Breaking News

ကိုသန်းလွင် - စကြဝဠာ တည်ဆောက်ပုံ


ကိုသန်းလွင် - စကြဝဠာ တည်ဆောက်ပုံ

(မိုးမခ) စက်တင်ဘာ ၁၂ ၊ ၂၀၂၃

( ၁ )

ယမန်နှစ်က (James Webb Space Telescope) မှနေ၍ ဂြိုဟ်များ၊ နယ်ဗျူလာများကို ကမ္ဘာမှ မြင်တွေ့ကြရသောအခါ မြေပြင်မှ ကြည့်ရှုနေကြသော ပညာရှင်များက ဝမ်းမြောက်ဝမ်းသာဖြစ်ရသည့် နည်းတူ တစ်ခုခုတော့မှားနေပြီ ဟူသော အသိကို ခံစားကြရပါသည်။ ရှစ်လမျှ ကြာလာသောအခါ မှန်ပြောင်းမှ မြင်ရသည်များကို အခြေခံ၍ စဉ်းစားရလျင် စကြဝဠာကြီးနှင့် ပတ်သက်၍ လူတို့ တွေးခေါ်ထားသမျှကို ပြန်လည် သုံးသပ် စိစစ်ရမည်ဖြစ်ကြောင်း တွေ့ရှိခဲ့ကြရပါသည်။

၂၀၂၁ ခုနှစ်တွင် နာဆာ၊ ဥရောပလေ့လာရေးအေဂျင်စီနှင့် ကနေဒါနိုင်ငံ အာကာသလေ့လာရေး အေဂျင်စီတို့မှ စေလွှတ်ခဲ့သော အလွန်တရာ အင်အားကောင်းမွန်သည့် ဂျိမ်းဝက် အဝေးကြည့်မှန်ပြောင်းကို အချိန်၏ စဦးပိုင်းဆီမှ ကြယ်များ၊ ဂလက်စီများအား ကြည့်ရှုရန် စေလွှတ်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ထိုအဝေးကြည့်မှန်ပြောင်းဖြင့် တွေ့ရှိချက်များမှာ လူတို့၏စိတ်ကို ကသိကအောက်ဖြစ်စေပြီး ဘဝင်မကျစေသော အချက်များကို တွေ့ရှိခဲ့ကြရပါသည်။ လူတို့ တွေ့ရှိခဲ့ကြသည်မှာ စကြဝဠာအဖြစ် အပြည့်အဝဖြစ်ပေါ်တည်ရှိပြီးဖြစ်သော ကြယ်စုများကို သူတို့ မရှိသင့်သည့် နေရာများတွင် တွေ့ရှိခဲ့ကြခြင်း ဖြစ်ပါသည်။ လူတို့ လက်ခံပြီးဖြစ်သော စတင်းဒတ် မိုဒယ် (Standard model) အရ အစီစဉ်တကျ သူ့နေရာနှင့်သူ ရှိနေရမည့်အစား နေရာအမှား၌တွေ့ရှိခဲ့ကြခြင်း ဖြစ်ပါသည်။

( ၂ )

ထိုသို့ လူတို့ လက်ခံထားသော မူလပုံစံမှာ သုတေသနလုပ်ငန်းအားလုံး၏ အခြေခံဖြစ်ပြီး ဘစ်ဘင်ကြီး (Big Bang) ဖြစ်ပွားပြီးနောက် အရာဝတ္ထုများသည် အားလုံးအစီအစဉ်တကျရှိရမည်ဟူသောအမြင် ဖြစ်ပါသည်။ မြေဆွဲအားသည် တဖြည်းဖြည်း အေး၍လာနေသော ဓာတ်ငွေ့များကို ပို၍သိပ်သည်းသောနေရာများဆီသို့ ဆွဲသွင်းလာရမည်။ ထိုမှတဆင့် ကြယ်များ၊ ဘလက်ဟိုးများ (Black Hole) ဖြစ်လာရမည်။ ထိုမှတဆင့် ကြယ်များ စုပေါင်းပြီး ဂယ်လက်စီ (Galaxy) များ ဖြစ်ပေါ်ကြရပါသည်။

မှန်ပြောင်း ဒေတာအရ အလွန်ကြီးမားသော စကြဝဠာကြီးများမှာ အချိန်တိုတို ကာလအတွင်း ဖြစ်ပေါ်လာကြပြီး ယူသောအချိန်မှာ တိုတောင်းလှပါသည်။ စတင်းဒတ်မိုဒယ်အရ ဤသို့ ဖြစ်ပေါ်လာရန် အကြောင်းမရှိပါ။ တနည်းအားဖြင့်ပြောရလျှင် မိဘနှင့် သားသမီးများ ရှိကြရာဝယ် အဖေကြီး အမေကြီးများကို ကလေးငယ်များ၏နေရာတွင် တွေ့နေရခြင်း ဖြစ်ပါသည်။ ဤသို့ တွေ့ရခြင်းမှာ တစ်ခုတလေ (isolated case) မဟုတ်ဘဲ အဖြစ်အပျက်များကို တွေ့ရှိရချက်များမှာ ရှေ့နောက် မညီဘဲ ဖြစ်ရသည်များကို တွေ့ခဲ့ကြရခြင်း ဖြစ်ပါသည်။

ဤစကြဝဠာကြီး လျင်မြန်စွာ ဖြစ်လာ၍နေခြင်းကို ကြည့်ပါ။ ဟပ်ဘဲလ်၏ ကိန်းသေ (Hubble Constant) ပေါ်တွင် မူတည်၍ စကြဝဠာကြီး ပြန့်ကားနေခြင်းကို တွက်ချက်ကြရပါသည်။ သိပ္ပံပညာရှင်များအဖို့ ထို ဟပ်ဘဲလ်၏ ကိန်းသေကို တညီတညွက်တည်း မမြင်ကြရသေးပါ။ ၎င်း၏ တန်ဖိုးကို တွက်ချက်ရာ၌ နည်းလမ်း ၂ ခုကို အသုံးပြုကြရပါသည်။ ပထမနည်းမှာ စကြဝဠာကြီး စဦးအချိန်များက ပြန့်ကားနှုန်း၊ (ဂျိမ်းဝက် မှန်ပြောင်းမှ တွက်ချက်ပေးသည်) နှင့် အခြားတဖက်မှာ နီးစပ်ရာကြယ်စုများ၏ (ဥပမာ ယနေ့ခေတ် ကြယ်စုများ၏) ပြန့်ကားနှုန်းမှ တွက်ချက်ရပါသည်။ ဆယ်ခုနှစ်ပေါင်းများစွာကြာအောင် ကြိုးစားကြသော်လည်း အဖြေမှာ မတူညီဘဲ တစ်ခုနှင့်တစ်ခု ကွဲလွဲနေကြဆဲ ဖြစ်ပါသည်။

ပထမပိုင်းတွင် ပညာရှင်များ ယူဆကြသည်မှာ တဖြည်းဖြည်းနှင့် ဒေတာများ ပိုမိုတိကျလာလျှင် ထိုဂဏန်းသည် တစ်နေရာရာတွင် တည်ငြိမ်သွားရမည်ဟူ၍ ဖြစ်သည်။ သို့သော် ထိုသို့ ဒေတာများ တိကျလာသည့်တိုင် ဂဏန်း၏တန်ဖိုးမှာ မရေရာသေးပါ။ မှန်ပြောင်းမှ ထိုဒေတာကို ရရှိလာသည့်အခါ ထိုအဖြေမှာ ပိုမို၍ရှုပ်ထွေးသွားခြင်းသာ ရှိပါသည်။ ထို့ကြောင့် အဖြစ်အပျက်များမှ ကောက်ချက်ချရသည်မှာ “စတင်းဒတ် ပိုဒယ်တွင် ချို့ယွင်းချက်ရှိနေပြီ” ဟူ၍ ဖြစ်ပါသည်။

ယခင်ကထိုကဲ့သို့ ချို့ယွင်းချက်ဟု ယူဆခဲ့သော အချက်အလက်များကို ပြင်ဆင်ရင်း ဤပုံစံအတိုင်း ဆက်လက်တည်ရှိခဲ့ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း ပုံစံကို အမျိုးမျိုး ပြောင်းလဲ၍ တွက်ချက်ခဲ့ကြပါသည်။ တွေ့ရှိသော ဒေတာများနှင့် ကိုက်ညီမှုရှိစေရန် ဖြစ်ပါသည်။ မိုဒယ်နှင့် ပက်သက်၍ ယခင်က ကျေနပ်မှုရှိခဲ့ကြသော်လည်း ယခုအခါ အကြီးမားဆုံးပြဿနာနှင့် ရင်ဆိုင်နေရပါသည်။

လက်တွေ့စမ်းသပ်ရာမှ ရလာသော အသိ၊ သင်္ချာနှင့် ရူပဗေဒပညာရှင်များ၏ အတတ်ပညာနှင့် ပေါင်းစပ်ပြီး ဤစတင်းဒတ်မိုဒယ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၄၀ ပြည့်နှစ်က ဟပ်ဘဲလ် (Edwin Hubble) တွေ့ရှိခဲ့သော “စကြဝဠာကြီးသည် ပြန့်ကား၍ထွက်နေသည်” ဟူသော တွေ့ရှိချက်မှ စတင်ခဲ့ပါသည်။ ၎င်းသည် ဘစ်ဘင် ဖြစ်ပွားမှုအတွက် ပထမဆုံး သက်သေပြချက် ဖြစ်ခဲ့ပါသည်။ ထို့နောက် ၁၉၆၄ ခုနှစ်တွင် ရေဒီယို နက္ခက္တပညာရှင်များက Cosmic Microwave Background စကြဝဠာကြီး၏ နောက်ခံရောင်ခြည်ကို တွေ့ရှိခဲ့ကြပါသည်။ ၎င်းရောင်ခြည်သည် ဘစ်ဘင်ဖြစ်ပြီးနောက် ခဏတာအတွင်းမှာ ဖြစ်ပေါ်တည်ရှိခဲ့သော နောက်ခံ ရောင်ခြည် ဖြစ်ပါသည်။ ထိုရောင်ခြည်က ပြောပြသည်မှာ စကြဝဠာကြီး၏ စဦးအခြေခံမှာ ပူပြီး၊ သိပ်သည်းသော (Cosmic Soup) အခြေခံအမှုန်များမှ စတင်ခဲ့ပြီး တဖြည်းဖြည်း အေးလာပြီး၊ သိပ်သည်းခြင်း လျော့နည်းခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။

လွန်ခဲ့သောနှစ်ပေါင်း ၆၀ အတွင်း စကြဝဠာကြီး၏ တည်ဆောက်ပုံနှင့် ပတ်သက်၍ တဖြည်းဖြည်း သိရှိနားလည်ခဲ့ကြပါသည်။ ထို့နောက် တွေ့ရှိခဲ့သော ဒေတာများနှင့် ပုံစံများအရ မျက်စိဖြင့် မမြင်နိုင်သော်လည်း စကြဝဠာကြီးတွင် မမြင်ရသော ဒြပ်ထုအစိုင်အခဲများ ရှိရဦးမည်ဟု ခန့်မှန်းခဲ့ကြပါသည်။ ယနေ့ စကြဝဠာကြီး တည်ဆောက်ပုံ မိုဒယ်ပုံစံအရ ကျွန်တော်တို့ မြင်တွေ့နေကြသော စကြဝဠာကြီးမှာ ဒြပ်ထုအားလုံး၏ ၄ ရာခိုင်နှုန်းသာ မြင်ကြရသည်ဟူ၍ ဖြစ်ပါသည်။ ကျန်သောဒြပ်ထုများကို မမြင်ကြရဘဲ မမြင်ရသော ဒြပ်ထုမဲ (Dark Matter) က ၂၇ ရာခိုင်နှုန်း မမြင်ရသော စွမ်းအင် (dark Energy) က ၆၀ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းကြပါသည်။

ရုတ်တရက် ပြန့်ကားခြင်း (Cosmic Inflation) မှာလည်း မြင်တွေ့ရသော ပုံစံများအရ လက်တွေ့နှင့် ကိုက်ညီစေရန် မူလသီအိုရီကို အသွင်ပုံစံပြောင်းလဲရခြင်း ဖြစ်ပါသည် ၎င်းပုံစံအရ စကြဝဠာကြီး၏ အစပိုင်းတွင် ကျယ်ပြန့်တွက်ပုံမှာ မြန်ဆန်လှပါသည်။ တစ်စက္ကန့်၏ အပုံအနည်းငယ်အတွင်း စကြဝဠာကြီးမှာ ထပ်ညွှန်းကိန်း (Exponential) ဖြင့် ကျယ်ပြန့်ခဲ့ပါသည်။ ၎င်းအဆိုမှာ ပြဿနာအနည်းငယ်ကို ဖြေရှင်းပေးသည့်နည်းတူ အခြားပြဿနာအသစ်များကိုလည်း ဖန်တီးခဲ့ပြန်ပါသည်။ ၎င်းက ဆိုသည်မှာ ကျွန်တော်တို့၏ စကြဝဠာမှာ စကြဝဠာအများ (multiverse) ထဲမှ စကြဝဠာတစ်ခုသာ ဖြစ်ပါသည်။ စကြဝဠာများမှာ မရေမတွက်နိုင်လောက်အောင် များပြားခဲ့ပြီး ၎င်းတို့ကို ကျွန်တော်တို့ မမြင်နိုင်ကြပါ။ စမ်းသပ်၍လည်း မရနိုင်ခဲ့ကြပါ။

ထိုပုံစံမှာ လုံးဝမဖြစ်နိုင်ပါတော့ဟု ပြော၍မရနိုင်ပါ။ သိပ္ပံပညာရှင်များက တိုက်ရိုက် မတွေ့မမြင်ကြရသော်လည်း တနည်းအားဖြင့် ယူလျှင်ရနိုင်သော သက်သေပြချက်မျိုးကိုတော့ တွေ့ခဲ့ကြပါသည်။ ဘလက်ဟိုးများ၏ အလယ်တွင် အလွန်သိပ်သည်းသော အရာဝတ္ထုများကို တွေ့ကြရပါသည်။ မှန်ပြောင်းမှ တွေ့ရှိချက်များနှင့် ဟပ်ဘဲလ်ကိန်းသေကို အတည်မပြုနိုင်သော အချက်များကြောင့် ဤပုံစံကိုလည်း စွန့်လွှတ်ရဖွယ် ရှိနေပါသည်။

သုတေသနလုပ်သူများ၌ ကောင်းမွန်သော အလုပ်ဖြစ်သော ပုံစံတခုရှိသည် ဆိုပါစို့။ တွေ့ရှိလာသော အချက်များမှာ ထိုပုံစံနှင့် မကိုက်ညီဘူးဆိုပါက ၎င်းတို့သည် အခြေခံအထိ ပြန်သွားပြီး နည်းလမ်းအသစ် ရှာဖွေကြရပါသည်။ စိတ်ကူးစိတ်သန်းအသစ်သည် တွေ့ရှိသော ဒေတာများနှင့် ကိုက်ညီမှုရှိသည် ဆိုပါမှ ထိုသီအိုရီအသစ်သည် မှန်ကန် တိုးတက်မှုရှိသည်ဟု ဆိုနိုင်ပါသည်။

ထိုအခါ မှန်ပြောင်းမှ အသစ်တွေ့လာသော တွေ့ရှိလာသော အချက်များကို လက်ထဲတွင်ရှိသည့် မိုဒယ် ပုံစံနှင့် ကိုက်ညီမှု ရှိ၊ မရှိ ဆန်းစစ်ကြရပါသည်။ သို့မဟုတ်ပါက မိမိ၏ပုံစံကို စွန့်ပစ်ပြီး ပုံစံအသစ်ကို ရှာဖွေကြရပါသည်။ ယခု ကျွန်တော်တို့သည် ဝက် တယ်လီစကုပ်မှ တွေ့ရှိချက်များကြောင့် စတင်းဒတ် မိုဒယ်၏ ပုံစံကို စွန့်လွှတ်၍ အသစ်ကို ရှာဖွေကြရမည်လား။ လူတို့၏ အာကာသနှင့် အချိန်တို့အပေါ် အမြင်များကို ပြောင်းလဲပစ်ရတော့မည်လား။

( ၃ )

စကြဝဠာကို လေ့လာခြင်းပညာသည် အခြားဘာသာရပ်များနှင့် မတူညီပါ။ ကြွက်တစ်ကောင်ကို လှောင်အိမ်ထဲတွင် ထည့်ထားကြည့်ခြင်း၊ ကယ်မီယမ် ဓာတုပစ္စည်းတခုကို ဘီကာခွက်တွင်ထည့်၍ အပူပေးခြင်း စသော နည်းများကဲ့သို့ အချက်အလက်မျိုးစုံသည် မိမိ၏ရှေ့တွင် ရှိနေသည် မဟုတ်။ ကျွန်တော်တို့ကိုယ်တိုင်သည် မိမိ လေ့လာရမည့် စကြဝဠာကြီး၏ အစိတ်အပိုင်း ဖြစ်နေပါသည်။ စကြဝဠာကြီးတခုလုံးကို သေတ္တာတစ်လုံးထဲတွင် ထည့်မည်၊ စားပွဲပေါ်တွင် တင်မည်ဟူ၍ မဖြစ်နိုင်ပါ။ ကျွန်တော်တို့ကိုယ်တိုင် သူ့နည်းဥပဒေများကို လိုက်နာကြရပါသည်။ အချိန်၏ သဘာဝ၊ အာကာသ၏ သဘာဝ၊ လက်ရှိ ဥပဒေများသည် ဟန်ချက်ညီညီ လိုက်နာနိုင်ခြင်း ရှိ၊ မရှိ ဆိုသည့် အချက်များကို စဉ်းစားကြရပါသည်။ စမ်းသပ်သူ တစ်ယောက်၏အမြင်၊ စမ်းသပ်သူတစ်ယောက်၏ သဘာဝတို့ကို ထည့်သွင်းစဉ်းစားရပါသည်။

သိပ္ပံပညာ၏ နည်းဥပဒေများသည် အချိန်ကိုလိုက်၍ ပြောင်းလဲမှု မရှိစေရ ဆိုသော်လည်းကို စမိုလင် (Lee Smolin) က ရူပဗေဒ၏ ဥပဒေများသည် အချိန်ကိုလိုက်၍ ပြောင်းလဲနေကြသည်ဟု ဆိုပါသည်။ ဝှီးလာ (John Wheeler) ကလည်း တွေ့ရှိချက်အမျိုးမျိုး ရှိရာတွင် လူတို့၏ လေ့လာချက်များသည် စကြဝဠာကြီး၏ အတိတ်၊ အနာဂတ်တို့အပေါ်တွင် မူတည်၍ ပြောင်းလဲနေကြသည်ဟု ဆိုပါသည်။ 

Ref: A Crisis in Cosmology By Adam Frank N.Y. Times September 8 2023



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar