Breaking News

လှကျော်ဇော - ၀ူဟန့်မှ ပုံပြင်များ (၁)



လှကျော်ဇော -  ၀ူဟန့်မှ ပုံပြင်များ (၁)

(မိုးမခ) မတ်် ၂၁၊ ၂၀၂၀




 ဒေါက်တာလီသို့ ...


ဖေဖော်ဝါရီ (၇)ရက်နေ့မနက် ဝူဟန်ဆေးရုံတရုံရဲ့ရှေ့မှာ အမျိုးသားဆရာဝန် တယောက်ရဲ့ဓာတ်ပုံတပုံချထားပြီး ပန်းစည်းတွေပန်းခြင်းတွေ လွမ်းသူ့ကဗျာတွေနဲ့ ဦးညွတ်အလေးပြုနေသူတွေရဲ့ပုံတွေ တရုတ်မီဒီယာအများအပြားမှာပေါ်ထွက်လာပါတယ်။

အဲဒီအမျိုးသားဆရာဝန်ဟာ မျက်စိအထူးကုဆရာဝန် ဒေါက်တာလီဝင်လျှံ(၃၄နှစ်) ဖြစ်ပြီးဒီဇင်ဘာလ(၃၀)ရက်နေ့က သူ့ဝီချက်အုပ်စု (တရုတ်ပြည်မှာအသုံးပြုတဲ့) ဆေးလုပ်သားများအကြားမှ ာဆာဆ်လိုမျိုး ထူးခြားတဲ့ဗိုင်းရပ်ကြောင့် ရောဂါဖြစ်လာနိုင် ကြောင်းသတိပေးခဲ့ပါတယ်။ ၄ရက်အကြာမှာ ဝူဟန့်ရဲအဖွဲ့က ခေါ်သတိပေးခြင်း ခံရပါတယ်။ သိပ်မကြာခင်မှာပဲ မျက်စိခွဲစိတ်မှု တခုအပြီးမှာ ဒေါက်တာလီ ဖျားပါတော့တယ်။ ကိုရိုနာဗိုင်းရပ်ရောဂါပိုးတွေ့ရှိပြီးရက်(၂၀)အတွင်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

သူကွယ်လွန်သွားတဲ့အခါ တရုတ်တပြည်လုံးက ကွန်ရက်တွေမှာ အစိုးရကို အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုကြပါတယ်။ ပီကင်းက သတင်းစာ ရှင်းလင်းပွဲမှာလည်း တာဝန်ခံအရာရှိများက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို စေလွှတ်ပြီး စစ်ဆေးပါ့မယ်လို့ ကတိပေးခဲ့ပါတယ်။

ရက်ပေါင်း(၄၂)ရက် စစ်ဆေးစုံစမ်းပီးနောက် ၁၉-၃-၂၀၂၀နေ့မှာ ဗဟိုကြီးပ်ရေးကော်မရှင်ကစုံစမ်းရရှိချက်များကိုထုတ်ပြန်ကျေညာလိုက်ပါတယ်။ ဝူဟန့် ရဲဌာနကလည်း 'ဒေါက်တာလီအတွက် တောင်းပန်စာ' ဆိုတာကို တရား၀င်ထုတ်ပြန်လိုက်ပါတယ်။ မိမိတို့ရဲ့မသင့်တော်တဲ့ ကိုင်တွယ်ဖြေရှင်းမှုအပေါ် ဒေါက်တာလီ ကျန်ရစ်သူမိသားစုကို တောင်းပန်ထားပါတယ်။ ဒေါက်တာလီကို ပေးခဲ့တဲ့ ရဲဌာနရဲ့သတိပေးစာကိုလည်း ပြန်ရုပ်သိမ်းလိုက်ပါတယ်။ သင့်တော်တဲ့လျှော်ကြေးတွေလည်း ပေးပြီးပါပြီ တဲ့။

ဗဟိုကလည်း မိမိတို့ရဲ့ကြီးကြပ်မှုလုပ်ငန်းတွေ ပိုမိုကောင်းမွန်အောင်လုပ်ပါ့မယ်လို့ ကတိပြုပြီး တာဝန်ရှိသူများကိုအရေးယူဖို့ အထူးသဖြင့် နှေးနှေးကွေးကွေးလုပ်ခဲ့သူများ တာဝန်မကျေသူများကို သင့်တော်စွာအရေးယူမယ် လို့လည်း ဆိုထားပါတယ်။

ဒေါက်တာလီ ကို ရဲဌာနကိုခေါ်ပြီး ဝန်ခံစာတွေရေးခိုင်းတဲ့ ရဲအရာရှိအချို့ကိုလည်း အရေးယူခဲ့ပါတယ်။

တဆက်တည်းမှာပဲ စုံစမ်းရေးအဖွဲ့က ဒီလိုလည်း နိဂုံးချုပ်ပေးထာပါတယ်။

ဒေါက်တာလီဟာ ဒီသတင်းကို သူ့ဝီချက်အုပ်စုမှာတင်စဉ်က လူထု အထိတ်တလန့် ဖြစ်စေဖို့ မရည်ရွယ်ခဲ့ပေမယ့် ဒီရောဂါအပေါ် သက်ဆိုင်ရာ အာဏာပိုင်များနဲ့ ပါရဂူများရဲ့ ရောဂါအကဲဖြတ်ချက်ကို သေချာအောင်မစစ်ဆေးဘဲ အဲဒီအချိန်ကာလက အဖြစ်အပျက်များနဲ့လည်းကိုက်ညီခြင်း မရှိပါဘူး ... တဲ့။

(မှတ်ချက်။ထိုကာလကဒီရောဂါပိုးဟာ လူမှလူသို့ ကူးစက်နိုင်ခြင်းရှိမရှိ မသေချာသေးပါ။)

ဒါတွေကတော့ တရုတ်ဗဟိုက တာဝန်ခံများရဲ့ ပြသာနာတွေကို မြန်မြန်ဆန်ဆန် မျှမျှတတကိုင်တွယ်ဖြေရှင်းနည်းတခုပါ။

လှကျော်ဇော။၂၀-၃၂၀၂၀။