Breaking News

လှကျော််ဇော - ဝူဟန့်မှပုံပြင်များ (၂)



လှကျော််ဇော -  ဝူဟန့်မှပုံပြင်များ (၂)

(မိုးမခ) မတ် ၂၂၊ ၂၀၂၀

သပြေပန်းနဲ့ကြိုနေမယ်


မင်း  ကျန်းကျန်းမာမာပြန်လာနော်။ တနှစ်လုံးလုံး မင်းကိုအနားပေးပြီး အိမ်အလုပ်အားလုံး ကိုယ်ပဲလုပ်ပါ့မယ် ... တဲ့။

အသက် (၃၀) ကျော် အမျိုးသားတဦး (၅) နှစ် ရွယ် သမီးလေးကိုချီထားပြီး တံခါးအလုံပိတ် ဘတ်ကားကြီးတစီး ဘေးပြတင်းပေါက်အောက်ကနေ အထဲက အမျိုးသမီးကို ဖုန်းကနေ လှမ်းပြောနေတာပါ။ မျက်ရည်လည်ရွဲဲနဲ့ ဖြစ်နေကြတဲ့ကားဘေးက သမီးလေးရော၊ ကားထဲကမိခင်ရော လက်ကလေးများ တပြပြနဲ့ ကားကြီး ထွက်သွားပါတယ်။

မင်းတို့တတွေ အန္တာရာယ်ကင်း ဘေးရှင်းစွာနဲ့ တယောက်မကျန် ပြန်လာနော်။ တယောက် မကျန်နော်။

ငိုသံပါကြီးနဲ့ပြောနေရာကနေ အသံတိမ်ဝင်သွားပြီး မျက်ရည်ကျလာတဲ့ မြို့တော်ဝန်။ မိမိတို့ဒေသကနေ ထွက်ခွာသွားတော့မယ့် ဆေးဝန်ထမ်းတွေကို နုတ်ဆက်စကားပြောနေတာ။

အို ... ကြောက်တာပေါ့။ ဒါပေမဲ့ လုပ်ဖို့လိုရင် လုပ်ရတော့မှာပေါ့။ ကျွန်မ က တဦးတည်းသမီး။အသက် (၆၀) ကျော် မိဘနှစ်ပါးနဲ့ အသက် (၇) နှစ်ရွယ် သားလေ.ထားခဲ့ရတာ။ ဘယ်မပူပဲ နေပါ့မလဲ။ ဝူဟန့်ရှေ့တန်းစစ်မြေပြင်မှာ အကူအညီတွေ လိုအပ်နေတာ။ တပြည်လုံးက ပြည်သူတွေ အထူးသဖြင့်ကွန်မြူနစ်ပါတီဝင်တွေကို သွားရောက်ကူညီဖို့ လှုံ့ဆော်နေတာ။ကျွန်မ  တို့ ငြိမ်းချမ်းတဲ့ကာလကြီးမှာ ကြီးပြင်းလာခဲ့ကြတာ။ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနေခဲ့့ရ၊ ပညာတွေ သင်ခဲ့ရတာ။ ဒီလိုဘဝမျိုးရဖို့ ကျွန်မတို့ ရှေးမျိုးဆက်က အသက်တွေ ဘဝတွေ ပေးခဲ့ကြရတာပါ။အခု ကျွန်မတို့ ကျေးဇူးပြန်ဆပ်ရမယ့်အလှည့် ရောက်ပီ။
ခရီးထွက်ဖို့ ကျောပိုးအိတ် အနစ်သားလွယ်ထားတဲ့ ဆေးဝန်ထမ်းအမျိုးသမီးတဦးကို သတင်းထောက်လေးတယောက်က မကြောက်ဘူးလား လို့မေးတာကိုဖြေလိုက်တာပါ။

ဒါတွေကတော့ ဇန်နဝါရီလ (၂၃) ရက်နေ့ တရုတ်နှစ်သစ်ကူးကာလကြီးမှာ ဝူဟန့်ကို ပိတ်ဆို့လိုက်ပြီးနောက် တပြည်လုံးက ဆေးဝန်ထမ်းများကို လှုံ့ဆော်ပြီး ဝူဟန့်ကို အကူအညီပေးရေးဆေးအဖွဲ့များ တသုတ်ပြီးတသုတ် လွှတ်စဉ်က ပုံရိပ်တချို့ပါ။

အဲဒီကာလက ကိုရိုနာဗိုင်းရပ်ကြောင့် ဝူဟန့်မြို့ကြီးမှာ နေ့စဉ် လူနာ ထောင်ချီ တိုးပွားနေပြီး ဆေးဝန်ထမ်းများ အတုံးအရုံးကူးစက်ခံနေရပြီး ဆိုတဲ့ သတင်းတွေပေါ်ထွက်လာနေပါတယ်။ တချို့ဆေးရုံတွေဆို ဆေးရုံအုပ်ကစလို့ ဆေးဝန်ထမ်း ၂၀-၃၀%အထိ ကူးစက်ခံထားရပါပြီ။ အဖိတ်အစင်တွေရှိတယ် ဆိုတဲ့ သတင်းများလည်း ထွက်လာနေပါတယ်။

အဲဒီဗိုင်းရပ်ပိုးဟာ အသစ်တွေ့ရှိတာဖြစ်လို့ ကုသနိုင်တဲ့ဆေးလည်း မရှိသေးပါဘူး။ ရောဂါရှိမရှိ စစ်ဆေးနိုင်မယ့် နည်းတွေတောင် စမ်းတဝါးဝါး လုပ်ဆောင်နေရတာပါ။ ဒါ့ကြောင့်ပဲ ရန်သူအခြေအနေ အတိအကျ မသိရသေးတဲ့အောက်မှာ အရဲစွန့်ထွက်ကြရတဲ့ ဆေးဝန်ထမ်းများရော၊ လာရောက်ပို့ဆောင်သူများရော၊မျက်ရည်မဆည်နိုင်အောင် ဖြစ်နေကြတာပါ။

ဒီလိုနဲ့ တပြည်လုံးက ဆေးဝန်ထမ်းပေါင်း (၄၂၆၀၀) လေးသောင်းကျော် ဟူပေပြည်နယ် (ဝူဟန့်ပြည်နယ်မြို့တော်) က ရောဂါအပြင်းအထန်ဖြစ်ပွားနေတဲ့ မြို့အသီးသီးကို ရောက်ရှိသွားပါတယ်။

အထူးကုပါရဂူကြီးများကအစ ဆရာဝန်များအလယ် သူနာပြုများအဆုံး ဌာနပေါင်းစုံကဆေးဝန်ထမ်းများဟာ ၂လနီးပါး အပြင်းအထန်ကြိုးစားပြီး ဗိုင်းရပ်ပိုးရောဂါကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ဖျက်ကြပြီးနောက် မတ်လဆန်းလောက်က စပြီး သတင်းကောင်းများ တဖြည်းဖြည်း  ပေါ်ထွက်လာပါတယ်။

ရောဂါမပြင်းထန်သူများ ရောဂါလက္ခဏာမပြပေမယ့် ရောဂါပိုးရှိနေသူများ (တခြားလူကို ကူးစက်ပေးနိုင်သူ)ကို စုစည်းပြီး ကန့်သတ်ထားရှိတဲ့ ယာယီဆေးရုံတွေကို တရုံပြီး တရုံ ပိတ်ပစ်လာရပါတယ်။ ရောဂါပျောက်ကင်းပြီး ဆေးရုံက ဆင်းရသူတွေ များလာလို့ပါ။

ဒီတော့ ဆေးဝန်ထမ်းတချို့ မိမိနေရပ်ကိုပြန်လည်ထွက်ခွာကြတဲ့ ပုံရိပ်တွေ မတ်လ (၁၈) ရက်က စပြီးသတင်းတွေမှာ တွေ့လာရပါတယ်။

(မှတ်ချက်။ ရောဂါပြင်းထန်နေသေးသူများ အသက်ကယ်နေရသေးသူများ ထောင်နဲ့ချီ ကျန်သေးတဲ့အတွက် အသက်ကယ်ခန်းဆိုင်ရာဆေးဝန်ထမ်းများတော့ မပြန်နိုင်သေးပါ။)



ဒီတခါ ပုံရိပ်တွေကတော့ ပျော်ရွှင်စရာတွေပါ။ (ပြင်ပက လာကူညီတဲ့ဆေးဝန်ထမ်း လေးသောင်းကျော် ဘယ်သူမှ ရောဂါကူးစက်ခြင်း မခံရပါ။)

ပြန်ကြမယ့်သူများကို ဒေသခံလုပ်ဖော်ကိုင်ဖက် ဆေးဝန်ထမ်းများက ပန်းစည်းတွေပေး ကျေးဇူးတင်ပါတယ်။ ဘယ်တော့မှမမေ့ပါဘူး စတဲ့ ပိုစတာတွေကိုင်ထားပြီး လိုက်ပို့ကြပါတယ်။

တိုက်ပွဲကို အောင်မြင်အောင်တိုက်ပြီး ပြန်လာတဲ့သူရဲကောင်းများကတော့ မိမိတို့နေရပ်ပြန်ရောက်တာနဲ့့ (၁၄) ရက် တိတိ သီးခြားနေကြရဦးမှာပါ။

သူတို့တတွေကတော့ တာဝန်ကျေပြွန်ခဲ့ပါပြီ။ သူတို့စကား ယူပြီး သုံးပြောရရင်တော့ တိုင်းပြည်အပေါ် ကျေးဇူးဆပ်နိုင်သလောက် ဆပ်ပြီးပြီပေါ့။

လှကျော်ဇော။ ၂၁-၃-၂၀၂၀။
(ဒီမိုကရေစီသစ်ဖေ့စ်ဘွတ်တွင်လည်း ဖော်ပြထားပါသည်)