Breaking News

ခွန်ဆိုင်း - နောက်ကြောင်းပြန် သင်ပုန်းကြီးဖတ်စာ အိမ်စာ သင်ခန်းစာ နဲ့ ဝမ်းစာ ( ၅ )



ခွန်ဆိုင်း - နောက်ကြောင်းပြန် သင်ပုန်းကြီးဖတ်စာ အိမ်စာ သင်ခန်းစာ နဲ့ ဝမ်းစာ ( ၅ )

(မိုးမခ) မတ် ၅၊ ၂၀၂၀


Martin McGuinness
Former Deputy First Minister of Northern Ireland


ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ခေါင်းဆောင်ဟာ လာမယ့် အနာဂတ်- လာမယ့်ခေတ်ကို ဘယ်လောက်ကြိုမြင်ထား သလဲ ။ သူမြင်သလောက် သူ့ ဆုံးဖြတ်ချက် သူ့ အပေးအယူ အမှန်အမှားတွေ ဖြစ်လာမှာပဲ ။ သွားနေတဲ့ ရေရှည်စစ်ကြီးကို နောက်မျိုးဆက်တွေ လက်ထဲ ထည့် ခဲ့မှာ လား ။ နောင် နှစ် ၃၀မှာ သူ့ မျိုးဆက်တွေ ရင်ဆိုင်ရမယ့် ကမ္ဘာက ဘယ်လိုကမ္ဘာဖြစ်နေမ လဲ ။ အဲဒီအချိန်မှာ သူ့မျိုးဆက်တွေ က ဗုံးတွေသေနတ်တွေနဲ့ ယဥ်ပါး ဖြေရှင်းတတ်တဲ့ မျိုးဆက်ပဲ ဆက် ဖြစ်နေမလား ။ ဘာတွေ ပြင်ဆင်ပေးထားခဲ့သင့်သလဲ ။ ဘာတွေ အဆင်သင့် လမ်းခင်းပေးထားသင့်သလဲ။ ဒီလို မျှော်မြင် တွေးဆ အခြေခံ နဲ့ အပေးအယူလုပ် ပြီး ငြိမ်းချမ်းရေး စာချုပ်တခု အောင်မြင်အောင် ချုပ်ဆိုခဲ့တဲ့ ပျောက်ကြားခေါင်းဆောင်တယောက် အကြောင်း ပြောချင်ပါတယ်။

အိုင်ယာလန်သမိုင်းမှာ IRA ပျောက်ကြား ခေါင်းဆောင်မာတင်မက်ဂင်းနစ် ဆိုတာ အထူးထင်ရှားပြီး သူတို့ လက်မှတ်ထိုးခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် Good Friday Agreement ဟာ လူမျိုးငယ်တမျိုးအတွက် အလွန်ကို စိတ်ဝင်စားဖွယ် အပေးအယူကိစ္စတွေ ပါခဲ့ ပါတယ်။ ဘယ်လို အပေးအယူလုပ်ခဲ့ သလဲ ကြည့်ရအောင် ။

အိုင်အာအေ IRA ( အိုင်ယာလန် ရီပတ်ဘလစ်ကန် အာမီ ) ဆိုတာ အိုင်ယာလန်ကျွန်း ၂ခြမ်း ( အင်္ဂလိပ် နိုင်ငံနဲ့ ပေါင်းနေတဲ့ မြောက်အိုင်ယာလန်အခြမ်း နဲ့ မူလ အိုင်းရစ်တွေရဲ့ အိုင်ယာလန် ကျွန်းမကြီးအခြမ်း ) ကွဲ နေတာ ကို ပြန်လည်ပေါင်းစည်း ဘို့ အင်္ဂလိပ်ကို ပျောက်ကျားစစ်ဆင် ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့တခုပါ ။ နှစ်ပေါင်းများစွာ အင်္ဂလိပ် ကို ဒုက္ခပေးနိုင်တဲ့ တပ်ဖွဲ့တခုဖြစ်ခဲ့ပါတယ် ။
အိုင်ယာလန် ရဲ့ နိုင်ငံရေးနောက်ခံသမိုင်း ကို နဲနဲ အတိုချုပ်ပြောရ ရင် လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်- ၁၇၉၀ လောက်က အိုင်ယာလန် ကျွန်းကို အင်္ဂလိပ် တွေ သိမ်းပိုက်အုပ်ချုပ်ခဲ့တာက စကြမယ် ။ အင်္ဂလိပ်လက်အောက်မှာ အိုင်းရစ် တွေ နှစ်တရာကျော် ပုန်ကန် လာကြတယ်။ ၁၉၂၁ ဒီဇင်ဘာ ၆ရက်နေ့ ကျတော့ အင်္ဂလို-အိုင်းရစ် ငြိမ်းချမ်းရေး စာချုပ်( Anglo-Irish Treaty ) ချုပ်နဲ့ အိုင်ယာလန်လွတ်မြောက်ရေး စစ်ပွဲ တွေ အဆုံးသတ်၊ အင်္ဂလိပ်နဲ့ စစ်ပြေငြိမ်း ခဲ့ကြတယ်။ ကျွန်းက တောင်-မြောက် - ၂ခြမ်းဖြစ်သွားတာပေါ့ ။ 

စုစုပေါင်း ၃၂ နယ် ရှိတဲ့ ကျွန်း ကြီးရဲ့ နယ် ၂၆ နယ် တောင်ဖက်ခြမ်း ကို အိုင်းရစ်တွေ ပိုင်စိုး တယ်။ ရီပတ်ဘလစ်အော့ဖ် အိုင်ယာလန်နိုင်ငံ ဖြစ်လာတယ်။ အဲဒီမှာ က အဓိက ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင် အများစု နေထိုင် တယ် ။ ကျန်တဲ့ ၆နယ်ပါတဲ့ မြောက်ခြမ်း က အင်္ဂလိပ်အုပ်ချုပ်မှုအောက် ရောက်သွားတယ်။ ပရိုတက်စတင့် ခရစ်ယာန်ဘာသာဝင် အများစု နေထိုင် တဲ့ မြောက်အိုင်ယာလန် ဖြစ်လာတယ် ။ ဒီလို အင်္ဂလိပ်နဲ့ သဘောတူ စစ်ပြေငြိမ်းတာ မြောက်ပိုင်းကအိုင်ယာလန်နယ်၆နယ်အင်္ဂလိပ်နဲ့ အတူတူ ပေါင်းသွားတာ ( ပါသွားတာကို ) မကြိုက်တဲ့ အင်္ဂလိုအိုင်းရစ် စာချုပ်ကိုလက်မခံနိုင်တဲ့ မျိုးချစ်တွေကလဲ ရှိသေးတော့ အိုင်ယာလန်မှာ ပြည်တွင်းစစ်ဆက်ဖြစ်နေတာပေါ့။ 

အိုင်းရစ်မျိုးချစ်တွေက အိုင်ယာလန်ကျွန်း ၂ခြမ်းကွဲနေတာကို သဘောမကျသလိုမြောက်အိုင်ယာလန်နယ်ထဲ နေကြရတဲ့ ကက်သလစ်ဘာသာဝင်တွေကျပြန်တော့ ပရိုတက်စတင့်တွေနှိမ်တာကိုခံနေရတယ်လို့ ခံစားချက် ရှိကြတယ် ။ ရှင်ဖိန်းပါတီ ဆိုတာပေါ်လာပြီး သူ့ပါတီ မူဝါဒ က အိုင်ယာလန် ကျွန်း ၂ခြမ်း ပြန်လည်ပေါင်းစည်းလွတ်မြောက်ရေးပဲ ။ အဲလို အခြေခံ မျိုး ဆိုတော့ အင်္ဂလိပ် တွေ က ဘယ်ကြိုက်နိုင် မလဲ ။ ရှင်ဖိန်းပါတီက အိုင်ယာလန် - မြောက်အိုင်ယာလန် ၂ဖက် လုံးမှာရှိတယ်။
၁၉၆၀ လောက်ကစပြီး အိုင်အာအေ ပျောက်ကြားတိုက်ခိုက်မှုတွေ မြောက်အိုင်ယာလန်မှာ စတင်တယ်။ မြို့တော်ဘဲဖတ်စ်မှာ တခြိမ်းခြိမ်းဗုံးကွဲတယ် ။ တခါတလေ လန်ဒန် ဘာမင်ဟန် မန်ချက်စတာ မြို့တွေ အထိ အိုင်အာအေက တက်ခွဲကြတာ ။ လူစည်ကားရာ ဘတ်စ်ကားတွေ အရက်ဘားတွေထဲအထိ ။ ၁၉၉၈ အထိ ကာလ ကို ရေတွက်ရင် နှစ် ၄၀ နီးပါး ပြည်တွင်းစစ် တခုလိုပေါ့။ အဲဒီကာလတွေကို The Troubles လို့ အင်္ဂလိပ်တွေက သုံးကြတယ် ။ IRA ဟာ ရှင်ဖိန်းပါတီရဲ့ လက်နက်ကိုင်အဖွဲ့ လို့ အိုင်ယာလန် အစိုးရ အင်္ဂလန် လူထုနဲ့ အစိုးရက ထင်မြင်ကြ ယူဆစွပ်စွဲ ခဲ့ကြပါတယ်။ ( ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးတွေလဲ လက်နက်နဲ့ဖြေရှင်းတာတွေ မကင်းခဲ့ ဘူးဆိုတာ ဒီနေရာမှာ သတိချပ်စေချင်မိပါတယ် ။) (SINN FEIN ) ကို အင်္ဂလိပ် စာလုံးပေါင်း S နဲ့ ပေါင်းပေမယ့် အသံထွက်တဲ့အခါ ကျတော့ ရှင်ဖိန်းလို့ ထွက်ပါတယ်။ 

အဲဒီပါတီက လက်ဝဲ ယိမ်း အမျိုးသားဝါဒနဲ့ ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒ တွေကို ယုံကြည်တယ် ။ နိုင်ငံတကာ တော်လှန်ရေး လှုပ်ရှားမှုတွေ ကို စာနာ-ထောက်ခံ-ချိတ်ဆက် တာတွေ ရှိတယ်။ ဥပမာ ပါလက်စတိုင်းလှုပ်ရှားမှု ကို ထောက်ခံတာမျိုး ။ IRA က ပြည်တွင်း မှာ လက်နက်ကိုင်လှုပ်ရှားတိုက်ခိုက် ။ သူများတိုင်းပြည် က သူပုန်တွေကိုလဲ လှမ်းမိတ်ဖွဲ့ ဆိုတော့ ပြည်တွင်းအိုင်ယာလန်လူထုက ရှင်ဖိန်းပါတီ ကို သိတ် မထောက်ခံရဲကြပါဘူး ။
ဒီနေရာမှာ ပျောက်ကြားခေါင်းဆောင် မာတင်မက်ဂင်းနစ် အခန်းက အဓိကကျလာတယ် ။ မာတင် မက်ဂင်းနစ် ( Martin McGuiness ) ဟာ မြောက်အိုင်ယာလန် မှာ အားလုံးအထူးလေးစားတဲ့ IRA တိုက်ခိုက်ရေး ထိပ်တန်းခေါင်းဆောင်ဖြစ်ခဲ့တယ် ။ အသက် ၂၁ အရွယ် ၁၉၇၂ ခုနှစ် မှာ သူ့နယ် Derry IRA အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်ဖြစ်နေပြီ ။ ဆန္ဒပြတဲ့လူ ၁၄ ယောက်ကို ဗြိတိသျှ စစ်သားတွေက ပစ်ခတ်လို့ တခါတည်း သေကြတာတွေလဲ သူ့နယ်မှာဖြစ်ခဲ့တယ်။
သူဟာ နောက်ပိုင်းမှာ အဓိကငြိမ်းချမ်းရေးပိသုကာဖြစ်လာခဲ့ တယ် ။ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ သူလိုချင်တာ ရယူမယ့်အစား နိုင်ငံရေးနည်းနဲ့ယူဘို့ သူစိတ်ပြောင်းလာခဲ့သတဲ့ ။ တိုနီဘလဲ နဲ့ သူ ဆွေးနွေးခဲ့တဲ့ အကြောင်းတွေကို တိုနီဘလဲ ပြန် ပြောပြတာက မာတင်မက်ဂင်းနဲ့ ဟာ အင်္ဂလိပ်တွေ ကြောင့် ဖြစ်ခဲ့ရတဲ့ သူတို့ ထိခိုက်နစ်နာရမှု တွေကို စိတ်နာတာက တပိုင်း ၊ ဒီလူ့ စိတ်ထဲမှာ လာမယ့်နှစ် ၂၀-၃၀ ကျရင် ခေတ်ဟာ တမျိုးပြောင်းလဲ နေတော့မယ်လို့ သူ့ စိတ်ထဲမှာ မြင်နေတဲ့အကြောင်း ပြောခဲ့သတဲ့ ။ ငြိမ်းချမ်းရေးကို မရ ရအောင် ယူမယ်ဆိုပြီး ၁၉၈၀ လောက်ကျတော့ သူ ရှင်ဖိန်း ပါတီ ထဲဝင်တယ်။ ပါတီ နိုင်ငံရေးထဲ ရောက်လာ တယ်။ဒီ ကြားမှာ ဖမ်းခံရတာတွေလဲ ရှိတယ် ။ ရှင်ဖိန်းပါတီဟာ နိုင်ငံရေးအရ သဘောထားတင်းမာပြီး သူတို့ ရဲ့ ရွေးကောက်ခံ အမတ်တွေဟာ အင်္ဂလိပ်တွေ ကြီးစိုးတဲ့ ဝက်မင်စတာပါလီမန်ကိုတော့ မသွား ကြဘူး၊ မတက်ကြဘူး ။ ကိုယ်စားလှယ်လဲ မလွှတ်ဘူးဆိုတဲ့ အစဥ်အလာနဲ့ နေကြသတဲ့ ။ ရှိနေတဲ့ ပဋိပက္ခတွေကို နိုင်ငံရေးအရညှိယူဘို့ အင်္ဂလိပ်နဲ့ သူ လျှို့ဝှက်ဆွေးနွေးစားပွဲတွေ အကြိမ်ကြိမ်ထိုင် စကားပြောကြတယ် ။ 

သူတို့တဖက်က ဆွေးနွေးနေတဲ့အချိန် တဖက်မြို့တွင်းမှာ IRA တပ်ဖွဲ့တွေက ဖေါက်ခွဲရေးတွေလုပ်နေခဲ့တုန်းတဲ့ ။ ဆွေးနွေး တာတပိုင်း။ တိုက်ခိုက်တာတပိုင်း နဲ့ ၁၉၈၀နှောင်းပိုင်းလောက်ကစ စကားစပြောကြတာ ၁၀ နှစ်လောက်ကြာသွား တယ် ။ ၁၉၉၀ ကျော်မှာ အပေးအယူစ ဖြစ်လာကြတယ်။ ၁၉၉၃ ဗြိတိန်ဝန်ကြီးချုပ် ဂျွန်မေဂျာလက်ထက်ကျတော့ မြောက်အိုင်ယာလန်သားတွေ ရဲ့ ဆန္ဒမဲ အနဲ အများပေါ်မူတည်ပြီး ကြိုက်တဲ့ ဘက်နဲ့ ပူးပေါင်းပိုင်ခွင့် ရှိရေးကို စ ဆွေးနွေးနိုင် ခဲ့ကြပြီ။ ဒီလိုနဲ့ ဆက်ဆွေးနွေးတာ ၁၉၉၇ တိုနီဘလဲဝန်ကြီးချုပ်လက်ထက်ရောက်တဲ့ အထိ ၅နှစ်ကျော် ထပ်ကြာတယ် ။ တိုနီဘလဲနဲ့ မာတင်မက်ဂင်းနစ် ၁၉၉၈ ဧပြီလ ၁၀ ရက်နေ့ ရောက်တဲ့အခါမှာတော့ Good Friday Agreement ငြိမ်းချမ်းရေး စာချုပ်ကို ချုပ်နိုင်ခဲ့ကြသတဲ့ ။ ဗြိတိသျှ အစိုးရ ၊ အိုင်ယာလန်အစိုးရနဲ့ မြောက်အိုင်ယာလန် က ပါတီ ၈ခု စုပေါင်း လက်မှတ်ထိုးကြတယ် ။ ခုလို သဘောတူညီချက်ရအောင် အမေရိကန်သမတ ဘီလ်ကလင်တန် ကလဲ ကြားဝင် တိုက်တွန်း အားပေးခဲ့တယ်။ 

စာချုပ်မှာ ပါတဲ့ အချက်တွေအရ IRA ဟာ လက်နက်ကိုင်လမ်းစဥ်ကိုလုံးဝ စွန့်ရတယ်။ လက်နက်တွေ တကယ်အပ်ရတယ်။ အင်္ဂလိပ်ဘက်က သဘောတူလိုက်လျောရတဲ့ အချက်တွေလဲ အများကြီး ။ ၁၉၆၉ ခုနှစ် ကတည်းက ချထားခဲ့ တဲ့ အင်္ဂလိပ် စစ်တပ်တွေ ရုတ်သိမ်း။ဖမ်းဝါးရမ်းထုတ်ထားတဲ့ IRA ပျောက်ကြားတွေကို အရေးမယူ လွတ်ငြိမ်းချမ်းသာခွင့် ပေး ။ ပြည်ပတိမ်းရှောင်နေသူများ တိုင်းပြည်ပြန်လာခွင့် ပေး ။ မြောက်အိုင်ယာလန်မှာမွေးလာသူက အိုင်းရစ်ဖြစ်ချင်လဲ ရတယ်။ အင်္ဂလိပ်ဖြစ်ချင်လဲ ရတယ်။ ၂မျိုးလုံးဖြစ်ချင်လဲ ရတယ်။ အင်္ဂလိပ် မှတ်ပုံတင်ကိုင်လဲ ရ ။ အိုင်ယာလန်မှတ်ပုံတင် ကိုင်လဲရ ။၂ခုလုံးကိုင်ချင်လဲ ရ ။ ကြိုက်တဲ့ ဘာသာ ကိုးကွယ် ကူးပြောင်း ။ အိုင်ယာလန်-မြောက်အိုင်ယာလန် ဟိုဖက်ဒီဖက် ၂ဖက်လုံးမှာ နိုင်ငံသားအားလုံး နယ်စပ် ကို အချိန်မရွေး အစစ်အဆေး အတားအဆီး မရှိ ဖြတ်ကျော်ခွင့်ရကြတယ်။ တချိန်ချိန်မှာ မြောက်အိုင်ယာလန် ပြည်နယ် လူထုကို အိုင်ယာလန်နဲ့ ပေါင်းချင်သလား လူထုဆန္ဒခံယူပွဲ လုပ်ကြည့် လို့ ပေါင်းချင်တဲ့ဖက်က မဲ နိုင်ခဲ့ရင်လဲ အင်္ဂလိပ်က အသာတကြည် ပြန်ပေါင်းခွင့် ပေးမယ် ဆိုတဲ့ ကတိတွေပါတယ်။
ဒီ နိုင်ငံရေး တောင်းဆိုချက်တွေ ကို တိုက်ခိုက်ရေးသမား မာတင်မက်ဂင်းနစ်က ဦးစီး ဖေါ်ဆောင်သွားတာ ။ သူအဖွဲ့ကလူတွေကို အင်္ဂလိပ်ဆီ လက်နက်အပ်ဖို့ ပြောတော့ တချို့က ခြောက်လုံးပြူးအဟောင်းတွေ ပြောင်းတို တွေပဲ အပ်ကြတယ် ။ တိုက်ခိုက်ရေးရိုင်ဖယ်တွေကို မအပ်ဘူး ။ ဖွက်ထားကြတယ်။ စာချုပ်ပြီးတာနဲ့ ချက်ချင်း တပြည်လုံး အပစ်ရပ် ငြိမ်းချမ်းသွားတာမျိုးလဲ မဟုတ်ဘူး ။ အင်္ဂလိပ်ဘက်တော်သား ပရိုတက်စတင့်တွေအမြင်မှာ Good Friday Agreement စာချုပ် ဟာ ကက်သလစ် ဘာသာဝင်တွေဘက် ကို အရမ်း လိုက်တယ်။ အသားပေးတယ်လို့ မြင်ကြ တယ်။ သက္ကရာဇ် ၂၀၀၁-၂၀၀၂ အထိ ကြိုကြားကြိုကြား ပစ်ခတ်တာတွေတနှစ်ကို အကြိမ် ၁၀၀ ကျော်လောက် ဆက်ဖြစ်နေတာပဲ ။ မြောက်အိုင်ယာလန်ပါလီမန်က လဲ ပုံမှန်မထိုင်နိုင်ဘူး။ ရပ်နေလိုက်ကြ ။ပြန်ထိုင်လိုက်ကြ ။ အိုင်အာအေ ပျောက်ကြားတွေလက်နက်အကုန် မအပ်ကြဘူးဆိုပြီး ဗြိတိသျှ ဘက်သား ယူနီယံနစ် တွေဘက် က မယုံကြည် ။
ဒါပေမယ့် စာချုပ်အပေါ် လူထု သဘောထား ဆန္ဒခံယူကြည့်တဲ့ အခါ မြောက်အိုင်ယာလန် ပြည်သူ အများစုကတကယ် ငြိမ်းချမ်းချင်တာပြနေ တယ်။ Good Friday Agreement ကို ၇၁ ရာခိုင်နှုန်းက သဘောကျကြောင်း - YES ဆန္ဒမဲ ပေးကြပါတယ်။
ငြိမ်းချမ်းရေး စာချုပ်ချုပ်ပြီးတော့မှ နောက်ထပ် Real IRA ဆိုတဲ့ အဖွဲ့ထပ်ပေါ်လာပြီး ကြိုကြားကြိုကြား တိုက်ခိုက်တာတွေ ဖြစ်တယ် ။ ၁၉၉၈ သြဂုတ်လ ၁၅ ရက် Omagh မှာ ခွဲတဲ့ ဗုံး ဟာ လူ ၂၉ ယောက်သေပြီး လူ ၂၂၀ အထိ ဒဏ်ရာရကြတဲ့အတွက် မြောက်အိုင်ယာလန် ပဋိပက္ခမှာ အဆိုးဆုံး ဗုံးကွဲမှု လို့ မှတ်တမ်းတင်ထားရပါတယ်။ ၂၀၀၅ ဇူလိုင်လရောက်တော့မှ တကယ်လက်နက်စွန့်ပါပြီလို့ ကက်သလစ် နဲ့ ပရိုတက်စတင့် ဘုန်းတော်ကြီးတွေ ရှေ့မှာ အိုင်အာအေတွေ ကျမ်းကျိန်သစ္စာဆို ကြတာဆိုတော့ ၁၉၉၈ ငြိမ်းချမ်းရေးစာချုပ်ဟာ ၇ ကြာမှ တကယ် တည်တဲ့သဘော ။ မချောမွေ့တတ်ကြတဲ့ ဓမ္မတာတွေ ။ ဗြိတိသျှ တပ်မတော်ကို ၁၉၆၉ ကတည်းက မြောက်အိုင်ယာလန်မှာ ချထားခဲ့တာ ၂၀၀၇ ကျမှ ပြန်ရုတ်သိမ်းနိုင် တာဆိုတော့ ၃၈နှစ် ကြာ ခဲ့ တာပေါ့ ။ Real IRA နံမည်နဲ့ ဆက် တိုက်ခိုက်နေသူတွေ စိတ် ထဲမှာ ငြိမ်းချမ်းရေး စာချုပ်လက်မှတ်ထိုးကြ လက်နက် အပ်ခဲ့ကြတဲ့ ကိစ္စဟာ ဗြိတိသျှ ကို လက်နက်ချအညံ့ခံလိုက်တာ၊ အိုင်ယာလန် လွတ်မြောက်ရေး အသက်စွန့် ကြိုးပမ်းရင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို သစ္စာဖေါက်တာနဲ့တူတယ် လို့ ယူဆကြသတဲ့ ။
၂၀၀၅ ခုနှစ်တုန်းက မြောက်အိုင်ယာလန်ရဲ့ အမေရိကန် အထူးကိုယ်စားလှယ် Mitchell Reiss, ( the United States Special Envoy for Northern Ireland ) က ဥရောပ က ရှင်ဖိန်းလို နိုင်ငံရေးပါတီတခုမှာ လက်နက်ကိုင်တပ်ရှိနေတာကို သူ အရမ်းအံ့သြတာပဲလို့ ထုတ်ဖေါ်ဝေဖန် တယ်။ ၂၀၀၄ ထဲမှာ ဖြစ်ပွါးတဲ့ ပေါင် ၂၆ သန်းခွဲလောက် ဆုံးရှုံးသွားတဲ့ ဘဲလ်ဖတ်စ် မြို့ပေါ် က ဘဏ် ဓါးပြ အမှုဟာ အိုင်အာအေတွေ လက်ချက်လို့ ယူဆ စွပ်စွဲကြ။ အဲဒါနဲ့ ဆက်စပ်လို့ ၂၀၀၅ ခုနှစ်ထဲမှာ ရှင်ဖိန်းပါတီ အမတ် ၄ယောက်ကို ဗြိတိသျှ ပါလီမန်က လစာ တနှစ် မပေးပဲ ဖြတ်တောက်အရေးယူတာတွေလဲ ဖြစ်ဖူးတယ်။ ခုထိ မကြာခဏ ဟိုနားဒီနား ဗုံးထောင်တာတွေ ရှိနေသေးတုန်း ။ ဒါပေမယ့် လူထုက ဗုံးထောင်တာ သတင်းရရင် ရဲကို သတင်းပေးတယ်။ 

အိုင်းရစ်ဘက်က မျိုးချစ်တွေ-ဗြိတိသျှ ဘက်က ယူနီယံနစ်တွေ ။ သူတို့ ၂ဖက် လုံး သူတို့နဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်တွေကျင်းပတဲ့ အခါမျိုးကျရင် တဖက်နဲ့တဖက် စောင်းကြချိတ်ကြထိုးကြကြိတ်က အထိကရုဏ်းဖြစ်ကြ တာတွေလဲ အခုထိ တွေ့နိုင်တုန်း ။ ဒါပေမယ့် ပြည်နယ် အစိုးရက ရအောင်ထိမ်းသိမ်းပါ တယ်။လူထုကြီး ကလဲ ထိမ်းထိမ်းသိမ်းသိမ်းရှိတယ်။ 

မာတင်မက်ဂင်းနစ် ၂၀၁၇ ထဲ မှာ ကွယ်လွန်သွားပါတယ်။ ။ ဒါပေမယ့် မာတင်မက်ဂင်းနစ် ချခဲ့ တဲ့ Good Friday Agreement ငြိမ်းချမ်းရေးမူဘောင်ကိုတော့ လူထုနဲ့ အစိုးရက သေချာစောင့်ကြတယ်။ မချိုးဖေါက်ကြ ဘူး။ ဆက်လျှောက်နေကြတယ်။ မြောက်အိုင်ယာလန်ရဲ့ ဒုတိယ ဝန်ကြီးချုပ်ဖြစ်တဲ့ အထိ မာတင်မက်ဂင်းနစ်က နိုင်ငံရေး မျက်နှာစာ မှာနေခဲ့ ပြီး ငြိမ်းချမ်းရေးကို တည်ဆောက် ထိမ်းသိမ်းသွားခဲ့ တယ်။ သူ ကွယ်လွန်ချိန်မှာ အမေရိကန်သမတ ဟောင်း ဘီလ်ကလင်တန် က သူ့ကို ဂုဏ်ပြု ချီးကျူးစကားဆိုပါတယ် ။ 
ဒီလိုဆိုတော့ မြောက်အိုင်ယာလန် ဟာ လုံးဝ တကယ် အေးချမ်းခဲ့ပြီလား ။
အောက်တိုဘာ ၂၀၁၅ ခုနှစ်မှာ မြောက်အိုင်ယာလန်ပါလီမန် သုံးသတ်ချက်ကတော့ အိုင်အာအေခေါင်းဆောင်ပိုင်း ဟာ အင်အားကြီးကြီး မဟုတ်တော့တဲ့တိုင် ကျစ်ကျစ်လစ်လစ် အိုင်အာအေကောင်စီအဖြစ် နဲ့ ရှိနေတုန်း။ ရှင်ဖိန်းပါတီ နဲ့ အိုင်အာအေကို ချုပ်ကိုင်ထားတုန်း။ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် မထိပါး မပျက်ပြားဘို့အတွက်တော့ သူတို့ ထိမ်းသိမ်းဆောင်ရွက်ကြ တယ်။ ဒါပေမယ့် အိုင်ယာလန်ပေါင်းစည်းရေး အတွက် ရှင်ဖိန်းပါတီ က ငြိမ်းချမ်းတဲ့နိုင်ငံရေး နည်း နဲ့ ဆက်လက် ဆောင်ရွက်နေတာလို့ ဆုံးဖြတ် သုံးသတ်ထားပါတယ်။( ရှင်ဖိန်းပါတီက နိုင်ငံရေးမျက်နှာစာ ။ IRA က စစ်ရေးမျက်နှာစာ ။ ရည်ရွယ်ချက်က တခုတည်းလို့ ပြောကြပါတယ်။ )

အခု အင်္ဂလန် အီးယူကနေ ထွက်ဖို့ဖြစ်လာတဲ့ အခါ မြောက်အိုင်ယာလန် သား ၅၆ ရာခိုင်နှုန်းက မထွက်ချင်တဲ့ ဘက်မှာ ။ သူတို့ မဲပေးပေမယ့် အင်္ဂလန် ထွက်ရေးမဲတွေက သာသွားတော့ သူတို့လဲ လိုက်ထွက်ရတော့တာပေါ့။
ဘရက်စစ် နိုင်ငံရေး အရွေ့အပြောင်းမှာ စိတ်ဝင်စားစရာက အိုင်းရစ်တွေ ဟာ အီးယူက မထွက်ချင်ပဲ အင်္ဂလိပ်မဲကြောင့်ထွက်ရတာ ဆိုပြီး စိတ်တို။ မျိုးချစ်စိတ်တွေ ကြွ ။ ရှင်ဖိန်းပါတီ ရဲ့ ကျွန်းပြန်လည်ပေါင်းစည်းရေး ပေါ်လစီ လူထုကြားမှာ ပြန် ခေတ်စား ။ အိုင်ယာလန် ရွေးကောက်ပွဲမှာ အရင်က မဲ ဘယ်တုန်းကမှ များများ မနိုင်တဲ့ ရှင်ဖိန်းပါတီမဲအများဆုံး ရလာတယ်။ အရင် အိုင်ယာလန်မှာ ပါတီ ၂ခုပဲ အမြဲ ကြီးစိုးတာ ။ အခု ရှင်ဖိန်း တက်လာတော့ ၃ပါတီ ဖြစ်သွားတာပေါ့။ ရှင်ဖိန်း ညွန့်ပေါင်း လုပ်ရင် အစိုးရ ဖွဲ့လို့ ရနိုင်သွားပြီ ။
အခု အိုင်ယာလန် က ရှင်ဖိန်းပါတီ ခေါင်းဆောင်က အမျိုးသမီး။ မယ်ရီမက်ဒေါနယ်။ သူ့ကို အင်တာဗျူးတော့ ဆန္ဒခံယူပွဲလုပ်ပြီး နိုင်ခဲ့ရင် အိုင်ယာလန်နဲ့ ပြန်ပေါင်းမလား ။ ပေါင်းလို့မရရင် အိုင်အာအေ အဖွဲ့ ပြန်ပေါ်လာပြီး တိုက်ခိုက်တာတွေ ပြန် ဖြစ်လာနိုင် မလား စတဲ့ အဓိပ္ပါယ်ပါတဲ့ မေးခွန်းတွေ မေးကြပါ တယ်
သူပြန်ဖြေပုံက လဲ စိတ်ဝင်စားစရာ ။ သူတို့ ပြန်လည်ပေါင်းစည်းရေးဆီ သွားမယ်။ ဒါပေမယ့် အကြမ်းမဖက်တဲ့နည်းနဲ့ သွားမယ်။ အကြမ်းဖက်IRA လက်နက်ကိုင်လမ်းကို မရွေးတော့ဘူး ။ ခေတ် အနေအထားတွေဟာ အရင်လို မဟုတ်ပဲ ဗုံးတွေကျည်ဆံတွေ မလိုပဲ ပြောင်းလဲနေကြတာပါလို့ ပြန်ဖြေသွားတာတွေ့ပါတယ်။ အနာဂတ် အိုင်ယာလန် မြောက်အိုင်ယာလန်နိုင်ငံရေး ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားဘို့ကောင်းတယ်။
ကျွန်တော် တွေးနေတာ ငြိမ်းချမ်းတဲ့နိုင်ငံရေး လမ်းကို ရွေးခဲ့တဲ့ မာတင်မက်ဂင်းနစ် အကြောင်းပဲ ။ လွန်ခဲ့တဲ့နှစ် ၃၀လောက်က စ ကြိုးပမ်းခဲ့တဲ့ နိုင်ငံရေးနည်းလမ်းဟာ အိုင်းရစ်ပြည်သူတွေ မြောက်အိုင်ယာလန် က ပြည်သူတွေ အတွက် အထူးပဲ အကျိုးဖြစ်ခဲ့ မှန်ကန်ခဲ့ပါတယ်။ အိုင်ယာလန်နိုင်ငံဆိုရင် statisticstimes.com ဖေါ်ပြချက်အရ ၂၀၂၀ မှာ ကမ္ဘာ့ နိုင်ငံအားလုံးထဲမှာ ဂျီဒီပီ ( ကမ္ဘာ့အဆင့် ၃ ) ရှိတယ်။ တနာရီလုပ်ခ လစာ အင်္ဂလန်ထက်သာ တယ် ။ ဥရောပနိုင်ငံအားလုံးထဲ ဖွံ့ဖြိုးတိုးတက်မှု အများဆုံးနိုင်ငံထဲမှာပါ တယ်။ မာတင်မက်ဂင်းနစ်သာ နိုင်ငံရေးလမ်းကို မရွေး ပဲ ဗုံးနဲ့ သေနတ်ကို ရွေး ခဲ့ရင် ခုလို မတိုးတက် ပဲ စီးပွါးရေးဘယ်သူမှ လာမလုပ်ရဲ ဗုံးတခြိမ်းခြိမ်းကွဲနေတဲ့ ကျွန်းတကျွန်း ဖြစ် နေမှာ ပေါ့ ။

ဦးသိန်းစိန်အစိုးရလက်ထက်က စတင်ကြိုးစားတဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်ရောက်လာတဲ့ အထိ ဘာမှ မတိုးတက်ဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ အကုန်မပါဘူး။ ရှေ့မတိုး - နောက်မဆုတ် နဲ့ ငြိမ်းချမ်းရေး က ဝေးပါတယ်။ တပြည်လုံး အတိုင်းအတာ အပစ်ရပ်စဲဘို့တောင် မလုပ်နိုင်ကြတာ ဆိုပြီး တချို့ အပြစ်တင် ဝေဖန် နေကြပါတယ်။
အိုင်အာအေအဖွဲ့ တဖွဲ့ထဲ နဲ့ အင်္ဂလိပ် အစိုးရနဲ့ ညှိတာမျိုးတောင် ၁၀ နှစ်ကျော်ကြာတယ်။ ကျွန်တော်တို့ဆီက အဖွဲ့တွေများတော့ စိတ်ရှည်ရပါမယ်။ ဖွဲ့စည်းပုံကလဲ မပြင်နိုင်သေးတော့ ပိုကြာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တွေ့ဆုံ စကားပြောကြတဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေတာမို့ စိတ်ရှည်လက်ရှည်ဆက်ကြိုးစားသွားကြရမှာပါ ။ မြန်မာပြည် ငြိမ်းချမ်းရေး ဟာ လွယ်ကူတဲ့လုပ်ငန်းစဥ်မဟုတ် ။ ၂ဖက်လုံးက အပေးအယူ မလုပ်ရင် မရဘူး ဆိုတာ မြင်လွယ်ပါတယ်။

တပ်မတော်နဲ့ စစ်ရေးတင်းမာခဲ့ တဲ့ တိုင်းရင်းသား ညီနောင် မဟာမိတ် ၃ဖွဲ့ ၂၀၁၉ စက်တင်ဘာက စပြီး အပစ်ရပ် ထားတယ်။ အခု ၂၀၁၀ ဖေဖေါ်ဝါရီလကုန် အထိတဖက်သတ် အပစ်ရပ်ကြောင်း တတိယအကြိမ်ကြေငြာ ထားတယ် လို့ နားလည်မိပါတယ်။ ဒါ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေ ခြေလှမ်းတွေလို့ မြင်ပါတယ်။ နိုင်ငံရေး အသာစီး ယူတယ် လို့ မမြင်ပါ ။ တိုက်ပွဲများဆက်လက်ဖြစ်ပွါးနေတဲ့ အခု ရခိုင် မြို့နယ်တချို့ မှာ ရွေးကောက်ပွဲတွေ မကျင်းပ နိုင်ရင် ရခိုင်ပြည်သူတွေသာ နစ်နာကြမှာပါ ။

၂၀၂၀ ရွေးကောက်ပွဲ ပြီးရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ ဆက်လက် ရင်ဆိုင်ရမယ့် အခက်အခဲတွေက ကြီးမားပါတယ်။ ရခိုင် ပြည်နယ် အေအေတပ်မတော်နဲ့ တပ်မတော်ကြားတိုက်ပွဲများ ရပ်စဲဘို့ ။တဖက်နိုင်ငံရောက်ဒုက္ခသည်တွေပြန်ခေါ်ရေး ။ အိုင်စီဂျေမှာ အမှု ဆက်လက်ရင်ဆိုင်ရေး ။ အဲဒီလို ရခိုင် ပြည်နယ်အခြေခံတဲ့ ပြဿနာ ၃မျိုး လုံး ဟာ ဧရာမ လုပ်ငန်းစဥ်တွေ ။ အစိုးရတရပ်ထဲနဲ့ ဖြေရှင်းလို့ မပြီးတဲ့ လုပ်ငန်းစဥ်တွေ ။ ဒေသခံတိုင်းရင်းသားတွေ မပါပဲ ဖြေရှင်းလို မရတဲ့ လုပ်ငန်းစဥ်တွေဖြစ်နေပြီး အားလုံးခက်ခဲပါတယ်။
အိုင်စီဂျေရောက် အမှုအခင်းကြောင့် မီဒီယာတွေက သိတ် အလေးပေးဖေါ်ပြလိုခြင်းမရှိ တဲ့ ရခိုင်နောက်ခံသမိုင်းကြောင်းကို ကမ္ဘာက အခု ဆင်ခြင်ခွင့်ရတယ်။ မေဂျာရတီ မိုင်နော်ရတီ လူနည်းစု လူများစု ကိစ္စ ။ ရိုဟင်ဂျာတွေ အကုန်လုံး မောင်းထုတ် ခံရတာလား ။ ဘယ်လောက်ကျန်ခဲ့တာလဲ ။ သူတို့ လုံခြုံရဲ့လား ။ ဘာတွေကို စလုပ်ရင် လွယ်ကူအောင်မြင်နိုင်တဲ့ လုပ်ငန်းစဥ်တွေ ဖြစ်မလဲ စတဲ့ အချက်တွေကို မြန်မာ့အရေး ရခိုင့်အရေး ရိုဟင်ဂျာ အရေး လှုပ်ရှားနေသူတွေ အားလုံး အတွက် ကျယ်ပြန့် မှန်ကန်တဲ့ ချဥ်းကပ်မှုကို အထောက်အကူပြုနိုင်ပါလိမ့်မယ်။
အိုင်စီဂျေက ချမှတ်ခဲ့ တဲ့ provisional measure များကြောင့် ရခိုင်ပြည်နယ် တရားဥပဒေစိုးမိုးဘို့ တပ်နဲ့ ရဲ မှာ တာဝန်ပိုကြီးလာပါတယ်။ ပယောဂကြောင့်ဖြစ်စေ တိုက်ဆိုင်မှုကြောင့်ဖြစ်စေ လူမျိုးစုများကြား ပဋိပက္ခတွေ ရာဇဝတ်မှုတွေ ရှိနိုင်ပေမယ့်တရားဥပဒေ စိုးမိုးနေသမျှ ဆိုးဝါးတဲ့ ဖြစ်စဥ်တွေ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အစိုးရ တပ်မတော် နဲ့ လူထု တိုင်းပြည်အကျိုးအတွက် ပိုမို ပူးပေါင်း လုပ်သွားကြမယ် မျှော်လင့်ရပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်း များ သတင်းဌါနတွေကို ပိတ်ပင်တာဟာ ပြဿနာ များ ကို ပို ရှုပ်ထွေးစေ သတင်းအချက်အလက်ကိန်းဂဏန်းများကို ပို မခိုင်မမာ မမှန်မကန်ဖြစ်စေပါတယ်။ ပြဿနာတခု ရှိရင် သတင်းဌါနများကို မပိတ်ပင်ထား ပဲ ဝင်ခွင့်ပြုရင် အကွာအဟ မများ၊ အ ငြင်းပွါးစရာ နည်းပါး သက်သာ။ သတင်းပြန်ကြားရေး မြန်ဆန်သွက်လက်လာပါ မယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးက သတင်းစာ ရှင်းလင်းပွဲ တွေလုပ်လာတာလဲ အထူးကောင်းမွန်ပါတယ်။ ပြဿနာများကို မြင်သာ ထင်သာ ( Transparency ) ပိုဖြစ်လာစေပါတယ်။

အိုင်စီဂျေအမှုကနေ ကျွန်တော်တို့ ဘာ သင်ခန်းစာ ဘာအတွေ့အကြုံတွေ ယူကြရကြသင့်သလဲ ။ 

နိုင်ငံတကာကလက်ခံတဲ့ ဥပဒေ စံနှုန်းတွေ - အတွေးအမြင် အယူအဆတွေ ငါတို့နဲ့ ဘယ်လောက်ကွာနေလဲ ။ ပရော်ဖက်ရှင်နယ် တပ်မတော်ဆိုတာ ဘယ်လို ဖြစ်သင့် လဲ ။
အာဆာ ကို ရှင်းလင်းတဲ့ စစ်ဆင်ရေးပြီးစမှာ တပ်မတော်ကို လူထု အားကိုးထောက်ခံမှု တက်သွားတာသေချာပါ တယ်။ ဒါပေမယ့်နောက်ပိုင်း ကမ္ဘာက ပြစ်တင်လာကြတဲ့အခါ နယ်မြေ ရှင်းလင်း တဲ့ စစ်ဆင်ရေးကြီးတခုလုံး အပေါ် လူထုအမြင် အနည်းဆုံး ၂အုပ်စု ကွဲလာပါလိမ့်မယ် ။ တစုက အာဆာကို ရှင်းရင်း အာဆာကို ထောက်ပန့်တဲ့ ရွာတွေကို ထိခိုက်တာ အရပ်သားနဲ့ အာဆာ မကွဲလို့ မှားယွင်းကြ တာ အပြစ်မရှိဘူး ဆိုတဲ့ အယူအဆ အုပ်စု ။ နောက်အစုက အာဆာကို ရှင်းတာ တော့ လက်ခံ နိုင် မယ်၊ အာဆာအဖွဲ့ဝင်တွေရှင်းရင်း ရွာနဲ့ ရွာသူရွာသားတွေ ကို ထိခိုက် စေ တာ လုံးဝလက်မခံ ဘူးဆိုတဲ့အုပ်စု။ ပထမ အုပ်စုက အစွန်းထွက်- စစ်ရာဇဝတ်မှုတွေဖြစ်မှာကို အားပေးရာကျတယ် ။ ဒုတိယ အယူအဆကို တော့ ကမ္ဘာက ချင့်ချိန်လက်ခံလို့ ရနိုင်တယ်။

တိုင်းပြည် တပြည်ရဲ့ တပ်မတော်ကို ပရော်ဖက်ရှင်နယ် ဖြစ်စေချင်ရင် နိုင်ငံတကာစံတွေက ဘာတွေလဲ ။ ငါတိုင်းပြည် ငါ့ဥပဒေ ဆိုပြီး လုပ်လို့ မရနိုင်ပါ ။ လုံခြုံရေး အတွက် စောဒက မပွါး ပေမယ့် အမြန်ရှင်းလင်းရတဲ့ ကိစ္စတွေ အကြောင်းပြမှု မျိုး ကို ကမ္ဘာက သဘောတူမှာ မဟုတ်ပါဘူး။မီဒီယာတွေ ဝင်ရောက်ခွင့် မပြုနိုင်တာ ကြောင့် အမှုတွေ ပို ရှုပ်ခဲ့ပါတယ်။ ဝင်ခွင့်ပေးထားခဲ့ ရင် အဖြစ်အပျက်တွေ အမှန်အတိုင်း စောစီးစွာ ရှင်းလင်း ၊ အမှားအယွင်းတွေကို စောစီးစွာ အရေးယူနိုင် ခဲ့ ရ မှာပါ ။
အခုလဲ တိုက်ပွဲများကြောင့် အင်တာနက်တွေပိတ်နေတာ ကို သေချာ စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံတကာ အမြင်မှာ မေးခွန်းထုတ်စရာပါ ။ အင်တာနက်များ အမြန်ပွင့်ပါစေ။

ကိုယ်လိုချင်တဲ့ အစိုးရကို မဲပေးပြီး တင်မြှောက် နိုင်တဲ့ အဆင့်တဆင့် ကို တော့ ရလာပါပြီ။ မဲနဲ့တင်တဲ့ အစိုးရကို လူထုက မကြိုက်တဲ့နေ့ မဲနဲ့သာ ဖြုတ်ချဘို့ ရှိပါတယ် ။ လွှတ်တော်ဖျက်ပစ် ကာလုံခေါ်ပစ် ဆိုတဲ့ လေသံဟောင်းများကို ပြန်လွမ်းမနေကြပါနဲ့ ။ ဖွဲ့စည်းပုံ မြန်မြန်ပြင်နိုင်လေ ငြိမ်းချမ်းရေး နီး လေပါ ။

နောင်မျိုးဆက်တွေရဲ့ အနာဂတ် ခေတ်အခင်းအကျင်းဆီ ကို လှမ်းမြင်နိုင်စွမ်းရှိ ။ အမြော်အမြင်ကြီးမားတဲ့ နိုင်ငံရေး စစ်ရေးခေါင်းဆောင်များ ဖြစ်ကြပါစေ ။ ဖြစ်တည်လာတဲ့ ရာစုနှစ်နဲ့ အညီ နိုင်ငံရေး မျိုးဆက်သစ် များစွာလဲ အပြိုင်အဆိုင် ထွန်းကားနိုင်ပါစေ ကြောင်း ဆုတောင်းရင်းဖြင့် ။

နိုင်ငံသားအားလုံးကို လေးစားစွာ
ခွန်ဆိုင်း ( ၂- ၀၃-၂၀၂၀ )