Breaking News

အမေရိကန်လူဦးရေ သန်း(၁၅၀)လောက်အထိ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရနိုင်တယ်လို့ လွှတ်တော်အမတ်သတိပေး



အမေရိကန်လူဦးရေ သန်း(၁၅၀)လောက်အထိ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရနိုင်တယ်လို့ လွှတ်တော်အမတ်သတိပေး

မောင်လူပေ၊ (မိုးမခ) မတ် ၁၃၊ ၂၀၂၀

ကိုရိုနာဗိုင်းရပ်တွေ ပျံ့နေမှုကြောင့် အမေရိကန်လူဦးရေ သန်း(၇၀)ကနေ(၁၅၀)အထိ ကူးစက်မှုဖြစ်နိုင်တယ်လို့ အောက်လွှတ်တော်မှာ လာရောက်အစီရင်ခံတဲ့ ဆရာဝန်တွေက ခန့်မှန်းထားတယ်လို့ အောက်လွှတ်တော်အမတ်ရာရှိဒါက ပြောတယ်။ လောလောဆယ် တစ်ထောင့်ခြောက်ရာကျော်မှာ ကူးစက်ခံရကြောင်းတွေ့ရှိပြီး သေဆုံးသူလေးဆယ်ရှိပြီ။

မကြာခင်က သမ္မတထရန့်နဲ့တွေ့ခဲ့သူ ဘရာဇီးနိုင်ငံက ဆက်သွယ်ရေးအကြီးအကဲမှာ ကိုရိုနာဗိုင်းရပ်တွေ့ရှိရတယ်လို့ ကြေညာတယ်။ ထရန့်ကတော့ သူကိုယ်တိုင် ဆေးစစ်ခံဖို့ ငြင်းဆိုထားတယ်။ မင်းသားကြီး Tom Hanks တို့မောင်နှံလည်း ကူးစက်ခံရလို့ ဆေးရုံတက်နေတယ်။ ထရန့်က ဒီရောဂါဟာ ဥရောပကတဆင့် ကူးစက်လာခဲ့တယ်လို့ စွတ်စွဲပြီး ဥရောပကို ခရီးသွားမှု တစ်လပိတ်လိုက်တဲ့အတွက် ဥရောပခေါင်းဆောင်တွေ ဒေါသထွက်နေကြတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ စတော့စျေးကွက်မှာလည်း Dow က (၁၀%) ​၂၃၀၀ကျော် ထပ်ဆင်းခဲ့တယ်။ စျေးကွက်ကို ထိမ်းချုပ်ဖို့ မစွမ်းနိုင်ကြသေး။

ဆန်ဖရန်စစ္စကိုကလည်း မြို့ရဲ့အစိုးရကျောင်းတွေကို သုံးပတ်ပိတ်ထားလိုက်တယ်။

ကနေဒါ ဝန်ကြီးချုပ်လည်း ဇနီးဖြစ်သူမှာ တုတ်ကွေးရောဂါလက္ခဏာတွေပြလာတဲ့အတွက် သူ့ဟာသူ ကန့်သတ်ထိန်းချုပ်ရေးအတွက် လုပ်ဆောင်နေတယ်။

တစ်နိုင်ငံလုံးကန့်သတ်ဇုံကြေညာထားရတဲ့ အီတလီမှာလည်း သေဆုံးသူ တစ်ထောင်ကျော်နဲ့ ကူးစက်ခံရသူ တစ်သောင်းငါးထောင်ကျော်သွားပြီ။

အီရန်ရဲ့ ဘာသာရေးခေါင်းဆောင်ကြီး ခါမေနီရဲ့ အကြံပေးတစ်ယောက်မှာလည်း ရောဂါကူးစက်နေတယ်။ အီရန်မှာလည်း ကူးစက်ခံရသူ တစ်သောင်းကျော်သွားပြီ။ ငါးရာနီးပါးသေခဲ့ပြီ။ အရှေ့အလယ်ပိုင်းဒေသကို ရောဂါဖြန့်ဝေခဲ့တာ အီရန်ပဲလို့ စွတ်စွဲခံနေရတယ်။

ဖိလစ်ပိုင်မှာလည်း ရေဂါကာကွယ်ဖို့ မြို့တော်ဖြစ်တဲ့ မနီလာမြို့အဝင်အထွက်ကို ပိတ်လိုက်တယ်။ ကျောင်းတစ်လပိတ်တယ်။ လူစုလူဝေး ခွင့်မပြု။ ရောဂါပျံ့နေတဲ့နေရာတွေကို ကန့်သန့်ဇုံကြေညာထားတယ်။

(၁၂၅)နိုင်ငံအထိ ကူးစက်နေပါပြီတဲ့။

ကူးစက်မှုမရှိသေးဘူးဆိုတဲ့ မြန်မာပြည်သားတွေလည်း ဂရုစိုက်ကြပါ။ ဆက်လက်ကံကောင်းပါစေ။