာပချစ်သူများအလုံးစုံပြောကြားသွားကြလို့ ကျနော်တို့စာပေဟောေြပာဖို့မလိုတော့ပါ။ အားလုံးပြည့်စုံနေပါပြီ။ အချိန်ကလဲဆယ့်နှစ်နာရီကျော်နေပါပြီ။ ကျနော်အနေနဲ့အစီအစဉ်မှူး သမီးကလေးတွေကိုယ်စားစာပေဟောပြောပွဲပြီးဆုံးကြောင်း ကျေညာပေးပါမယ်။ ကြွရောက်လာကြတဲ့ဂုဏ်သရေရှိဧည့်ပရိသတ်မင်းအပေါင်းခင်ဗျား ပညာ့ဥယျာဉ်စာကြည့်တိုက် စာပေဟေ ာပြောပွဲအောင်မြင်စွာပြီးဆုံးကြောင်းေကျညာအပ်ပါတယ်ခင်ဗျား"

ဖွတ်ကြီးလဲ ကျေညာပြီးရော ပရိသတ်ထပြန်ကုန်ကြတော့တယ်။ စာရေးဆရာတွေတလုံးမှမဟောလိုက်ကြရဘူး။ ဒီပြဿနာရဲ့တရားခံကဘိုးညီတင့်ပါ။ စာပေဟောပြောပွဲမတိုင်ခင် အဲဒီစာရေးဆရာတွေဟောထားတဲ့ဟောပြောချက်တွေကို လူငယ်လေးတွေကိုနားထောင်ခိုင်း။ ဆရာတွေမဟောခင်စင်ပေါ်တက်ပြောခိုင်းထားတာလေ။

ကက်ဆက်ဇာတ်လမ်းတိတ်ခွေခေတ်ကုန်ဆုံးသွားသလို စာပေဟောပြောပွဲဒီဗီဒီ ဗွီစီဒီခေတ် မပျောက်ပါစေနဲ့ဆိုတဲ့အကြောင်း ဆုမွန်တောင်းရင်း...

ဘိုးညီတင့်

အမှုတွဲခြင်း။။  ။ရန်ကုန်မြို့နေသူငယ်ချင်းဇကလေး ဖုန်းဆက်အိုင်ဒီယာပေး ဇွတ်ရေးခိုင်းသောကြောင့်ကြောက်ကြောက်နဲ့ရေးပေးရပါကြောင်း။