Breaking News

အောင်ဝေး - သေနင်္ဂဗျူဟာမြောက်အလွမ်း - ၈


အောင်ဝေး - သေနင်္ဂဗျူဟာမြောက်အလွမ်း - ၈

(မိုးမခ) မတ် ၂၊ ၂၀၂၀

အပြာရောင်ဗော်လ်ရှီဗစ် တဲ့လား
မမခင်ဦးစံပယ်ရယ်။

ကျနော့်ကိုယ်ကျနော်လေ
အပြာရောင်ဗော်လ်ရှီဗစ် တဲ့
ကျနော့်ကိုယ်ကျနော်လေ။

ဗော်လ်ရှီဗစ်တော့ ဗောလ်ရှီဗစ်ပါပဲ
ဒါပေမဲ့
အပြာရောင်။

ကျနော် ဝန်ခံပါတယ်
မမခင်ဦးစံပယ်
ခုနေခါ ကျနော်ဟာ
ဗော်လ်ရှီဗစ်အပြာရောင်
အပြာရောင်ဗော်လ်ရှီဗစ်ပေါ့
ကျနော် ဝန်ခံပါရဲ့။

ချစ်လှစွာသောပြည်ပြေး
အဝေးရောက်နှလုံးသားဟာ
မစ်ရှီဂန်မဲဇာမှာ
ဟိုတုန်းခါ
ငယ်ခဲ့ဖူးတဲ့ ဘဝ
ဟိုတုန်းခါ
နီခဲ့ဖူးတဲ့ ဘဝ
မ ဆ လ ခေတ်ကို ပြန်အမှတ်ရ
ရင်ထဲက လွမ်း
နာကြည်းတမ်းတမိပါရဲ့။

တစ်ရံရောများ
သေနတ်ပြောင်းတွေကြား
ဖက်ဆစ်ဓားသွားအောက်
တောက်ပနီရဲခဲ့ကြ
ကျနော်တို့ငယ်ဘဝ။

အင်အားတက်ကြွ၊ တိုးတက်လှတဲ့
ပင်မရေစီးပေါ့။

ခေတ်က ဆိုးရမ်း
မြစ်က ကြမ်းတော့
အလွမ်းက
ရေစီးသန်လှချည်ရဲ့ မမခင်ဦးစံပယ်။

" ငယ် " ခဲ့ဖူး သတဲ့
" နီ " ခဲ့ဖူး သတဲ့
စကားလုံးနောက်မှာ
အဘိဓမ္မာ
အဘိဓမ္မာနောက်မှာ
ရာဇဝင်ပါတယ်
မမခင်ဦးစံပယ်။

ဟိုတုန်းကတော့
ကျနော်တို့ဟာ
အနီရောင်ဗော်လ်ရှီဗစ်တွေ
ဖြစ်ခဲ့ကြမှာပေါ့။

ဖြစ်ခဲ့ကြတာပေါ့
မမခင်ဦးစံပယ်။

တချို့လည်း ပန်းနုရောင်
ဘာဖြစ်သလဲ
ဗော်လ်ရှီဗစ်မှန်
ရင်ခုန်သံက
တစ်ဂီတတည်း။

ဗော်လ်ရှီဗစ်မှန်
အတောင်ပံက
တစ်သွေးတစ်သံတည်း။

ရဲရင့်တဲ့ နှလုံးသားဟာ
ဘဝတစ်ခုလုံး
ဗထက်ခြိုက်ငါးလုံးနဲ့
ဖုံးအုပ်ထားသပေါ့။

မမခင်ဦးစံပယ်
"နောက်ဆုတ်ရန် ချန်ထားတဲ့ တံတားကို
မီးရှို့ပစ်ရဲသူသာ
ဗော်လ်ရှီဗစ် ပီသသူဖြစ်တယ်" တဲ့
ကျနော်တို့ရဲ့
ဘောင်းဘီဝတ်မိုးတိမ်ကြီး
မာယာကော့ဖ်စကီး ဆိုလေရဲ့။

မမခင်ဦးစံပယ်ရယ်
ကျနော်တို့ရဲ့
ထာဝရလင်းယုန်ကြီး
ဗန်းမော်တင်အောင်ကတော့
ဖောင်ဖျက်ပြီး တိုက်ခဲ့ပေရဲ့။

တံတား မီးရှို့ရဲတဲ့ အဘိဓမ္မာ
ဖောင် ဖျက်ရဲတဲ့ အဘိဓမ္မာ။

မမခင်ဦးစံပယ်ရယ်
တော်လှန်တိုးတက်တဲ့ အတွေးအခေါ်ဆိုတာ
လက်ယာဘက်က မလာပါဘူး။

မမခင်ဦးစံပယ်ရယ်
တော်လှန်တိုးတက်တဲ့ အတွေးအခေါ်ဆိုတာ
လက်ဝဲဘက်ကပဲ လာတာပါ။

ကျနော်တို့ဟာ
လက်ဝဲတွေပါ
ကျနော်တို့ဟာ
လက်ဝဲတွေပေါ့ မမခင်ဦးစံပယ်။

ဒီမယ် မမခင်ဦးစံပယ်
တော်လှန်တဲ့အတွေးအခေါ်တစ်ရပ် မရှိဘဲ
တော်လှန်တဲ့အရေးတော်ပုံတစ်ရပ် မရှိနိုင် တဲ့။

ဒီမယ် မမခင်ဦးစံပယ်
တော်လှန်တဲ့တပ်ဦးတစ်ခု မရှိဘဲ
တော်လှန်တဲ့အရေးတော်ပုံ မအောင်မြင်နိုင် တဲ့။

မမခင်ဦးစံပယ်
ကျနော်တို့ဟာ ကျောင်းသား
ကျောင်းသားဆိုတာ ပညာတတ်ပဲ။

ပညာတတ်တွေ
တော်လှန်ရေးထဲ မပါလာသေးသရွေ့
အောင်ပွဲဟာ မပြီးပြည့်စုံနိုင် တဲ့
သိပြီလား မမခင်ဦးစံပယ်။

ဒါတွေဟာ
လီနင်က သင်ကြားခဲ့တာပါ
(အစိုးရနှင့်တော်လှန်ရေးကျမ်း)။

ဒါတွေကို
ဗ က ပ က ထပ်ဆင့်သင်ကြားခဲ့တာပါ။

မမခင်ဦးစံပယ်
မ ဆ လ တစ်ခေတ်လုံးဟာ
ကျနော်တို့ကျောင်းသားတွေ
" ဗ က ပ သြဇာခံ " လို့
နေဝင်းတံဆိပ်တပ်ခံရတဲ့ခေတ်ပေါ့။

န ဝ တ ခေတ်ကတော့
ခင်ညွန့် တံဆိပ်တပ်ခံရတဲ့အဖြစ်ပေါ့။

မမခင်ဦးစံပယ်
ကျနော်တို့က
ခေတ်ကို မပြဋ္ဌာန်းနိုင်ပါဘူး
ခေတ်ကသာ
ကျနော်တို့ကို ပြဋ္ဌာန်းတာပါ မမခင်ဦးစံပယ်။

တိုက်ပွဲပုံသဏ္ဍာန်ဆိုတာ
ရန်သူက ပြဋ္ဌာန်းတာပါ။

ခေတ်က ပြဋ္ဌာန်း
ရန်သူက ပြဋ္ဌာန်းတော့
ကျနော်တို့ဟာ
ဗ က ပ လွမ်းသူတွေဖြစ်ပေါ့
မမခင်ဦးစံပယ်ရယ်
ဗ က ပ လွမ်းသူဟာ ကျနော်တို့ပေါ့။

"ကိုဌေးမြိုင်
ကျနော်တို့ဘက်က
ရပ်တည်ပေးတဲ့အတွက်
ကျေးဇူးတင်တယ်"
သန်းထွန်း" တဲ့။

တောထဲကလာတဲ့ စာ
ရာဇဝင် ရှိတယ်။

ဒဂုန်တာရာဆီ
သခင်သန်းထွန်း ရေးလိုက်တဲ့စာ
အဘိဓမ္မာ ရှိတယ်။

သမိုင်းခေတ်ဖြတ်သန်း
ဆူးခင်းလမ်းမှာ
အလွမ်းက ကြမ်းတယ်
ဒါပေမဲ့ ခမ်းနားတယ် မမခင်ဦးစံပယ်။

"ငယ်ငယ်တုန်းက ကွန်မြူနစ်" တဲ့
ကျနော်တို့ဖတ်ခဲ့တဲ့ ဝတ္ထုပေါ့။

မမခင်ဦးစံပယ်
ဒီဝတ္ထုရေးသူရဲ့ အုတ်ဂူ
ဒီမှာရှိပါရဲ့။

နီဗားဒါးပြည်နယ်၊ လတ်စ်ဗေးဂတ်စ်မြို့
စိမ်းညို့တဲ့သုသန်ကလေးတစ်ခုမှာ
ဆရာမောင်သာရ လဲလှောင်းနေပါရဲ့။

ကျနော်ဟာ အပြာရောင်ဗော်လ်ရှီဗစ်ပါ
မမခင်ဦးစံပယ်
ဆရာမောင်သာရအုတ်ဂူရှေ့ရောက်တဲ့အခါ
ကျနော် ဝန်ခံပါဦးမယ်။

မမခင်ဦးစံပယ်ရယ်
ဘဝကို နှစ်ခြမ်း ခြမ်းရင်
တစ်ခြမ်းက ဗ က ပ။
နောက်တစ်ခြမ်းက
ဗ က သ ပေါ့ မမခင်ဦးစံပယ်ရယ်။

ကျနော်တို့ဟာ
ဗ က သ
ဗ က သ (ဗကသများအဖွဲ့ချုပ်)
ရာဇဝင်ရုပ်အဖွဲ့အစည်း
အလွမ်းကြီးသူတွေပါ မမခင်ဦးစံပယ်။

၁၉၃၆
ရွှေတိဂုံကုန်းတော်၊ မော်လမြိုင်ဇရပ်
အင်းလျားဆောင်သူ မအမာ အစ။

၁၃၀ဝပြည့်အရေးတော်ပုံ၊ ရင်ခုန်သမျှ
ကိုဗဟိန်း အလယ်။

၁၉၆၂ ဆဲဗင်းဂျူလိုင် သွေးတစက်စက်
ကိုသက် အဆုံး။

အားလုံးဟာ
မပြီးဆုံးတဲ့အလွမ်း
ခမ်းနားလှပါရဲ့။

ဗ က သ
ဗ က သ (ဗကသများအဖွဲ့ချုပ်)
ကျောက်အုတ်တွေလေ
ဘယ်တော့မှ မပြိုလဲတဲ့
ကျောက်အုတ်တွေပေါ့ မမခင်ဦးစံပယ်။

သစ်ပုပ်ပင်ရင်းမှာ
နှင်းများ သက်သေ။

အဓိပတိလမ်းမှာ
စိန်ပန်း သက်သေ။

ကံ့ကော်တောမှာ
အလွမ်းအမော သက်သေ။

ရင်ပြင်နီမှာ
နှင်းဆီ သက်သေ။

မမခင်ဦးစံပယ်ရေ
ရေစီးကြမ်းတဲ့
ခေတ်ကြီး ကမ်းပါးမှာ
အလွမ်းအားသန်သန်
ဆန်နေတဲ့မြစ်
အဲဒါ ဗ က သ မြစ်ပေါ့
ကျနော်ချစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်းက စ
သခင်ဗဟိန်း
ဗန်းမော်တင်အောင်
ဗ က ပ
ဗ က သ အဆုံး
အားလုံးဟာ
မပြီးဆုံးတဲ့အလွမ်း
ခမ်းလည်းခမ်းနားလှပါရဲ့။

မမခင်ဦးစံပယ်ရယ်
တစ်ခန်းမရပ်တဲ့
အလွမ်းဇာတ်တွေ
ကျနော် အထပ်ထပ်လွမ်းပါရဲ့။

လွမ်းတတ်ရင်
အနာဂတ်ကို ခင်မယ် မမခင်ဦးစံပယ်။

လွမ်းဖူးရင်
နွေဦးကို မြင်မယ် မမခင်ဦးစံပယ်။

လွမ်းရဲရင်
အောင်ပွဲကို ဆင်မယ် မမခင်ဦးစံပယ်။

မမခင်ဦးစံပယ်ရေ
လွမ်းတော့
အချစ်နဲ့လွမ်းရင်
လွမ်းတဲ့မြစ်က
ဘယ်တော့မှ ရေမနစ်ဘူး။ ။

(ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀)