Breaking News

မောင်စွမ်းရည် - သံတိုင်များနောက်က သံဃာများ



မောင်စွမ်းရည် - သံတိုင်များနောက်က သံဃာများ

(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း၊ ဇူလိုင် ၂၈၊ ၂၀၁၁)

‘‘ဗမာနိုင်ငံဟာ တနိုင်ငံလုံး ထောင်ကျနေတဲ့ နိုင်ငံပါ’’ လို့ စစ်အာဏာရှင် စစ်သံခွာအောက်က ဗမာပြည်သူတွေရဲ့ဘဝကို ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က အတိုဆုံး သရုပ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ဗမာပြည်မှာက တပြည်လုံးထောင်ကျနေတဲ့ အပြင်၊ ထောင်ထဲက အကျဉ်း၊ အကျဉ်းထဲက အကျပ်၊ အကျပ်ထဲက အကြုံ့ဆိုသလို ကျပ်သထက်ကျပ်၊ ကျုံ့သထက်ကျုံ့တဲ့နေရာတွေ တိုးလာနေပါတယ်။ တိုင်းတပါး ဘာသာခြား အင်္ဂလိပ်အစိုးရလက်ထက်ကဆိုရင် ဦးဝိစာရနဲ့ ဦးဥတ္တမ ဆရာတော်ကြီးနှစ်ပါးပဲ ထောင်ချခံခဲ့ ရတာ အထင်အရှားရှိခဲ့ဖူးပါတယ်။ ဗမာစစ်အစိုးရလက်ထက်မှာတော့ ရဟန်းသံဃာဟူသမျှ ထောင်မကျတာ မရှိဖူးသလောက်ပါပဲ။ မဟာ ဘွဲ့တံဆိပ်တော်ရ သံဃာ့မဟာနာယကများက လွဲလို့ပေါ့လေ။ စစ်အစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာဝင်အစိုးရဆိုတာ ဟုတ်မှ ဟုတ်ပါလေစ။ ဘီလူးသဘက်၊ ငရဲသားတွေများအုပ်စိုးနေသလား အောက်မေ့ရပါတယ်။ သံဃာတွေကို ဖမ်းဆီးပြီး ထောင်ချရုံမက သင်္ကန် ချွတ်၊ ဆံဆိုကြိမ်းမောင်း ရိုက်နှက်ကန်ကျောက်၊ သတ်ဖြတ်တာတွေကို မကြားဝံ့မနာ လုပ်နေလိုက်ကြပါတယ်။ ဒီကြားထဲ သာသနာ့ဒါယကာမင်းလို့ နာမည်ခံချင်လို့ ကြိုးစားသေးတဲ့အခါ ယမမင်းအဖြစ်နဲ့သာ ကမ္ဘာကျော်ခဲ့ပါတယ်။

စစ်အာဏာရှင်လက်ထက်မှာ စစ်တပ်လက်စွဲ စာနယ်ဇင်းနဲ့ ရုပ်မြင်သံကြားတွေပဲရှိတော့ သူတို့မတရားလုပ်တဲ့ မကောင်းသတင်းတွေကို ဖုံးဖိထားပြီး သူတို့မလုပ်တဲ့ကောင်းသတင်းတွေပဲ လွှင့်နေခဲ့ပါတယ်။ ဒါပေမယ့် ပုပ်ရင်ပေါ်၊ ပေါ်ရင်နံစော်တော့တာပါပဲ။ နှိပ်ကွပ်သတ်ညှစ်တာတွေကြားက မသေလို့ထွက်လာတဲ့ ရှင်လူရဟန်းတွေက ဒင်းတို့ရဲ့ ယုတ်မာချက်တွေကို ခွေးရေပုရပိုဒ်မှာ မှတ်တမ်းတင်နေကြတာ ပလူပျံနေပါပြီ။ ခုထွက်လာတဲ့ စာအုပ်ကတော့ သာသနာ့ဥသျှောင်အဖွဲ့ရဲ့ အမှတ်တံဆိပ်နဲ့ပါ။ အဖွဲ့ကြီးရဲ့ နာမည်နဲ့ဆိုရင် ဒီစာအုပ်ဟာ နှေးကွေးနည်းပါးနေသေးတယ်။ နောက်ထပ် အလျှိုလျှို ထွက်လာလိမ့်ဦးမယ်လို့ မျှော်လင့်ရပါတယ်။

စာအုပ်အမည်က ‘‘သံတိုင်နောက်က မှတ်တမ်းများ’’ တဲ့။ စာအုပ်လေးက စာမျက်နှာ ၂၀ဝ နီးပါးရှိပြီး ဆောင်းပါး တဒါဇင်မျှပဲ ပါရှိပါတယ်။ ဆောင်းပါးရှင် သံဃာအမည်၊ အကျဉ်းသားဟောင်းသံဃာ ဒါဇင်ဝက်လောက်ပဲပါရှိသေးတာ တွေ့ရပါတယ်။ အရှင်ဇဝန၊ ဦးလာဘသာမိ၊ ဦးဥက္ကံသ၊ ဦးစန္ဒောဘာသ၊ ဦးသောကိတ၊ ဦးပညာသာမိ အာလုံး (၆) ပါးပါ။ နောက်ဆက်တွဲစာရင်းမှာ အဖမ်းအဆီးခံရသူ ရဟန်း၊ လူ၊ သီလရှင် စုစုပေါင်း ၁၉၂ ဦး မျှ ရှိပါသေးတယ်။ ဒါဟာ စာရင်းလုပ်လို့ ရသမျှနဲ့တူပါတယ်။ တကယ်က ပျံလွန်တော်မူတဲ့ စာရင်းအကြမ်းဖျင်း လုပ်ကြည့်ရင်ကိုပဲ ၁၉၂ ဦးမက ရှိနိုင်ပါတယ်။ ခု စာရေးသူတွေထဲမှာက မျက်မြင်သက်သေ၊ ထောင်ကျဖက်လူတွေရဲ့ အမည်များလဲ ပါရှိပါတယ်။ စာမူစုဆောင်းရတာက ဗမာပြည်နဲ့အနီးဆုံး ထိုင်းနယ်စပ်မှာပဲဆိုတော့ ပြည်တွင်းက စာမူတွေတော့ မရနိုင်ဘူးပေါ့။ အဓိက စုဆောင်းသူက အရှင်ဇဝနနဲ့ အရှင်ပညာနန္ဒ သာသနာ့ဥသျှောင် အဖွဲ့ချုပ်ကိုယ်တော့ နှစ်ပါးပဲဖြစ်ပါတယ်။

ရွှေဝါရောင်အရေးတော်ပုံကြီး ၂၀ဝ၇ က လွတ်မြောက်ရှင်ကျန်တဲ့ကိ်ုယ်တော်တွေ အများကြီးရှိပါသေးတယ်။ ကိုယ်တိုင်ရေးမှ မဟုတ်ပါဘူး။ ဒီစာအုပ်ထဲက နမူနာအတိုင်း ထောင်ကျဘက်ရဲဘော်တွေကလဲ ရေးနိုင်တာမို့ နောက်ထပ်အများကြီးဖော်ထုတ်နိုင်ပါဦးမယ်။ မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ ထောင်တွင်း ထောင်ပြင် ဖြစ်ရပ်များက နားစွန်နားဖျားကြားရတာနဲ့ပဲ ကြက်သီးထရပါတယ်။ တိပိဋိက ဆရာတော် ဦးသုမင်္ဂလ၊ ရွှေဘုန်းပွင့်ဆရာတော်၊ ရန်ကင်းမဟာဗောဓိဆရာတော်၊ ကျောက်ကုန်း မေဝီနိဆရာတော်၊ မန္တလေးသံဃာ့သမဂ္ဂီ ဥက္ကဌ ဦးရေဝတ၊ အင်းစိန်ရွာမ ဆရာတော် စတဲ့ ဆရာတော်ကြီးတွေအကြောင်းကိုလဲ ထောင်ကျဖက် ကိုယ်တော် များနဲ့ ဒကများက ရေးသားဖော်ထုတ်ကြရင် ဘယ်လောက်ကောင်းမလဲလို့ တမ်းတမိပါတယ်။ အရှင်ဇဝနနဲ့ ဦးငွေလှိုင်၊ ကိုနိုင်ကျော်၊ ကိုလွန်းနွေညိန်းတို့လိုပေါ့။

ဒီစာအုပ်ထဲမှာ ဖမ်းဆီးပုံ အမျိုးမျိုးတွေ့ရပါတယ်။ တချို့ဟက သံဃာအုံကြွမှုကိစ္စ ဘာမှမသိလိုက်တဲ့ ဆရာတော်ကြီးတွေနဲ့ ကိုရင်လေးတွေကို မသိရကောင်းလားဆိုပြီး ဖမ်းတာပါ။ တောထဲမှာ တဲကလေးတလုံးနဲ့ ဧကစာသတင်းသုံးနေရှာတဲ့ ကိုယ်တော်ကြီးတပါး ကိုလဲ ထွက်ပြေးတဲ့ရဟန်းတပါးကို လက်ခံမှုနဲ့ ဖမ်းသတဲ့။ တချို့ကိုတော့ သံဃာ့အစည်းအဝေးဖိတ်တယ်ဆိုပြီး စုလာတော့မှ ဆီးဖမ်းသတဲ့။ တချို့ကိုတော့ ကုလား-ဗမာရိုက်ပွဲဖြစ်နေတယ်လို့ ထောက်လှမ်းရေးသမားတဦးက ကျောင်းပေါ်တက်အော်ပြီး ထောင်ချောက်ဆင်ဖမ်းသတဲ့။ ဘယ်လိုနည်းနဲ့ဖမ်းဖမ်း၊ မိလာရင် သင်္ကန်းချွတ်၊ ဦးခေါင်းကို ဂုံနီအိတ်စွတ်၊ လက်ထိပ်ခတ်၊ သံခြေကျင်းခတ် (ခြေမသန်တဲ့ကိုယ်တော်ပဲဖြစ်စေဦးတော့) သတဲ့။ ပြီးမှ မင်းတို့ ‘‘သင်္ကန်းဝတ်’’ တွေ ဘယ်လောက်မိုက်သလဲ။ ငါတို့ကို အလုပ်ရှုပ်အောင်လုပ်အုံးဟဆိုပြီး နာရင်းကို ဘယ်ပြန်ညာပြန်အုပ်၊ လက်သီးနဲ့ ဗိုက်ကိုထိုး၊ ကျော်တို့ ရင်ဘတ်တို့ကိုရော စစ်ဖိနပ်နဲ့ကန်၊ မေ့ကြောကျဉ်ကြောတွေ နှိပ်ပြီး ကုပ်ဆွဲ၊ ခြေချောင်းလက်ချောင်းကိုတက်နင်း၊ နားရွက်ဆွဲ။ နံရုံးကုတ်ဆွဲ၊ မကြားဝံ့မနာသာ ဆဲဆို နှိပ်စက် ပါသတဲ့။ ဆွမ်းမကျွေး၊ ရေမတိုက်ပဲလဲ နှိပ်စက်သတဲ့။ ကျောက်စရစ်လမ်းပေါ် ဒူးကတောင် ထောက်ခိုင်းပြီး သွားခိုင်း၊ မိကျောင်းတွားသွားခိုင်းပြီး သွေးစက်စက် ကျစေသတဲ့။ လက်ဖျန်ကို ဝိုင်ယာကြိုးမြှုပ်ပြီး ဘက်ထရီနဲ့ရှော့တိုက်သတဲ့။ တချို့ဆရာတော်ကြီးများဆိုရင် တင်ပြင်ခွေပြီး မြေကြီးပေါ်ထိုင်ခိုင်း၊ နဖူးကို မြေထိအောင်ငုံ့၊ လက်ကို ရှေ့ပစ်မှောက်ချထားခိုင်းသတဲ့။ အရေးပေါ်ပုံစံကြီး ထိုင်ခိုင်းတာဆိုပဲ။ တရားထိုင်လဲ ရိုက်၊ ကဗျာရွတ်လဲ ရိုက်၊ တရားဆွေးနွေးလဲ ရိုက်သတဲ့။ လူကြီးတွေ၊ ဘုန်းကြီးတွေကို မင်းနဲ့ငါနဲ့ ပြောရုံမက အယုတ်တမာဆဲဆို ပြောသတဲ့။ ကဲ ခင်ဗျားတို့ ယုံနိုင်သေးရဲ့လား။

သမိုင်းဆရာ ဒေါက်တာအေးချမ်း၊ ဆရာဝန်ဒေါက်တာတင်မျိုးဝင်း၊ ဗိုလ်ကြီးစိုင်းဝင်းကျော်၊ ကဗျာဆရာ ရွှေဘုန်းလူ (တာရာမင်းဝေ)၊ ကဗျာဆရာ ကြည်တင်ဦး စတဲ့ လူအကျဉ်းသားတွေ သတ္တိပြောင်ပုံ၊ အနှိပ်စက်ခံရပုံတွေကိုလဲ သံဃာတော်များက မှတ်တမ်းတင်ပါတယ်။ ကဗျာဆရာတယောက်ကိုဆိုရင် (ပြောရစေတော့) မွေးရာပါပစ္စည်းကို တုတ်နဲ့ရိုက်၊ ဆေးလိမ်မီးနဲ့ တို့ပြီး နှိပ်စက်ခံရသတဲ့။ ကျောင်းသားတွေ၊ ဆရာတွေ၊ ဆရာဝန်တွေ၊ စစ်ဗိုလ်တွေ အမျိုးမျိုးဟာ ဘယ်လောက်နှိပ်စက် နှိပ်စက် ပြန်သတိမလစ်ခင်အချိန်ထိ အာခံပြီး ပြန်အော်လေ့ရှိသတဲ့။ ဒီပုဂ္ဂိုလ်တွေဟာလဲ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အာဇာနည်သူရဲကောင်းတွေအဖြစ် ကျနော်တို့ ပြည်သူတွေ အလေးပြုကြရမှာပဲ။

ဒီဇာတ်လမ်းတွေမှာ ငရဲသားကြီးတွေကိုလဲ မှတ်တမ်းတင်ရမယ်။ ဒေါက်တာအေးချမ်းရဲ့ ကျောင်းနေဘက် သူငယ်ချင်း ထောင်မှူးပြုံးချိုဆိုတာလဲ အဆန်းပဲ။ ဒေါက်တာအေးချမ်းကို ‘‘သူငယ်ချင်းထွက်ခဲ့’’ လို့ခေါ်ပြီး ဦးခေါင်းကို အိတ်စွပ် နှောင်ကြိုးတဲ ခေါ်သွားသတဲ့။ ပြီးတော့ နေရာမလပ် စိစိကြေအောင် ရိုက်ပါလေရောတဲ့။ ဒါပေမယ့် နောက်တော့ ရာထူးတက်သွားတာကို ခံယူရပြီး ကိုယ့်ကိုယ်ကို သတ်သေသွားရှာသတဲ့။ ထောင်မှူး ကျော်သန်းဆိုတာကတော့ သူများကိုရိုက်ရာမှာ ရက်စက်လွန်းသတဲ့။ သူ့ကို အထက်က အမှုစစ်တော့ လိမ်ညာစစ်ပေးဖို့ ဘုန်းကြီးရဲ့လက်ကို ယုယုယယဆွဲကိုင်ပြီး တောင်းပန်းရှာသတဲ့။ နန်းမတော် မယ်နု အသတ်ခံရခါနီးတော့ ဆရာတော်ကြီး ဦးဗုဒ်ကို လာကန်တော့တဲ့အခါ ဆရာတော်ကြီးက ‘‘မယ်နု နင့်ကြွေးရှိရင်ဆပ်ပေါ့’’ လို့ မိန့်တော်မူ လိုက်သတဲ့။ ခုလဲ ဘုန်းတော်ကြီး ဦးစန္ဒောဘာသက ‘‘ကိုယ်ဖြစ်ရင် ကိုယ်ခံပေါ့’’ လို့ ပြန်ဖြေလိုက်ပါသတဲ့။ ဦးစန္ဒောဘာသာကို ကျောရော ရင်ပါ စစ်ဖိနပ်နဲ့ ပြေးပြေးကန်သူက တပ်ကြပ်ကြီးထွန်းကြည်တဲ့။ ကန်တာ ခြောက်ကြိမ်၊ နားရင်းအုပ်တာ လေးကြိမ်၊ ပြီးမှ မှောက်ခိုင်းပြီး နံပါတ်ဒုတ်နဲ့ ရိုက်တော့တာတဲ့။ သံဃာတော်တွေကတော့ ဘုရားသားတော်တွေဖြစ်လို့ သည်းခံပေမယ့် ယမမင်းကြီးက သည်းခံပေးမယ် မဟုတ်ဘူး။ ဝဋ်အမြဲ အငရဲအပဆိုသလို ငရဲမင်းက စစ်ဗိုလ်ထောင်မှူးတွေကို ငါထက်မိုက်တဲ့ကောင်တွေဆိုပြီး လွတ်လိုက်ပေမယ့် ဝဋ်လိုက်တာကတော့ လွတ်ရိုးမရှိပါဘူးတဲ့။ ထောင်မှူးကျော်သန်း၊ ဒုချုပ် ဘုန်းဟန်တဲ့၊ တပ်ကြပ်ကြီး ထွန်းကြည်၊ ထောင်မှူး ပြုံးချို၊ မဟုတ်တာရေးတဲ့ တင်သန်းဦးတဲ့။ မျက်မှောက်ဘဝမှာပဲ သူတို့ဘယ်လို ဝဋ်ကြွေးဆပ်သွားရမလဲဆိုတာ စောင့်ကြည့်ကြရုံပါပဲ။ တယောက်ကတော့ အသဲကင်ဆာနဲ့ဆုံးရှာပြီ။ တယောက်ကတော့ ကြိုးဆွဲချပြီး ကြွေးဆပ်သွားရှာပြီ။

သူတို့မှာ သူတို့အထက်ကခိုင်းစေတဲ့ အာဏာရှင် ဗိုလ်ချုပ်၊ ဗိုလ်မှူးတွေ အဆင့်ဆင့်ရှိပါသေးတယ်။ ‘‘အစွမယ်လိုသူ မိဘုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ မုဆိုး ကျနော်မျိုး’’ ဆိုပြီး တရားခံ သုံးစုမှာ ဗိုလ်ချုပ်ကြီးတွေရာ၊ ဗိုလ်ချုပ်ကတော်တွေရော၊ ဒီဝဋ်ကြွေးတွေက လွတ်ပါ့မလား။ လွတ်ပါစေလို့ ဆုတောင်းပေးလိုက်ပါမယ်။ ဒါပေမယ့် သူတို့နှိပ်စက်တာခံရတဲ့ ရှင်လူရဟန်းအာလုံးကတော့ သမိုင်းမှာ ‘‘အာဇာနည်’’ အဖြစ်နဲ့ မော်ကွန်းတင်ခံရပြီး ဘယ်တော့မှ သေရှာမဟုတ်ပါဘူး။ စောင့်ကြည့်ကြပါစို့ ...။