Breaking News

မင်းကိုနိုင် - အသံတိတ်ဆုတောင်း

Min Ko Naing 


မင်းကိုနိုင် - အသံတိတ်ဆုတောင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၉၊၂၀၂၀

သွေးဆာနေတဲ့လက်ဝှေ့ပရိတ်သတ်ရှေ့
ချစ်မေတ္တာကို
ကြိုးဝိုင်းထဲတွန်းပို့ခံလိုက်ရသလို
ဝှက်ဖဲက ထွက်လာတယ်

ခဏခဏခြေချော်လက်ချော်ကျနေတဲ့
ဒီလောင်းကစားပြက္ခဒိန်မှာ
သာတူညီမျှကို တစ်ဖက်သတ်ချစ်မိတာဟာ
ငုပ်ကောင်ကိုဆက်ထိုးနေတာလား။

ဘာမှမတတ်နိုင်တဲ့အဆုံး
တစ်ခုတည်းသောတတ်နိုင်ခြင်းဟာ
ဆုတောင်းခြင်းပဲမဟုတ်လား။

မေးခွန်းတွေကုန်တဲ့နေ့မှ ာလူဟာသေတာပဲတဲ့။
ပါးစောင်ထဲမှာလည်း
နောက်ဆုံးမေးခွန်းကထွေးအန်မရမြိုမကျဆိုတော့
အသံတိတ်ဆုတောင်းမယ်လေ
သင့်မှာအမုန်းတွေ
ကုန်းကောက်စရာမရှိအောင်မွဲပါစေ
ထိုမွဲခြင်းအားဖြင့်ချမ်းသာပါစေ။

(သူ့ဖေ့စ်ဘွတ်ကနေ ယူပါတယ်)