Breaking News

အီရန် ဒုသမ္မတကို Covid-19 ကူးစက်ခံရ၊ အမေရိကန်စတော့ရှယ်ရာတွေ ပြုတ်ကျ


အီရန် ဒုသမ္မတကို Covid-19 ကူးစက်ခံရ၊ အမေရိကန်စတော့ရှယ်ရာတွေ ပြုတ်ကျ

မောင်လူ ပေ (မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀

အီရန်ကတော့ Covid-19 အဆုတ်ရောင်ရောဂါကူးစက်ခံရမှုမှာ အတော်ကြီးဆိုးဝါးနေပုံပဲ။ တရုတ်ပြည်ပြင်ပမှာ အချိန်တိုအတွင်းဒီရောဂါကြောင့် အသေအပျောက်အများဆုံးစံချိန်ကို တင်ထားတဲ့အပြင် အစိုးရအဖွဲ့ဝင်တွေကိုယ်တိုင် ကူးစက်ခံနေရတယ်။ အရင်နှစ်ရက်လောက်က ကျန်းမာရေးဒုဝန်ကြီးကို ကူးစက်ခဲ့တယ်။ အခုနောက်ဆုံးသတင်းအရတော့ အီရန်ရဲ့ အမျိုးသမီးနဲ့ မိသားစုရေးရာ ဒုတိယသမ္မတ(Vice President of Iran for women and Family Affairs) မှာပါ ​ရောဂါရှိနေပါပြီ။

တစ်ရက်အတွင်း ရောဂါသည်တစ်ရာကျော်ထပ်တိုးလာပြီး (၂၄၅)ဦး ရှိသွားတဲ့အပြင် သေဆုံးသူစုစုပေါင်း(၂၆)ဦးရှိလာပြီဖြစ်တဲ့အီရန်ဟာ အခုအခါမှာတော့ တရုတ်လူမျိုးများအားလုံးကို ပြည်ဝင်ခွင့်ပိတ်လိုက်ကြောင်း ကြေညာခဲ့တယ်။ မြို့တော် တဟီရန်အပါအဝင် နိုင်ငံတဝှမ်းလုံးမှာ ကျင်းပမဲ့ မွတ်စလင်ထုံးစံဖြစ်တဲ့ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲကိုပါ ဖျက်သိမ်းခဲ့ပါတယ်။

အီရန်၊ အီတလီနဲ့ တောင်ကိုးရီးယားတို့မှာ ကူးစက်မှုတွေမြင့်မားနေဆဲဖြစ်သလို နိုင်ငံပေါင်း(၄၀)အထိ ပျံ့နှံ့သွားပြီဖြစ်တဲ့ ဒီရောဂါဟာ ကမ္ဘာ့စီးပွားရေးကိုပါ ကြီးမားတဲ့ ရိုက်ခတ်မှုရှိနေပြီ။ ကမ္ဘာ့ကပ်ရောဂါအသွင်ကိုပြောင်းလဲသွားခဲ့ရင် စီးပွားရေးအခြေအနေကို ထိခိုက်စေမှာအမှန်။ အခုတောင် အတော်ထိခိုက်နေပြီ။ တရုတ်ပြည်ရဲ့စီးပွားရေးအခြေအနေကို ဆွဲချပြီးတဲ့နောက် အမေကန်ပြည်ထောင်စုရဲ့ စတော့စျေးကွက်ကိုပါ သုံးရက်မြောက်နေ့အဖြစ် ဆွဲချခဲ့တယ်။

Dow Jones အညွှန်းကိန်းဟာ ပထမနှစ်ရက်မှာ ၁၉၀၀ လောက်ဆင်းခဲ့သလို၊ ဒီနေ့မှာ ၁၂၀၀နီးပါး စံချိန်တင်အောင် ထပ်ကျခဲ့ပြန်တယ်။ သုံးရက်တာအတွင်းမှာ အမေရိကန်ဒေါ်လာနှစ်ထရီလီယံကျော်( ဒေါ်လာဘီလီယံနှစ်ထောင်ကျော်) စျေးကွက်ထဲက ပျောက်ကွယ်သွားခဲ့တယ်။ စတော့စျေးတွေ ထိုးတက်ထားတဲ့အတွက် စျေးမှန်ပြင်တဲ့အခြေအနေလို့ ဆိုကြတယ်။

မနေ့ကမှ သမ္မတထရန့်ကိုယ်တိုင်ထွက်ပြီး ရောဂါကာကွယ်ရေးလုပ်နေပါကြောင်း အစီရင်ခံခဲ့သေးတယ်။ ဒီနေ့စံချိန်တင် ထပ်ဆင်းပြန်တယ်။ အမေရိကန်ပြည်ထောင်စုမှာ ရောဂါဖြစ်နေသူ တရားဝင်စာရင်း(၆၀)ဦးရှိပြီး အများစုက စိန်မင်းသမီးအပျော်စီးသင်္ဘောပေါ်က လူတွေဖြစ်တယ်။ ကယ်လီဖိုးနီးယားမြောက်ပိုင်းက ဆိုလားနိုးမြို့နယ်မှာ အမေရိကန်နိုင်ငံတွင်း အချင်းချင်းကူးစက်ခံရသူလို့ ယူဆရသူတစ်ဦး စတွေ့ထားတယ်။ သူဟာ ဘယ်နိုင်ငံမှ ခရီးမထွက်ခဲ့ဘူး။ ဘယ်ကနေ ကူးစက်ခဲ့တယ်ဆိုတာလည်း မသိဘူး။ ဒီရောဂါဟာ အလွန်ကူးစက်လွယ်တဲ့အတွက် သူ့လိုမသိလိုက်ပဲ ကူးစက်ခံရသူတွေ ရှိနေမယ်လို့ ယူဆကြတယ်။

ကူးစက်လွယ်တဲ့ သာမန်တုတ်ကွေးရောဂါက သေဆုံးမှုနှုန်း ၀.၁% (တစ်ထောင်မှာတစ်ယောက်) ရှိတယ်။ ဒီရောဂါက သေဆုံးမှုနှုန်း၂% (တစ်ထောင်မှာ နှစ်ဆယ်)ကျော် ရှိတယ်။ သာမန်တုတ်ကွေးထက် အဆပေါင်းနှစ်ဆယ်ကျော် သေဆုံးမှုရှိနိုင်တယ်။ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မှီမရပါက ပိုဆိုးမယ်။

ဒီနေ့နောက်ဆုံးစာရင်းအရ

ရောဂါဖြစ်သူပေါင်း ရှစ်သောင်းသုံးထောင်ကျော်(၈၃၁၀၅)
သေဆုံးသူပေါင်း(၂၈၅၂)
​အသဲအသန်လူနာ(၈၄၇၂) (၁၉%ရှိ)
လက်ရှိရောဂါဖြစ်နေဆဲ(၄၃၇၂၂)
ပျောက်ကင်းသူ(၃၆၅၂၅)