Breaking News

ဇင်လင်း - ငြိမ်းချမ်းရေး ရရှိရန်ကိစ္စသည် ပြည်သူအားလုံးနှင့်ဆိုင်သည်



ဇင်လင်း - ငြိမ်းချမ်းရေး ရရှိရန်ကိစ္စသည် ပြည်သူအားလုံးနှင့်ဆိုင်သည်

(မိုးမခ) မတ် ၃၊ ၂၀၂၀



ယနေ့မြန်မာနိုင်ငံ၏ အခြေအနေသည် စီးပွားရေးနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း ကောင်းများ စတင်ရရှိနေပြီ ဖြစ်သည်။ ရခိုင်ပြည်နယ်ပြဿနာအပေါ် နိုင်ငံတကာ၏ ရှုမြင်ပုံများ တစ်ဖက်သတ်ဖြစ်နေ သည့်တိုင် အခြားတစ်ဖက်တွင် လက်ရှိအစိုးရ၏ ဒီမိုကရေစီအခြေခံများ တည်ဆောက်နေသော အကူးအပြောင်းကာလ ဖြစ်သဖြင့် အခက်အခဲများ ရင်ဆိုင်နေရသည်ကို စာနာ နားလည်မှုရှိသည့် နိုင်ငံများလည်း ရှိပေသည်။ သာမန် အမြော် အမြင်ရှိသည့် အစိုးရမျိုးဆိုပါက ယနေ့ကြုံတွေနေရသော နိုင်ငံတကာ ဖိအားများကို ကျော်ဖြတ်ရန် မလွယ်ကူလှပေ။ သို့သော်လည်း အဆိုးဆုံးသော အခြေအနေနှင့် ရင်ဆိုင်နေရစဉ် ရိုးသားဖြောင့်မတ် ပွင့်လင်းသော နိုင်ငံခေါင်းဆောင် တစ်ဦးကို ရရှိထားခြင်းကြောင့် မြန်မာနိုင်ငံ၏ တည်ငြိမ်မှု ယိမ်းယိုင်မသွားဘဲ ရပ်တည်နေနိုင်ခြင်း ဖြစ်သည်။ လက်ရှိ အခြေအနေ၌ အစိုးရ၏ မူဝါဒနှင့် လုပ်ငန်းဆောင်တာများ ရာနှုန်းပြည့် မအောင်မြင်ခြင်းအပေါ် ပြည်သူအချို့အနေဖြင့် အားမလိုအားမရ ဖြစ်နေကြသည်ကို ကြားသိနေရသည်။ ထိုသို့ဖြစ်ရသည်မှာ နိုင်ငံအတွင်းရှိ နိုင်ငံရေးအင်အားစုများထဲမှ အချို့သည် နိုင်ငံနှင့်ပြည်သူလူထု၏ အကျိုးအတွက် အစိုးရနှင့် လက်တွဲကြိုးပမ်းရမည့်အစား အစိုးရကို အခက်အခဲဖြစ် စေရန် ကဖျက်ယဖျက်လုပ်နေကြခြင်းကြောင့် ဖြစ်သည်ကို မြင်တွေ့နေရပေသည်။

ဥပမာအားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအား ပြည်သူလူထုက လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆိုမှုများရှိခဲ့သည်။ ထို့ကြောင့် လက်ရှိအစိုးက ချမှတ်ထားသော မူဝါဒလမ်းစဉ်၌ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စလည်း ပါဝင်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ၂၀၂၀ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဒေသခံ တိုင်းရင်းသား ပြည်သူလူထုနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်သော မေးမြန်းချက်များကို ဖြေကြားသွားခဲ့သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ခြင်းသည် တပ်မတော်ကို ရန်လိုချင်သည့် စိတ်ဖြင့် လုပ်ခြင်းမဟုတ်ဘဲ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ကိုက်ညီအောင်ပြောင်းလဲရမည်ဆိုသည့် ခံယူချက်နှင့်အညီ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းဖြေကြားခဲ့သည်။

“လက်ရှိအချိန်အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ြပီး ကျမတို့ လွှတ်တော်ထဲမှာ တင်ပြလိုတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးရှင်းပြဖို့ ကျမ ဝန်မလေးပါဘူး။ ဒါကို ကျမတို့က တပ်မတော်ကို ကပ်ချင်တဲ့ စိတ်၊ ရန်လိုချင်တဲ့ စိတ်နဲ့လုပ်တာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတစ်ခုနဲ့ ကိုက်ညီအောင်ပြောင်းလဲရမယ်ဆိုြပီး ကျမတို့အဲဒီလို ခံယူချက်နဲ့လုပ်တာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့ အထဲမှာ ကျမတို့က နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီး တဆင့်ပြီး တဆင့်လုပ်သွားမယ်ဆိုပြီး လုပ်တာပါ။ လက်ရှိမှာ ၂၅ ရာခိုင်နှုန်းနဲ့ပတ်သက်ပြီး တဆင့်တဆင့်လျော့ဖို့ ကျမတို့နေနဲ့ အဆိုပြုတာပဲရှိပါတယ်။ ကျမ တို့ ဒီမိုကရေစီ နိုင်ငံရေးလုပ်တယ်ဆိုရင် အလျော့အတင်းဆိုတာရှိရမယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ သည်။

ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို အမှန်တကယ် ကျင့်သုံးသည့် နိုင်ငံတိုင်းတွင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် ကိုယ်စားလှယ် မဟုတ်သော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့် လွှတ်တော်ကို လွှမ်းမိုးနိုင်ခွင့် မရှိကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။

“ဒီမိုကရေစီဆိုတာ ပြည်သူကနေပြီး အုပ်ချုပ်တဲ့ စနစ် ပြည်သူရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေကသာ စိုးမိုးရ မယ်၊ ဩဇာရှိရမယ်။ ပြည်သူရွေးချယ်တင်မြှောက်ခြင်းမရှိတဲ့ ကိုယ်စားလှယ်တွေ မပါဘူးလားဆိုတော့ ပါနိုင်ပါတယ်။ သို့သော်သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေက အကန့်အသတ်နဲ့ပါ။ ကျမတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အဲဒီလို လိုအပ်တဲ့ အကန့်အသက်တွေ မရှိပါဘူး။ ဒါကြောင့် ဒီကိစ္စကို ပြောင်းရမယ်လို့ကျမတို့ပြောတာပါ။ ကျမတို့ကတပ်မတော်ကို ရည်ရွယ်တာ မဟုတ်ပါဘူး။ တခြားအဖွဲ့အစည်းတွေကိုလည်း ဒီလို အခွင့်အရေးပေးရင် ကျမတို့ကန့်ကွက်မှာပါ။ ဘယ်အဖွဲ့အစည်းမဆို ဒီမိုကရေစီကို ယုံကြည်ရင် ဒီမိုကရေစီမူတွေနဲ့ မကိုက်ညီတဲ့ အခွင့်အရေးတွေကိုမယူသင့်ပါဘူး။ ဒါတွေကို ကျမတို့ ကန့်ကွက်မှာဖြစ်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားခဲ့သည်။

“နိုင်ငံရေးကို လုပ်စားတဲ့သူ ဟာ နောက်ရွေးကောက်ပွဲအ တွက်ပဲ စဉ်းစားတယ်တဲ့။ နိုင်ငံ့အရေးကို လုပ်တဲ့သူတွေက နောင် မျိုးဆက်တွေအတွက် စဉ်းစားတယ်။ ဒါအင်မတန်မှန်တဲ့ စကား ပါ။ ဒါကို စွဲစွဲမြဲမြဲမှတ်ထားစေချင်ပါတယ်။” ဟုလည်း ၎က ဆိုသည်။ ရွေးကောက်ပွဲ နိုင်ခြင်းထက် နောင်မျိုးဆက်များအတွက် လုံခြုံမှုရှိခြင်းသည် အရေးကြီးဆုံးဖြစ် ၍ လုံခြုံမှု ဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာ လုံခြံုမှု၊ ရုပ်ပိုင်းဆိုင်ရာ လုံခြံုမှု နှစ်ခု စလုံးရှိမှ ပြီးပြည့်စုံသော နိုင်ငံဖြစ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဤအတောအတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို မဟာမိတ်အဖွဲ့ဝင်များ ပါဝင် သော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အတွင်း၌ ဆွေးနွေး သဘောတူညီမှု ရရှိမှသာ လက်မှတ်ရေးထိုးမည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဖုန်းဟန် မဇ္ဈိမသတင်း သို့ ပြောကြားကြောင်း သိရသည်။ ရှမ်းပြည်တိုးတက်ရေးပါတီ အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်း မည်ဆိုသည်မှာ မိမိတို့အဖွဲ့၏ ရပ်တည်ချက်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးမှု အဆင်ပြေပါက မိမိတို့အနေဖြင့် ငြင်းဆန်ရန် မရှိကြောင်း ဗိုလ်မှူး စိုင်းဖုန်းဟန်က ဆိုသည်။ NCA ထိုးရေး/မထိုးရေး ကိစ္စနှင့်ပတ်သက်၍ FPNCC အဖွဲ့ဝင်များနှင့် ဆွေး နွေးမှု မပြုလုပ်ရသေးသဖြင့် ယတိပြတ် ပြောမရ သေးကြောင်း၊ FPNCC အဖွဲ့ဝင်များနှင့် အစိုးရကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန် က ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့၏ အဆိုအရ အားလုံးသဘောတူမှဆိုလျှင် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်း ရန် ခက်ခဲမည်ဟု ဆိုသည်။ အထူးသဖြင့် လတ်တလော ဖြစ်ပွားနေသော ရခိုင့်တပ်တော် AA နှင့် တပ်မတော်အကြား တိုက်ပွဲများ အရှိန်မြင့်ခြင်းကြောင့် ဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်များတွင် ၂၀၁၈ နိုဝင်ဘာ လမှ စတင်၍ ယနေ့အချိန်အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲရှောင် ပြည်သူ တစ်သိန်းကျော် ရှိနေသည် ဟု သိရသည်။ အကယ်၍ FPNCC အဖွဲ့ဝင်များ အနေဖြင့် တစ်ဖွဲ့၏ အခြေအနေအလိုက်၊ သီးခြားစီ NCA လမ်းကြောင်း အတိုင်း လျှောက်လှမ်းရန် ကြိုးပမ်းကြမည်ဆိုလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့သို့ တစ်လှမ်းတိုးနိုင်လိမ့်မည်ဟု သုံးသပ် ဝေဖန်မှုများလည်း ရှိသည်။ FPNCC တွင် NCA မထိုးရသေးသည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA/UWSP)၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO/KIA)၊ ပလောင်ပြည်နယ် လွတ် မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ကိုးကန့်တပ်ဖွဲ့(MNDAA) နှင့် ရခိုင့်တပ်(AA)၊ တို့ ပါဝင်ဖွဲ့စည်းထားသည်။ ၎ တို့အနက် UWSA/UWSP ၊ NDAA၊ SSPP တို့သည် အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ် (Bilateral) ကို ပြည်နယ်အဆင့်/ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားသော်လည်း KIA၊ TNLA၊ AA၊ MNDAA တို့မှာမူ Bilateral ထိုးနိုင်ရေး အစိုးရနှင့် ညှိနှိုင်းနေဆဲ အခြေအနေ ဖြစ်သည်ဟု မဇ္ဈိမသတင်းအရ သိရသည်။

လက်ရှိ အနေအထားတွင် အစိုးရအနေဖြင့် NCA မထိုးရသေးသည့် FPNCC အဖွဲ့ဝင်များကို တွေ့ဆုံ၍ NCA ထိုးလာနိုင် ရေး ဆွေးနွေးမှုများ ပြုလုပ်နေပြီး၊ Bilateral မထိုးရသေးသည့် KIA၊ TNLA၊ MNDAA၊ AA တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေး နိုင်ရန် ဆောင်ရွက်နေကြောင်း ကြားသိရသည်။ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ကလည်း NCA မထိုးရသေးသည့် EAO-NS-NCA အဖွဲ့များ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြားဝင်စေ့စပ် ဆောင်ရွက် ပေးမှုများ ရှိသည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် ပါဝင်နေကြသူများထံမှ သိရသည်။ လက်ရှိ အခြေအနေတွင် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)မှ ကိုယ်စားလှယ်များ ဖေဖော်ဝါရီ ၁၇-၁၈ ရက်များက တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို ဆွေးနွေးခဲ့ကြသည်။ ယင်းသို့ဆွေးနွေးကြရာတွင် NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား နိုင်ငံရေး မူဘောင်သုံးသပ် အစည်းအဝေးများ၌ ပါဝင် တက်ရောက်ခွင့်ပြုရန် ဆွေးနွေးမှုများ ရှိခဲ့သည်ဟု သိရသည်။

ထိုအခြေအနေအပေါ် ဗိုလ်မှူးစိုင်းဖုန်းဟန်က SSPP/SSA အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဆွေးနွေး ဖြေ ရှင်းမည်ဆိုသော မူရှိသောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ မည်သည့် နိုင်ငံရေးဆွေးနွေးပွဲတွင် မဆို အစိုးရက ဖိတ် ကြားပါက တက်ရောက်မည်ဟု ဆိုသည်။

လက်ရှိတွင် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်(DKBA)၊ ကရင် အမျိုးသား အစည်း အရုံး/ကရင် အမျိုးသား လွတ်မြောက်ရေးတပ်-ငြိမ်းချမ်းေရးကောင်စီ(KNU/KNLA-PC )၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ဖြစ်သည်။

လက်ရှိတွင်“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA/UWSP)၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO/KIA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရခိုင့်တပ် တော်(AA)၊ ကိုးကန့်တပ် (MNDAA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အစရှိသည့် အဖွဲ့များသည် NCA စာချုပ်တွင် ပါဝင် လက်မှတ်ထိုးနိုင်ရန် ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးခရီး၌ အတားအဆီးဖြစ်နေသော ကိစ္စမှာ ပြည်တွင်းစစ်ပြဿနာဖြစ်သည်။ တစ်နည်းပြောရ လျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးပြဿနာ ဖြစ်သည်။ ယင်းကိစ္စနှင့် စပ်လျဉ္း၍လည်း ဒေါ်အောင် ဆန်းစုကြည်က ၂၀၂၀ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် မြဝတီမြို့၌ ပြုလုပ်သည့် လူထုနှင့် တွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေး ကိစ္စသည် လက်နက်ကိုင် တပ်ဖွဲ့များနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ ပြည်သူလူထု အားလုံးနှင့် သက်ဆိုင်သောကြောင့် တိုင်းရင်းသား ပြည်သူအားလုံးပါ ဝင်ဆောင်ရွက်ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့သည်ဟု 7Day News က ဖေါ်ပြသည်။

“ငြိမ်းချမ်းရေးဆိုတာ အပစ်ခတ်ရပ်စဲရေးအတွက်သာ မဟုတ်ဘူး။ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ငြိမ်းချမ်းဖို့အတွက်တင် မဟုတ်ဘူး။ ကျွန်မတို့ရဲ့ ပြည်ထောင်စုအတွင်းမှာ မတူကွဲပြား အားလုံးကြားထဲကနေပြီးတော့ တည်ငြိမ်မှုရအောင်၊ လေးစားချစ်ခင်အောင် နေတတ်နိုင်ဖို့ဦးတည်တာဖြစ်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် ကရင်ပြည်နယ် ပြည်သူများသည် ငြိမ်းချမ်းရေး မရှိခြင်း၏ အနိဌာရုံများကို အသိဆုံး ပြည်သူများထဲတွင် ပါဝင်ပြီး ဖွံ့ဖြိုးသည့်နိုင်ငံနှင့်လည်း နီးစပ်သဖြင့် ငြိမ်းချမ်းခြင်း၏ တန်ဖိုးကို မျက်ဝါးထင်ထင် တွေ့မြင်နေရသည်ဟု ဒေါ်အောင်ဆန်း စုကြည်က က ဆိုသည်။ ထို့ကြောင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းစေရန် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းဆောင်ရွက် ရန် လိုအပ်သည်။ ငြိမ်းချမ်းရေး ရရှိရန်သည် လက်နက်ကိုင်တပ်ဖွဲ့များနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ ပြည်သူအားလုံး နှင့်ဆိုင်သောကြောင့် တစ်ယောက်ချင်းစီ၏ စိတ်ထဲတွင် ငြိမ်းချမ်းရေးလိုချင်သည့် စိတ်ဓာတ် မွေးမြူထား ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကတိုက်တွန်း ပြောကြားခဲ့သည်။

“ပါးစပ်ကတော့ ငြိမ်းချမ်း ရေး၊ ငြိမ်းချမ်းရေးလို့ပြောပြီး တော့ စိတ်ထဲက လောဘ၊ဒေါသ တွေနဲ့လုပ်မယ်ဆိုလို့ရှိရင် ကျွန်မ တို့ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ဟာ ကြာပါလိမ့်မယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံဆင်းရဲသော်လည်း စိတ်ဓာတ်မကျရန်နှင့် စိတ်ဓာတ်ကို မှန်မှန်ကန်ကန်ထားရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုက်တွန်းပြောကြားသွားသည်။ နောက်ကျနေသည့် ဖွံ့ဖြိုးမှုကို ပြန်ပြင်၍ရကြောင်း၊ ထိုသို့ ပြန့်ပြင်ရာတွင် ပြည်သူလူထု အားလုံး စိတ်ဝမ်းမကွဲဘဲ လက်တွဲညီကြရန် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပြောဆိုခဲ့သည်။

ယနေ့မြန်မာ့နိုင်ငံရေး အခြေအနေကို ခြုံငုံသုံးသပ်ပါက လက်ရှိ NCA စားပွဲဝိုင်း ငြိမ်းချမ်းရေးဆွေးနွေးသည့် လုပ်ငန်းစဉ် တွင် ပါဝင်ဆွေးနွေးနေကြသည် ့လက်နက်ကိုင် အဖွဲ့အစည်းများသည် ညှိနှိုင်းဆွေးနွေးကြရာ၌ အပေးအယူ အလျှော့ အတင်း လုပ်ရမည်ကို တွန့်ဆုတ်နေကြကြောင်း တွေ့ရသည်။ ကိုယ်လိုချင်သည့် လိုလားချက်များကို တောင်းဆိုရဲပါက၊ ကိုယ့်ဘက်ကလည်း ပေးသင့်သည့် အချက်များကို စွန့်လွှတ်ပေးအပ်နိုင်သည့် သတ္တိရှိဖို့လိုပေမည်။ ပြည်ထောင်စု တစ်ခု လုံးအကျိုးကို ရှေးရှု၍ အချင်းချင်း အပြန်အလှန် လေးစားမှုဖြင့် အလျှော့အတင်းလုပ်မှသာ ငြိမ်းချမ်းရေး အလားအလာ ကောင်းနိုင်မည်ဖြစ်သည်။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် စစ်ရေးအခြေအနေ မတည်ငြိမ်သည့်အတွက် စိတ် မအေးရသည့် အခြေအနေ ဖြစ်နေသည်။ လက်ရှိ ရခိုင်ပြည်နယ် ပြဿနာနှင့် ကရင်ပြည်နယ် ပြဿနာတို့အပြင် ကချင် နှင့် ရှမ်းပြဿနာများမှာလည်း ယခုအထိ ငြိမ်းချမ်းရေးအလားအလာ မကောင်း ဖြစ်နေသည်။ ထို့ကြောင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA အရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တုံ့ဆိုင်းမှု ဖြစ်ပေါ်စေ သည့် “ပြည်ထောင်စုမှ ခွဲမထွက်ရ” နှင့် “ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုင်ရာ အပေးအယူကိစ္စ” တို့နှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ပွင့်ပွင့်လင်းလင်း ဆက်လက်ညှိနှိုင်းသင့်သည်။ ခွဲမထွက်ရကိစ္စကို ပြည်ထောင်စုသဘော တူ စာချုပ် (Union Accord) ၌ ထည့်သွင်းဖော်ပြရေးကိစ္စကို ‘NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ’ က ‘NCA မထိုးရသေးသည့် အဖွဲ့အစည်းများ’ နှင့် တိုင်ပင်ညှိနှိုင်းပြီးမှ ဆုံးဖြတ်ရန် အဆိုပြုခဲ့သဖြင့် ယခုတိုင် အပြီးသတ် မဆုံးဖြတ်နိုင်သေးဟု သိရသည်။ သို့ဖြစ်၍ ဧပြီလ မတိုင်မီ ကျင်းပရန် စီစဉ်နေသည့် စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံတွင် ‘NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ’ ပါဝင်လာရေးမှာ အလွန်အရေးပါနေသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ အပါအဝင် ဒေသအသီးသီးတွင် ဖြစ်ပွားနေသော တိုက်ပွဲများကို အမြန် ရပ်စဲနိုင်ရန် နည်းလမ်းရှာဖို့လိုသည်။ ထိုက်ပွဲများ ရပ်စဲနိုင်မှသာ ငြိမ်းငန်းရေးလုပ်ငန်းစဉ် ဆက်လက်ဖေါ်ဆောင်နိုင်မည်ဟု သုံးသပ်မိပေသည်။။။။

၂-၃-၂၀၂၀။ တနင်္လာ နေ့ထုတ် ဒီလှိုင်း စာစောင် အတွဲ ၉၊ အမှတ် ၉၊ ၌ ဖေါ်ပြသည့် ဆောင်းပါ။