Breaking News

နိုင်ငံပိုင်၊ တပ်ပိုင်နှင့် တရုတ်ဖက်စပ်ကုမ္ပဏီအချို့ အကျိုးအမြတ်ကို မထုတ်ပြန်

နိုင်ငံပိုင်၊ တပ်ပိုင်နှင့် တရုတ်ဖက်စပ်ကုမ္ပဏီအချို့ အကျိုးအမြတ်ကို မထုတ်ပြန်

တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်နေသည့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများသည် ပွင့်လင်းမြင်သာမှု လုပ်ငန်းစဉ်တွင် ပါဝင်ရမည်ဟု သမ္မတက ညွှန်ကြားထားသည်။

ဟေမာန်ပြည့် Myanmar NOW

(မိုးမခ) ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းလုပ်ငန်းခွင် (ဓာတ်ပုံ - ထက်ခေါင်လင်း / Myanmar Now)

နိုင်ငံပိုင် သတ္တုတွင်းလုပ်ငန်း၊ တပ်မတော်ပိုင် ကော်ပိုရေးရှင်း၊ ထိပ်တန်းပုဂ္ဂလိကလုပ်ငန်းများ ဖြစ်ကြသည့် မက်စ်(မြန်မာ) နှင့် ရွှေတောင်စသည့် ကုမ္ပဏီများအပါအဝင် ကုမ္ပဏီ ၄၁ ခုသည် အကျိုးအမြတ်ပိုင်ဆိုင်မှု အချက်အလက်များကြေညာသည့် ပုံစံကို အချိန်မီမတင်သွင်းခဲ့ဟု ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (M-EITI) ၏ ပထမအကြိမ် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ ဖော်ဆောင်ရေးလုပ်ငန်းစဉ်အရ ထွက်ပေါ်လာသည့် သုံးသပ်ချက်အစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (EITI) စံနှုန်းလိုအပ်ချက်နှင့်အညီ ကုမ္ပဏီပေါင်း ၁၆၂ ခုထံမှ ၎င်းတို့၏အကျိုးအမြတ်ရရှိပိုင်ဆိုင်သူများကို အွန်လိုင်းမှတစ်ဆင့် ဇန်နဝါရီလ ၁ ရက်နောက်ဆုံးထား ထုတ်ဖော်ပေးရန် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက M-EITI က တောင်းခံခဲ့ရာ ကုမ္ပဏီ ၁၂၁ ခုက အချက်အလက်များ အချိန်မီပေးပို့ခဲ့ပြီး ၄၁ ခုက မတင်သွင်းခဲ့ကြောင်း ထိုသုံးသပ်ချက်တွင် ဖော်ပြထားသည်။

အချက်အလက်အချိန်မီပေးပို့သည့် ကုမ္ပဏီ ၁၂၁ ခုအနက် ကုမ္ပဏီ ၈၀ သည်သာ ကိုက်ညီသည့် အချက်များကို အပြည့်အစုံတင်သွင်းခဲ့ပြီး ကျန်ကုမ္ပဏီ ၁၀ ခု၏ တင်ပြချက်များတွင် အမှားအနည်းငယ် (သို့မဟုတ်) ချန်လှပ်မှု အနည်းငယ်ပါဝင်ပြီး ကျန်ကုမ္ပဏီ ၃၁ ခု၏တင်ပြချက်များတွင်မူ ၎င်းတို့ အပေါ်ယုံကြည်မှုကို ယုတ်လျော့စေနိုင်သည့် ကွာဟချက်အတော်များများပါသည်ဟုလည်း ဆိုထားသည်။

အကျိုးအမြတ်ပိုင်ဆိုင်မှုဆိုင်ရာအချက်အလက်များ အချိန်မီမပေးပို့ခဲ့သည့် ကုမ္ပဏီ ၄၁ ခုထဲတွင် နိုင်ငံပိုင် အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ ထင်ရှားသည့် လုပ်ငန်းရှင် ဦးဇော်ဇော်ပိုင် မက်စ်(မြန်မာ) ထုတ်လုပ်မှုကုမ္ပဏီလီမိတက်၊ ဦးအိုက်ထွန်းပိုင် ရွှေတောင် သတ္တုတူးဖော်ရေး ကုမ္ပဏီတို့လည်း ပါဝင်သည်။



Combine.Jpg


အချက်အလက်ကြေညာသည့်ပုံစံအား အချိန်မီတင်သွင်းနိုင်ခြင်းမရှိခဲ့သည့် အဖွဲ့များ

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများအား ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အစီအစဉ် (MEITI) အရ သယံဇာတတူးဖော်သည့်ကုမ္ပဏီများအနေဖြင့် ရှာဖွေ တူးဖော် ထုတ်လုပ် ရောင်းချခြင်းအဆင့်တို့တွင် လိုင်စင်၊ ခွင့်ပြုမိန့်၊ စာချုပ်များ၊ အကျိုးအမြတ် ရရှိ ပိုင်ဆိုင်သူများ၏ တစ်ဦးချင်းပိုင်ဆိုင်မှုပမာဏ၊ မည်သို့ပိုင်ဆိုင်ထိန်းချုပ်နေသည် ဆိုသည့် အသေးစိတ်အချက်အလက်များ၊ နိုင်ငံရေးအရ ဩဇာတိက္ကမရှိသူများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ဖို့ တောင်းဆိုခဲ့သည်။

မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MEHL)၏ အကျိုးအမြတ်ရရှိ ပိုင်ဆိုင်သူများတွင် အကြီးတန်းတပ်မတော်အရာရှိများပါဝင်နေသော်လည်း နိုင်ငံရေးအရ ဩဇာတိက္ကမ ရှိသူများအဖြစ် တင်ပြထားခြင်းမရှိသည့်အတွက် ထင်ရှားသည့် ကွာဟချက်များ၊ အမှားများ ရှိနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုသို့ပါဝင်နေသည့်ကုမ္ပဏီများအနက် လက်ပံတောင်းကြေးနီစီမံကိန်းတွင် လုပ်ကိုင်နေသည့် မြန်မာဝမ်ဘောင်မိုင်းနင်းကော့ပါးလီမိတက်နှင့် စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီလုပ်ငန်းများတွင် မြှုပ်နှံနေသည့် မြန်မာယန်စီကော့ပါးလီမိတက်တို့ပါ၀င်နေပြီး ထိုကုမ္ပဏီများက “အကျိုးအမြတ် ရရှိ ပိုင်ဆိုင်သူမရှိ” ဟု ထုတ်ပြန်ထားသည်မှာ သံသယဖြစ်ဖွယ်ကောင်းသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

3.Jpg



သယံဇာတတူးဖော်ရေးကဏ္ဍအောက်မှ (ရေနံနှင့်သဘာဝဓါတ်ငွေ့တူးဖော်ထုတ်လုပ်ရေးနှင့် ဆက်သွယ်ပို့ဆောင်ရေး၊ သတ္တုတူးဖော်ရေး၊ ပုလဲထုတ်လုပ်ရေး၊ ကျောက်စိမ်းနှင့်ကျောက်မျက်) ကုမ္ပဏီများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များ ထုတ်ဖော်တင်ပြရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက ၂၀၁၉ အောက်တိုဘာ ၂ ရက်နေ့ရက်စွဲဖြင့် အမိန့်ကြေညာစာထုတ်ပြန်ခဲ့သည်။

သို့သော် ပိုင်ဆိုင်မှုဆိုင်ရာအချက်အလက်များ မထုတ်ပြန်ပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်မည် ဆိုသည့် အချက်မျိုး မပါဝင်သည့်အတွက် လိုက်နာဆောင်ရွက်မှု အားနည်းစေနိုင်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြသည်။

EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ အရပ်ဘက်ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက “သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ဝန်ကြီးဌာနအောက်မှာရှိတဲ့ အမှတ် (၂) သတ္တုတွင်း ကိုယ်တိုင်ကမဖြေထားပါဘူး။ ကုမ္ပဏီအကြီးကြီးတွေ မဖြည့်ထားပါဘူး။ ဒါသည်ရှင်းပါတယ်။ မလိုက်နာချင်လည်း မလိုက်နာလို့ရတယ်။ လိုက်နာချင်လည်း လိုက်နာလို့ရတယ်ဆိုတဲ့ ပုံစံမျိုးပေါက်နေတယ်” ဟု ထောက်ပြသည်။

ထို့ကြောင့် “(ပိုင်ဆိုင်မှုဆိုင်ရာ)ထုတ်ဖော်ကြေညာမှသာလျှင် လိုင်စင်ပေးမယ်။ ဒါမှမဟုတ် မဖော်ထုတ်ဘူးဆိုရင် လုပ်နေတဲ့လုပ်ငန်းတွေ သက်တမ်းရှိနေတဲ့ဟာတွေကို ရပ်နားထားမယ် ဆိုတာမျိုးသော်လည်းကောင်း၊ အမိန့်ညွှန်ကြားချက်တွေ ထွက်တယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန်နဲ့ အကောင်အထည်ဖော်နိုင်မယ်” ဟု သူကအကြံပြုသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် EITI အဖွဲ့ဝင်နိုင်ငံလောင်း တစ်နိုင်ငံဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ EITI (M-EITI) သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ကို ၂၀၁၇ ခုနှစ် မတ်လတွင် အစိုးရကိုယ်စားလှယ်နှင့် ပုဂ္ဂလိကကိုယ်စားလှယ် ခုနစ်ဦးစီ၊ အရပ်ဘက်ကိုယ်စားလှယ် ကိုးဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် EITI အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။