Breaking News

မင်နီရှဲလ် - လောကနိဗ္ဗာန် အခန်းဆက်များ (၅)

Khin Lunn (FB)


မင်နီရှဲလ် - လောကနိဗ္ဗာန် အခန်းဆက်များ (၅)

(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀

(၁၅)

မင်္ဂလာဆောင်ကိစ္စပြီးတော့ဇွန်လထဲမှာ စိတ်မကောင်းစရာ နာရေးတစ်ခုနဲ့ကြုံရတယ်၊ တခြားတော့မဟုတ်ပါဘူး ဦးစိုးနိုင်ဘက်ကတူတစ်ယောက်ဖြစ်တဲ့ အောင်အောင်ရဲ့မိန်းမဖြူလေး ဆုံးသွားရှာတယ်။ ဦးစိုးနိုင်ဘက်မှာတူ၊ တူမသိပ်မရှိလှတော့ ရှားရှားပါးပါးဒီတူလေးကိုပဲလှမ်းခေါ် မြေတောင်မြှောက်ပေးရတာ၊ အောင်အောင်ကဦးစိုးနိုင်လိုမဟုတ်ဘူး၊ လိမ္မာရေးခြားရှိတယ်၊ ရိုသေမှုရှိတယ်၊ လူတွေကိုကြောက်တတ်တယ်လို့တောင် ပြောလို့ရတယ်။ သူ့မိန်းမလေးကကင်ဆာနဲ့ ငယ်ငယ်ရွယ်ရွယ်ဆုံးသွားတာ။

အခုလိုနာရေးကိစ္စဖြစ်တော့ သူ့အပေါ်မှာကျေးဇူးရှိတဲ့၊ သူ့ကိုကျောင်းသားဗီဇာရအောင်လုပ်ပေးခဲ့တဲ့သူ့ ဦးလေးကိုဖိတ်ရတာပေါ့။ သူ့အနေနဲ့ကလဲပြီးခဲ့တဲ့နှစ်အတွင်းမှာ သူ့မိန်းမဖြူလေးနေမကောင်းတာတင် အလုပ်တွေရှုပ်နေခဲ့တော့ သူ့ဦးလေးဘာတွေဖြစ်နေလဲဆိုတာလဲ သိပ်ဂရုမစိုက်နိုင်ခဲ့ဘူး။ အောင်အောင်ကသူ့မိန်းမဖြူလေးကို သိပ်ချစ်ရှာတာ၊ ဒါပေမယ့်သူတို့ကိုကျတော့လဲ ကံကြမ္မာကအိုအောင်မင်းအောင် ပေါင်းရဖို့မျက်နှာသာမပေးဘူး။

အောင်အောင်က မာလာကိုလဲဖိတ်တယ်။ ဖြူလေးကအရင်တုန်းက မာလာဆီမှာလူနာပါ၊ ဘာရောဂါမှမရှိခင်တုန်းက ကလေးတားဆေးတွေဘာတွေပေးရတယ်၊ တစ်နှစ်တစ်ခါ သွေးဖောက်စစ်တာတို့ဘာတို့လုပ်တယ်။ အဲ့ဒီလိုကနေအကျိတ်တွေ့လို ပေါ့ပေါ့ဆဆမနေဖို့ပြောပြီး သွေးစစ်တော့မှကင်ဆာတွေ့ရတာ။ အလုပ်အကိုင်တွေအခြေတကျဖြစ်ပြီးရင် ၊ သားလေး‌တစ်ယောက်၊ သမီးလေးတစ်ယောက်လိုချင်တယ်ဆိုတဲ့ ချစ်စရာကောင်မလေး၊ အခုတော့လူ့လောကထဲမှာ မရှိရှာတော့ဘူးပေါ့။

နာရေးကိစ္စဆိုတော့ ဘုန်းကြီးကျောင်းမှာပဲအကျဉ်းရုံးပြီးလုပ်တာပါ။ ဘယ်သူ့ကိုမှသိပ်မဖိတ်လှဘူး။ ဦးစိုးနိုင်နဲ့စတယ်လာ၊ မာလာတို့လင်မယား၊ ကွန်ပျူတာအလုပ်ရဖို့အကြံပေးဖူးတဲ့ လူပျိုကြီးဦးဇံဇံ၊ တခြားမြန်မာလူငယ်လေးတွေ၊ တချို့ကိုတစ်ခါမှမမြင်ဖူးဘူး၊ သူတို့ထဲကတစ်ယောက်ကအရင်လထဲကမှသင်္ဘောပေါ်က ခုန်ဆင်းလာတာဆိုလားပဲ။ အောင်အောင် သူငယ်ချင်းတွေဆိုတော့ သူ့လိုပဲ ယဉ်ယဉ်ကျေးကျေး လေးတွေ များတယ်၊ အေးလေ ဒီကိုရောက်ခါစဆိုတော့လဲ အလုပ်အဆင်မပြေသေး၊ မအောင်မြင်သေး၊ ပိုက်ဆံမရှိသေးဆိုတော့ ရိုရိုကျိုးကျိုးရှိတာလဲဖြစ်ရင်ဖြစ်မှာပေါ့။

မသင်းကတော့ သူ့ကို မဖိတ်ပေမဲ့ စိတ်ဝင်စားလို့စပ်စုချင်တာရယ်၊ ကျောင်းမှာ လုပ်စရာ ဝေယျာ ဝစ္စတွေရှိနေတာရယ်နဲ့ ရောက်နေတယ်။ စိုစိုးကတော့ ဆရာတော်ကဗူးပင်စိုက်ရေး ပရောဂျက်မှာ တာဝန်ချထားတော့ကျောင်းကို ရောက်နေတယ်။ သူ့ကိုဓာတ်ပုံထဲမှာ အန်တီအေးကို ပခုံးဖက်ထားတာတွေ့ရတော့ ဦးစိုးနိုင်က သိပ်မကြည်ဘူး၊ ဒါပေမဲ့ စိုးစိုးက တော့ ဘာမှတောင်မသိရှာဘူး၊ သူ့ဟာသူ လုပ်စရာရှိတာလုပ်နေတယ်။

မာလာတို့နဲ့ အတူအဖိတ်ခံရတာကတော့ အထူးကုဆရာဝန်ကြီးကိုပေါ်ဦး ပါ။ ဖြူလေးနေမကောင်းဖြစ်တုန်းက သူလဲတကယ့်ကိုဂရုတစိုက် ကုသပေးခဲ့တာပါပဲ။ ကိုပေါ်ဦးကဘုန်းကြီးကျောင်းတွေ ဘာတွေသိပ်မလာဖြစ်တာ များတယ်။ ပြောလိုက်ရင်သူ့မှာလူနာတွေနဲ့ အရမ်းအလုပ်ရှုပ်နေတာနဲ့၊ ဂျူတီတွေကျနေတာနဲ့၊ ဆေးရုံမှာကွန်ပျူတာစနစ် စသုံးတော့အဲဒါကြောင့် မအားဘူးဆိုတာနဲ့ ဆင်ခြေဆင်လက်မျိုးစုံပဲ။ အဲဒါပေမဲ့မွေးနေ့ပွဲတို့၊ ညစာစားပွဲတို့၊ သင်္ကြန်ပွဲတို့ဆိုရင်တော့တွေ့ရတတ်တယ်။ ဘောလုံးပွဲတွေဘာတွေ သွားကြည့်ဖို့လဲအချိန်ရှိတယ်။ နောက် ကိုပေါ်ဦးကငယ်ငယ်ထဲက စာတော်တော့ဘယ်သူ့ကိုမှသိပ်အထင်မကြီးဘူး၊ ဘုရားသားတော်ဖြစ်တဲ့သံဃာတော်တွေ ကိုတောင်ကိုပေါ်ဦးတို့က ဘယ်လိုဘုန်းကြီးမျိုးမှ ကိုးကွယ်တာဆိုတာမျိုးကလာသေးတယ်။ တကယ်တော့ရဟန်းသံဃာဆိုတာအိမ်ရာထူထောင်လူတို့ဘောင်မှာနေတဲ့ လူသာမန်တွေထက် အများကြီး မြင့်မြတ်တာပဲ။ အဲဒါကိုကိုယ်ပေါ်ဦးက‌ဈေးစစ်ချင်သေးတယ်။ မိန်းမကဘာသာခြားနဲ့ရတော့ ပိုဆိုးတာပေါ့။ ဒါပေမယ့်သူ့မိန်းမ မရှယ်လီကတော်ရှာပါတယ်။ ကိုပေါ်ဦးကိုဘာမှမချုပ်ချယ်ပါဘူး။ ကိုပေါ်ဦးလှုချင်တန်းချင်ရင်လည်းမတားပါဘူး။ ဒါပေမဲ့မိန်းမကဖြစ်နေတော့ ကိုပေါ်ဦးကိုပဲ့ပြင်ထိန်းကျောင်းပေးနိုင်ခြင်းတော့မရှိဘူးပေါ့။ ဗုဒ္ဓဘာသာနဲ့ပိုပိုဝေးသွားတာပေါ့။

သူတို့မှာသမီးလေးတစ်ယောက်ရှိပေမယ့် အခုတော့ ဟားဗတ်လား၊ ယေးလ်လား၊ ဘယ်ကိုလဲမသိဘူးသွားပြီ။ သမီးလေးကလည်း ဘာသာရေးအသိ၊ လူမူရေးအသိသိပ်မရှိတော့ဘူး၊ ဘုန်းကြီးအတွက် ဦးချထားတဲ့သစ်သီးတွေမြင်ရင် စားရင်စားပစ်လိုက်တာလေ။ လူငယ်တယောက်ဟာဘယ်လောက်ပဲ ဟားဗတ်ရောက်အောင်တော့နေပါစေ၊ ဒါမျိုးအသိဉာဏ်မရှိရင်၊ ကုသိုလ်နဲ့ အကုသိုလ်မှခွဲမသိရင်၊ လူ့ဘဝမှာမဂ္ဂင်ရှစ်ပါးနဲ့ ဘယ်လိုရပ်တည်ရမလဲဆိုတာ မသိရင်အလကားပဲပေါ့။ ကိုပေါ်ဦးကတော့ဒါတွေနားလည်ချင်မှနားလည်မယ်။ သူ့ကိုသူငယ်ချင်းတွေက အမတ်ကြီးဦးပေါ်ဦးတဲ့၊ ဆင်ခြေဆင်လက်တွေနဲ့အလျှောက်ကောင်းလို့လေ။

ကိုပေါ်ဦးလာတော့ ကိုမျိုးကဦးစိုးနိုင်ကိုဂရုမစိုက်ပဲ ကိုပေါ်ဦးနဲ့ဆေးရုံတွေအကြောင်း၊ ကျန်းမာရေးအာမခံစနစ်တွေ အကြောင်းစကားပြောနေတယ်။ ဇံဇံကတော့မသင်းနဲ့အတူ ကျောင်းကိုရှင်းလင်းတယ်၊ ဘာတွေလိုသလဲကြည့်တယ်၊ မကြာခင်ဝါဆိုသင်္ကန်းကပ်ပွဲက လာတော့မှာကိုး။

စတယ်လာကတော့ သူ့ဟာသူအနေရကျပ်လို့လားဘာလဲမသိဘူး။ ခြံထဲမှာသွားပြီးစိုးစိုးနဲ့စကားပြောနေတယ်။ ဖုန်းနံပါတ်တွေဘာတွေ ယူနေတဲ့ပုံရှိတယ်။ ဦးစိုးနိုင်ကလှမ်းမြင်နေရတော့ စိတ်ထဲမှာသိပ်မသင်္ကာဘူး။

ဆွမ်းမစားခင် လူတွေကိုတရားဟောတော့ထုံးစံအတိုင်း ငါးပါးသီလယူထားရတာပေါ့။ ကိုစိုးနိုင်နဲ့စတယ်လာကတော့ ခပ်တည်တည်ပဲငါးပါးသီလယူကြလေရဲ့။ ဦးစိုးနိုင်ကလည်း နေရာယူတတ်သူဆိုတော့ ထိပ်ဆုံးမှာရေစက်ခွက်ကိုင်ထားတယ်။ မသင်းကတော့ ကြားထဲက ယိုသူမရှက်မြင်သူရှက်ဆိုတာ ဒါမျိုးနေမှာပဲလို့တွေးနေတယ်။

ကိုမျိုးကတော့ဇံဇံကို တတိယအရွယ်၏ဒုတိယ‌ဝေဒနာပေါ့ဗျာတဲ့။ ပြီးရင်ပထမသင်္ချိုင်းလာတော့မယ် ထင်တယ် ဟီဟိတဲ့။ အဲဒီအချိန်မှာပဲ လူတွေတအားလန့်အော်သံကြားရတယ်။

ဒင်နီရယ်ရဲ့ကြောင်တစ်ကောင်ကပါးစပ်ထဲမှာ မြွေအသေးတစ်ကောင်ကိုက်ပြီး ဆရာတော်တရားဟောနေတဲ့ နေရာရောက်လာလို့လေ။ သူတို့ကဆရာတော်ကိုခင်နေတာဆိုတော့ သူတို့တွေ့တာတွေ ယူလာပြတာနေမှာပေါ့။ မာလာကတော့ ဒါဟာနတ်မိတ်မကောင်းဘူးထင်တယ်လို့ မဆီမဆိုင်တွေလျှောက်တွေးနေတယ်။

မသင်းက သရဲတွေဘာတွေမ‌ကြောက်တတ်ပေမယ့်၊ မြွေတော့ကြောက်တယ်။ အဲဒီတော့ အသံပြဲကြီးနဲ့လန့်အော်တာပေါ့။ ဒါနဲ့ ကြောင်ကိုအပြင်ကို မောင်းထုတ်ရတယ်။ ကားဂိုဒေါင်တံခါးက အမြဲဖွင့်ထားတော့ အဲဒီဘက်ကဝင်လာတာပေါ့။ ဆရာတော် မှာ ကားမရှိပါဘူး။ ကားဂိုထောင်ထဲမှာ စတိုခန်းသဘောမျိုးပစ္စည်းပစ္စယတွေထားတာပါ။

မသင်းက စစ်ပြန်ကြီးနေသွားတဲ့အိမ်ကိုတောင် စျေးပေါရင်ဝယ်မလားစိတ်ကူးနေတယ်။ သတ်သေသွားတဲ့စစ်ပြန်ကြီးမှာ သားတစ်ယောက်ပဲရှိပြီး ဒီမြို့မှာမနေဘူးလေ။ အမွေဆိုင်ကိစ္စတွေဘာတွေလဲ ရှိမှာမဟုတ်ဘူး။ ဘုန်းကြီးကျောင်းနဲ့ကပ်ရက်က အိမ်ကို ဝယ်လိုက်ပြီး နေ့ကလေးထိန်းဌာနအသေးလေးမျိုး လုပ်မလားလို့။ လူတွေရှိနေသရွေ့ ကလေးတွေမွေးနေကြမှာပဲ၊ အဲဒါဆိုမသင်းအမြဲအလုပ်ရှိနေမယ်။ အိုးမကွာအိမ်မကွာလုပ်လို့ရတယ်။ ဆရာတော်နဲ့လည်း အနီးကပ်နေလို့ရမယ်။ လူသေထားတာပေမယ့် သရဲတွေဘာတွေမကြောက်တတ်ပါဘူး။ အန်တီအေးလည်းကလေးလာထိန်းပေးလို့ရတယ်။ သူကကားမမောင်းတတ်တာကတော့ဒုက္ခပေါ့။ မသင်းကစိတ်ကူးတွေယဉ်ကြည့်နေတာပါ။ ကိုလတ်နဲ့တောင်မတိုင်ပင်ရသေးဘူး။ မြန်မာပြည်က တူမတွေ ခဏတဖြုတ်ခေါ်ထားရင်လည်းပဲသူတို့ ကူပေးနိုင်တာပဲ၊ ဒါပေမယ့်ဒီကောင်မတွေက လက်ကြောတင်းအောင်အလုပ်လုပ်ဖို့က မသေချာဘူး၊ လည်ဖို့၊ ပတ်ဖို့၊ ပျော်ဖို့၊ ပါးဖို့၊ အထူးအဆန်းတွေစိတ်ဝင်စားဖို့၊ ရှောပင်ထွက်ဖို့လောက်ပဲ စိတ်ရှိမှာဆိုတော့မဖြစ်ပါဘူးလေ။

တရားနာရေစက်ချပြီး၊ ပရိတ်သတ်တွေစားသောက်ကြပြီး၊ ဦးစိုးနိုင်တို့စုံတွဲလည်း ကြာကြာမနေဘဲပြန်သွားတယ်။ ခြံထဲမှာအလုပ်ရှုပ်နေတဲ့စိုးစိုးကတောင် နှုတ်ဆက်သေးတယ်။ ဦးစိုးနိုင်က မင်္သကာစိတ်နဲ့သူ့ကောင်မကိုစစ်မေးတော့ ခင်စန်းလင်း (ခ) စတယ်လာကထုံးစံအတိုင်း ပျစ်ချွဲချွဲအသံနဲ့ ဒေသကောလိပ်ကျောင်းအကြောင်း မေးကြည့်ဖို့ ဖုန်းနံပါတ်ယူထားတာပါတဲ့။

ကျောင်းမှာကျန်ရစ်ခဲ့တဲ့ မသင်းတို့လူသိုက်ကတော့ အတင်းပြောနေကြတယ်။ အောင်အောင်ကမကောင်းတတ်လို့ ဖိတ်ရတာ သူတို့စုံတွဲလာဖြစ်သွားတယ်ဆိုပြီး။ အန်တီအေးနဲ့ သူ့သမီးတွေကတော့မလာဘူး။ ဒါပေမယ့်အဲဒီကတော်ရှာပါတယ်။ အောင်အောင့်အလှုအတွက် ဟင်းနှစ်ပွဲလောက်ချက် ပေးပြီး မနက်အစောကြီးထဲက စိုးစိုးကတစ်ဆင့်ပို့ထားပေးတာလေ။ ဟိုမှာကအပူနဲ့ဆိုတော့ ဟင်းတွေဘာတွေဘယ်စီစဉ်နိုင်ရှာမလဲ။

ဇာနီညွှန့်တို့အဖွဲ့ကလည်း ထမင်းစားချိန်လောက်အချိန်ကိုက်ပြီး ရောက်လာကြတယ်။ စိုးစိုးနဲ့အတူ‌ဗူးပင်စိုက်ပျိုးရေးပရောဂျက်စီမံကိန်းမှာ ဝင်ကူပေးကြတယ်။ နောက်ဘဝတွေလည်း ရေစက်ဆုံကြတာပေါ့တဲ့၊ လုပ်ပေးတာလေ။ သူတို့ကဘာပဲဖြစ်ဖြစ်ယောက်ျားတွေဆိုတော့ ယောကျာ်းတွေလုပ်တဲ့ခွန်အားဗလ အားကိုးရတဲ့အလုပ်တွေလုပ်နိုင်တာပဲ။ ဟို တရားလာထိုင်တတ်တဲ့ လူဖြူ‌ဂေးယောက်ျားလျှာအမျိုးသမီးနှစ်ယောက် ကတော့မတွေ့ရတာကြာပြီ။ သူတို့ထဲက တစ်ယောက်က ရင်သားကင်ဆာဖြစ်လို့တဲ့၊ အေးလေ၊ ဘယ်လောက်ပဲ ကျားကျားယားယားယောက်ျားစိတ်ဝင်နေပေမဲ့လည်း မိန်းမခန္ဓာကိုယ်နဲ့ဆိုတော့ မိန်းမရောဂါတွေရတာပေါ့။ လောကကြီးမှာကြုံရတာတွေ ပြောပါတယ်နော်။

(၁၆)

ဒီလိုနဲ့ဝါဆိုသင်္ကန်းကပ်ပွဲရောက်လာတယ်။ ဗုဒ္ဓနေ့ထက်တော့ လူတွေကများကြပါတယ်။ ဝါဆိုသင်္ကန်းကပ်ရမယ်ဆိုတဲ့ အသိလေးနဲ့လားကြရပါတယ်။ ဇူလိုင်လဆိုတော့ ရာသီဥတုကပူပြီလေ။ ဆရာတော်ကကျောင်းကငွေစိုက်ထုတ်ပြီး အစားအသောက်အော်ဒါမှာလို့ရတဲ့ မတူးမာဆီက ဟင်းနှစ်ခွက်မှာခိုင်းတယ်။ ဦးစိုးနိုင်တို့စုံတွဲက ဝါဆိုသင်္ကန်းပွဲမတိုင်ခင်ညကလာပြီး‌ငွေလှုသွားတယ်၊ လူတွေများမယ့်နေရာကို သူတို့လာလို့မဖြစ်သေးဘူးဆိုတာ သင်ခန်းစာရထားတဲ့ထင်ပါရဲ့။

မာလာတို့ကပင်လယ်ကမ်းခြေကို ဗေကင်းရှင်းသွားနေတော့ ဝါဆိုသင်္ကန်းမတိုင်ခင် ညကမှပြန်ရောက်တယ်။ ဇံဇံကတော့ထုံးစံအတိုင်း ညဘက် ဒီတစ်ခါအလုပ်ဆင်းနေရတော့ ဟင်းမချက်နိုင်ဘူး။ မသင်းက ဟင်းသီးဟင်းရွက်ကြော်နဲ့ ခရမ်းချဉ်သီးငါးပိချက်ယူလာတယ်၊ နွေရာသီနဲ့အလိုက်ပေါ့။ ဘေးဘက်ခြံကစစ်ပြန်အဖိုးကြီးအိမ်က ရောင်းရန်ဆိုတဲ့ဆိုင်းဘုတ်တင်ထားပြီမို့ အိမ်ပွဲစားနဲ့ချိန်ပြီးသွားကြည့်လို့ရပြီ။ အထဲတွေဘာတွေကဘယ်လိုရှိသလဲမသိဘူးလေ၊ အိပ်ခန်းကသုံးခန်းပါတယ်၊ မြေအောက်ခန်းပါသေးတယ်၊ ဆရာတော်ဆီ ဧည့်သည်တွေဘာတွေ လာရင်လည်း တည်းလို့ရမယ်လို့ မသင်းကစိတ်ကူးတွေယဉ်နေတယ်။

အန်တီအေးမျက်နှာကသိပ်မကောင်းဘူး၊ ဒီနေ့ပိုပြီးမှိုင်နေသလိုပဲ။ ဟန်ဆောင်ပြီးပြုံးပြနေရတာ ဆိုတော့လည်းမျက်လုံးတွေကအသက်မပါဘူး။ အခုတလော အန်တီအေးအိပ်မက်တွေသိပ်မကောင်းဘူး။ အိမ်မက်ထဲမှာ ကိုစိုးနိုင်ချောက်ထဲကို ပြုတ်ကျသွားတယ်လို့မက်တယ်။ တခါတလေလည်းမုန်တိုင်းထဲမှာရောက်နေပြီး ကိုစိုးနိုင် တခြားကိုလွင့်ပါသွားတယ်လို့မက်တယ်။ အိပ်မက်မက်တိုင်းလည်း လန့်နိုးလာပြီး ပြန်မှတ်မိနေတော့ဘယ်နှယ့်လုပ်မလဲ။ အိမ်မက်မက်တဲ့အကြောင်းလည်း တခြားလူတွေကိုဘယ်လိုလိုက်ပြောနေလို့ဖြစ်မလဲ။ ဒီတော့လန့်နိုးလာရင်ဘုရားရှိခိုး၊ ပုတီးစိတ်ပေါ့။

ဒီနေ့က တစ်ခြားအနီးအနားကျောင်းတွေက ဆရာတော်တွေကိုလည်း ဖိတ်တော့နဲနဲပိုအလုပ်များတယ်။ အမှားအယွင်းမရှိအောင် သတိထားရတယ်။ ဆွမ်းပန်းကန်၊ ဇွန်းခက်ရင်း၊ ဟင်းရည်သောက် ကြွေဇွန်း၊ လက်သုတ်ပုဝါ၊ ဟင်းချိုပန်းကန်၊ ရေနွေးကြမ်းပန်းကန်၊ အချိုပွဲစားဖို့ ပန်းကန်ပြားစသဖြင့်ကြိုပြင်ထားရတယ်။ တချို့ဆရာတော်တွေက ကားမောင်းနိုင်တော့ သွားရေးလာရေးပူစရာမလိုဘူး။ ကားမမောင်းတဲ့ကိုယ်တော်တွေကိုတော့ စိုးစိုးပဲသွားပင့်ရတယ်။ ဝါဆိုပွဲတို့၊ ကထိန်ပွဲတို့ဆိုရင် အနီးအနားကဆရာတော်တွေကိုလည်း ဖိတ်တယ်လေ။ တခါတလေလည်း မြန်မာပြည်ကဆရာတော်တွေဘာတွေ ခဏတဖြုတ်ကြွလာတာရှိရင်လည်း ရှိတတ်တယ်။ တချို့လည်းဒီနိုင်ငံမှာပဲ ဝါဆိုပြီး ဝါကျွတ်မှပြန်ကြတယ်။ ဒီမှာကဒီအချိန် ရာသီဥတုကကောင်းတော့ လည်လို့ ပတ်လို့ ခရီးထွက်လို့ကောင်းတယ်လေ။

တခြားကျောင်းက ဆရာတော်တွေကြွလာတော့ သူတို့နဲ့အတူ တခြားဒေသကလူတွေလည်းပါလာတတ်တယ်။ တစ်ချို့တွေကတော့ ဆရာတော်တွေကို ကားမောင်းပို့တာပေါ့။ တချို့ကတော့အပျင်းပြေသဘောမျိုးနဲ့ ကုသိုလ်လည်းရအောင်လိုက်လာတာ။ တစ်ချို့ကျတော့လည်း အဆက်အသွယ်ရအောင်ရှာကြတာ၊ ဥပမာ-ဆရာဝန်အလုပ်ရဖို့ စောင့်နေတဲ့သူတွေဘာတွေက ဒီမြို့မှာလာပြီး အလုပ်အကိုင်နဲ့ အသိ‌တွေရှာရင်ရှာမယ်။ ဆရာဝန် (အလုပ်သင်) အလုပ်မရခင်ကတော့ မျက်နှာတွေကချိုလို့၊ လူတိုင်းကို ‘ဆရာ’ ‘ဆရာမ ‘ ‘ မမ ’ ခေါ်ရင်ခေါ်မယ်။ အလုပ်လည်းရပြီးလို့ ဒီနိုင်ငံမှာဆရာဝန်လည်းဖြစ်သွားရော၊ လမ်းမှာတွေ့ရင်တောင် အရေးမလုပ်ပဲနေလိုက်မယ့် သူတွေလည်းရှိတယ်။ အေးလေ ကျေးဇူးသိတတ်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ နော့။

တချို့ကတော့ စီးပွားရေးစျေးကွက်ရှာချင်လို့လည်း ဘုန်းကြီးကျောင်းလာတတ်ကြသေးတယ်။ ဘုန်းကြီးကျောင်းမှာအလှုရှိလို့ လူစုလူဝေးရှိပြီဆိုရင် သူတို့ကြော်ငြာစာရွက်တွေ၊ ကတ်ပြားတွေဝေပြီ။ အဲဒါလည်းပဲအပြစ်ဆိုစရာမဟုတ်သေးပါဘူး။ ဈေးကွက်ဆိုတာရှာရမှာပဲ၊ ကိုယ့်မြန်မာအချင်းချင်းအားပေးရမှာပဲ။ ဒါပေမယ့် ဇွတ်အတင်းကြီးဝယ်ခိုင်းတာမျိုးတို့၊ သူများအပေါ်အမြတ်ထုတ်တာမျိုးတို့၊ အထူးသဖြင့် ဘုန်းကြီးကျောင်းအပေါ်မှာ အမြတ်ထုတ်တာမျိုးတို့ဆိုရင်တော့ လောဘပါတယ့်စီးပွားရှာနည်း မျိုးဖြစ်သွားပြီ။ ဆရာတော်ဆီကိုလာပြီး သူတို့တယ်လီဖုန်းကုမဏီကို ပြောင်းပါလားလို့၊ သူတို့ မီတာ ကုမ္မဏီ၊ မီးကုမ္ပဏီကို ပြောင်းပါလားတို့ စသဖြင့်လာလာပြီး သူတို့လိုချင်တဲ့ဂွင်ထဲဝင်အောင် လုပ်တဲ့သူတွေကရှိသေးတာ။ ဘုန်းကြီးကျောင်းအဆင်ပြေဖို့ထက် သူတို့အိတ်ကပ်ဖောင်းဖို့က ပိုအဓိကကျတယ်လေ။ ဒါမျိုးတွေကျတော့ ဆရာတော်ကလုံးဝလက်မခံဘူး။ စီးပွားရေးလုပ်တာ သမာအာဇီဝဖြစ်ပစေပေါ့။ ဝိသမလောဘ၊ သူများကိုအသုံးချပြီး၊ မတော်မတရား‌ငွေမရှာသင့်ဘူး။

ဒီတခါတော့ဝါဆိုသင်္ကန်းကပ်ပွဲမှာ ဆရာတော်ဦးဝိမလတရားမဟောဘဲ မြန်မာပြည်က ခဏကြွလာတဲ့ဆရာတော်ကြီးတစ်ပါး တရားဟောတယ်။ အဓိကကတော့ရခဲလှတဲ့လူ့ဘဝ ရလာခိုက်မှာ မေ့မေ့လျော့လျော့ပေါ့ပေါ့ဆဆမနေကြဖို့ပဲ။ ဒါပေမယ့် လူဘယ်နှစ်ယောက်လောက်က တကယ်သဘောပေါက်ကြသလဲတော့မသိဘူး။ သင်္ကန်းတွေကပ်ကြတော့ ဦးစိုးနိုင်နှင့်မိသားစုမှ သင်္ကန်းနှစ်စုံဆိုတော့ လူတွေကခပ်တိုးတိုးရယ်ကြတယ်။ သူ့ကောင်မနာမည်ကိုထည့်လို့မရဘူးလေ။

သင်္ကန်းတွေကနှစ်စဉ် အသစ်ဝယ်စရာမလိုပါဘူး၊ ကျောင်းမှာလာပြီး လှုထားတဲ့သင်္ကန်းတွေ အများကြီးရှိတယ်။ အဲဒါတွေကိုထုတ်လာပြီး ဝါဆိုသင်္ကန်းကပ်တယ်ဆိုပြီး ကပ်ကြတာပါ။ သင်္ကန်းတွေက အများကြီးရှိပေမဲ့ ခဏတဖြုတ်တောင်ရဟန်းဝတ်မယ်သူက မရှိသလောက်ပဲလေ။ တခါတလေတော့ရပ်ဝေးကလာပြီး ရဟန်းခံ၊ ရှင်ပြုအလှုလုပ်ကြတာမျိုးလည်း ရှိတယ်။

ဝါဆိုသင်္ကန်းကပ်ပွဲအချိန်က နွေရာသီမို့ပေါ့ပေါ့းပါးပါးဝတ်လို့ရတဲ့ မြန်မာဝတ်စုံတွေ ဝတ်လာကြသူတွေလည်းရှိတယ်။ ဆောင်းတွင်းတုန်းကတော့ အေးတော့လုံးချည်ဝတ်ချင်ရင်တောင် ဝတ်ဖို့မလွယ်ဘူး။ နှင်းတွေများဗွက်ပေါတော့ ညှပ်ဖိနပ်တို့၊ ဒေါက်ဖိနပ်တို့စီးဖို့လဲမလွယ်ဘူး။

ဆရာတော်ရဲ့ ဗူးပင်ကအတော်ဖြစ်ထွန်းနေပြီ။ တချို့ဒကာ၊ ဒကာမတွေက ဘူးသီးတွေကိုစိတ်နဲ့ပြင်မှာနေတယ်။ တချို့ကခွင့်တောင်းပြီး၊ ခြင်းခတ်ပြီး၊ စိုက်ထားတဲ့ချဉ်ပေါင်တွေ၊ ငရုတ်သီးစတာတွေ ခူးကြတယ်။ စံပယ်ပန်းတွေလည်းပွင့်ပြီ။ မြက်ခင်းတွေကလည်း စိမ်းစိမ်းစိုစိုဖြစ်ကုန်ပြီ။ မိုးရွာလာရင်မြက်တွေက ရှည်လာတော့တာပဲ။ ဆရာတော့်ကျောင်းမှာ စိုးစိုးတို့လိုလူငယ်တွေကလာရိပ်ပေးလို့ တော်သေးတယ်။ ဟိုဘက်ကသတ်သေသွားတယ် စစ်ပြန်ကြီးအိမ်ကိုလဲ မြက်လာရိတ်တဲ့သူတော့ရှိတယ်။ အိမ်ရောင်းခါနီးဆိုတော့ လှလှပပပြင်ဆင်ထားတဲ့သဘောပါ။ အိမ်ပွဲစားကုမ္ပဏီကပဲ တာဝန်ယူတယ်ထင်ပါတယ်။

ဝါဆိုသင်္ကန်းကပ်ပွဲမှာဆရာတော်တွေများတော့ ကျောင်းထိုင်ဦးဝိမလမှာ အစစ မလစ်ဟင်းအောင်ကြည့်စီစဉ်ရတယ်။ ပင့်သံဃာတွေကို အလှူ ငွေငါးဆယ်ဆီနဲ့ မျက်နှာသုတ်ပဝါတစ်ထည်စီ ကန်တော့တယ်။ ကားစီစဉ်ပေးရတယ်။ အသက်ပိုကြီးတဲ့ကိုယ်တော်တွေကို ပိုဂရုစိုက်ရတာပေါ့။ ဧည့်သည်တွေကလည်းများတယ်။ ထမင်းတောင်မလောက်ချင်လို့ နောက်တစ်အိုးထပ်ချက်ရရော။ ဟင်းလည်းသိပ်မပိုဘူး။

လူတွေကကိုယ့်အာရုံနဲ့ကိုယ်လှုပ်ရှားနေကြတော့ ငါ့အကြောင်းတွေ သိပ်စပ်စုချိန်သိပ်မရှိပါဘူးလေလို့ အန်တီအေးစဉ်းစားနေတယ်။ ရင်းနှီးတဲ့သူတွေကလည်း အန်တီ‌အေးကိုအားပေးကြပါတယ်။ တကယ်တော့အန်တီအေးက ဖောက်ပြန်တဲ့သူမှမဟုတ်တာ။ သမီးတွေကတော့အဖေအခုတစ်လော သိပ်ဒေါသကြီးတာပဲလို့ပြောနေကြတယ်။ အန်တီအေးကတော့ သူ့အကြောင်းတတ်နိုင်သ၍မစဉ်းစားပဲနေတယ်။ ဘဝသစ်မှာကိုယ်ကနေ သားကျဖို့လိုတယ်လေ။

မာလာတို့ကတော့ ဆုံးပြီလို့တွက်ထားတဲ့ ငွေနဲနဲပါးပါးပြန်ရတော့ ဝါဆိုသင်္ကန်း စုံရေများများဒီတခါ ကပ်နိုင်တယ်။ ကိုမျိုးတူတစ်ယောက်ဂျပန်မှာ အလုပ်သွားမလုပ်ခင် ချေးထားတဲ့ ငွေတချို့ကိုပြန်ဆပ်တယ်။ တော်သေးတာပေါ့။ ဒီလိုပြန်ဆပ်ရမယ်ဆိုတဲ့အသိရှိဖော်ရတာ။ ဂျပန်မှာ နဖူးကချွေး၊ ခြေမကျအောင် အလုပ်လုပ်ရတော့လဲအလုပ်ရဲ့တန်ဖိုး၊ ငွေရဲ့တန်ဖိုးကိုသိပြီး သူများငွေပြန်ဆပ်တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ဘာအလုပ်မှမလုပ်ပဲ မိဘအိမ်မှာ အလကားထိုင်နေရင်တော့လည်း အလုပ်တန်ဖိုးတို့ ငွေတန်ဖိုးတို့ဆိုတာ သိတော့မှာမဟုတ်ဘူး။

ဆရာတော်တွေကိုယ့်ကျောင်းကိုပြန်ကြွဖို့ ကားပေါ်တက်ကြတော့ ဆရာတော်တစ်ပါးရဲ့ ဖိနပ်ပျောက်နေလို့လိုက်ရှာကြရသေးတယ်။ လူတစ်ယောက်ကပေါ့ပေါ့တန်တန်ပဲ ကိုယ့်ဖိနပ်လည်းမဟုတ်ပဲ ယူစီးထားတာလေ။ ဖိနပ်ပျောက်တာက တို့မြန်မာတွေရဲ့ဖက်ရှင်ဖြစ်နေပြီ။

စာရင်းချုပ်လိုက်တော့ အလှုငွေငါးထောင်ကျော်ရတယ်။ ဒီလိုရှားပါးနေတဲ့ခေတ်ကြီးထဲမှာ ဒီလောက်ရတာမဆိုးဘူးပဲပြောရမယ်။ အများစုကရရစားစားပဲလေ။ ပိုပိုလျှံလျှံရှိကြတယ် ရယ်မှမဟုတ်တာ။ ဒါပေမယ့်စေတနာ သဒ္ဒါတရားကတော့ကောင်းကြပါတယ်။ ကိုယ်တတ်နိုင်သလောက်တော့လှုကြတာပါပဲ။