Breaking News

သူရထိုက် - စာအုပ်တွေ အမှိုက်ဘဝ မရောက်စေချင်

credit- elephantinthelab.org
စာအုပ်တွေ အမှိုက်ဘဝ မရောက်စေချင်
သူရထိုက်
(မိုးမခ) မတ် ၆၊ ၂၀၂၀

တစ်နေ့ကလူမှုကွန်ရက်စာမျက်နှာပေါ်ပေါ်မှာ စိတ်မသက်သာစရာ သတင်းတစ်ပုဒ်ကို ပုံနဲ့တကွတွေ့လိုက်ရတယ်။ စိတ်မသက်မသာဖြစ်မိတာက ကျွန်တော့်အနေနဲ့စာသမား၊ ပေသမား၊ စာအုပ်ချစ်သူတစ်ဦးဖြစ်နေလိ့ပါ။ ဒီ့ပြင်လူေတွအနေနဲ့တော့ ကျွန်တော့်လိုခံစားမှုမျိုးရှိချင်မှရှိပါလိမ့်မယ်။ အကြောင်းစုံရှင်းပြပါရစေ။

စာအုပ်စျေးပွဲတော်တစ်ခုမှာ စာအုပ်ရောင်းတဲ့သူကစာအုပ်ကိုပိဿာချိန်နဲ့ရောင်းနေတာကိုတွေ့လိုက်ရလို့ြဖစ်ပါတယ်။ စာအုပ်ရဲ့တန်ဘိုးကို ဘယ်၍ဘယ်မျှသတ်မှတ်မထားဘဲ ပုံထားတဲ့စာအုပ်တွေထဲကကြိုက်တာကိုကောက်ယူစေပြီး တစ်ပိဿာကို ၂၀၀၀ ကျပ်နဲ့ရောင်းနေလို့ဖြစ်တယ်။ စာအုပ်ရောင်းတာနဲ့မတူဘဲ ကုန်ပစ္စည်းထုတ်ပိုးဖို့အတွက်အသုံးမလိုတဲ့စာရွက်တွေကို ပိဿာချိန်နဲ့ရောင်းသလိုဖြစ်နေတယ်။

တလောကလည်း အဲဒီလိုသဘောသက်ရောက်တဲ့ကာတွန်းပုံတစ်ပုံကိုတွေ့လိုက်မိတယ်။ သေဆုံးသွားတဲ့စာအုပ်တစ်အုပ်ရဲ့အသုဘအခေါင်းကို မြေမြုပ်သဂြိုလ်ဖို့အတွက် အသုဘချလာတဲ့ပုံဖြစ်ပါတယ်။ စာအုပ်ရဲ့အသုဘအေခါင်းကို သယ်ယူလာတဲ့သူတွေကတော့ ဂိမ်းကစားတဲ့လက်ကိုင်၊ တယ်လီဗေးရှင်း၊ လက်ကိုင် တယ်လီဖုန်းနဲ့ကွန်ပျူတာတို့ဖြစ်ပါတယ်။ ဆိုလိုတာကတော့ စာအုပ်စာပေတွေသေဆုံးသွားပြီပေါ့၊ ခေတ်မရှိတော့ဘူးပေါ့။

အိုင်တီခေတ်ထဲမှ ာအီလက်ထရောနစ်ပစ္စည်းတွေ၊ နေရာယူလာပြီပေါ့။ အဲဒီပုံတွေကိုကြည့်ရင်းကျွန်တော့်ရဲ့စာပေဘဝအစကိုပြန်ပြီးတွေးမိတယ်။

လွန်ခဲ့တဲ့အနှစ်လေးဆယ်ကျော်လောက်က ကျွန်တော့်အဖေတာဝန်ကျရာ မြန်မာပြည်အထက်ပိုင်း၊ စစ် ကိုင်းတိုင်းထဲက အင်းတော်မြို့လေးမှ ာကျွန်တော်တို့မိသားစုေနခဲ့ရတယ်။ အဲဒီအချိန်ကာလက သွားရေး၊ လာရေး၊ လမ်းပန်းဆက်သွယ်ရေး အတော်ကလေးကိုခက်ခဲပါတယ်။ အင်းတော်မြို့ကို ရန်ကုန်ကနေသွားမယ်ဆိုရင် မန္တလေးကနေတစ်ဆင့်သွားရတယ်။ အဲဒီတုန်းကေတာ့ မီးရထားကိုပဲအားကိုးပြီးသွားရတာပေါ့။ မန္တလေးကိုရောက်တဲ့အခါ မြစ်ကြီးနားရထားဖြစ်စေ၊ နဘားလော်ကယ်ရထားဖြစ်စေစီးပြီး အင်းတော်ကို ခရီးဆက်ရပါတယ်။ မီးရထားလက်မှတ်အခက်အခဲဖြစ်တဲ့အခါ မန္တလေးမှာ အချိန်ပိုကြာတတ်တယ်။ရန်ကုန်ကနေအင်းတော်ကို အမြန်ဆုံးနှစ်ညအိပ် သုံးရက်လောက်သွားခဲ့ရတယ်။ တယ်လီဖုန်းဆက်သွယ်ရေးကလည်းမကောင်းသလို ကြေးနန်းကိုလည်းသိပ်ပြီးအားကိုးလို့မရဘူး။ 

မှတ်မိသေးရဲ့၊ ကျွန်တော့်အဘွားဆုံးလို့ကျွန်တော့်အဖေဆီကို ကြေးနန်းရိုက်ပြီး အကြောင်းကြားတာ ကြေး နန်းက မရောက်သေးဘူး။ သတင်းစာကအရင်ရောက်လာလို့နာရေးကြော်ငြာမှာတွေ့ပြီး ရန်ကုန်ကိုအပြေးသွားခဲ့ရတယ်။
အသုဘချတာမမီဘဲ ရက်လည်ဆွမ်းမသွပ်ခင်မှာ ရောက်တယ်။ အများအားဖြင့် စာတိုက်ကိုပဲ အားကိုးအား ထားပြုရပါတယ်။
         လမ်းပမ်းဆက်သွယ်ရေးခက်ခဲခဲ့ပေမယ့်လို့ အဲဒီအချိန်တုန်းက အင်းတော်မြို့လေးဟာ စာပေအနုပညာနဲ့ပတ်သက်ရင်ရေချိန်မြင့်တယ်လို့ဆိုရပါလိမ့်မယ်။ ကျွန်တော်တို့ရှိစဉ်အခါက စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးဆန်းလွင် ( နောင်အခါ ဦးအာဒိစ္စဝံသဘွဲ့နဲ့ရဟန်းဝတ်ခဲ့ပြီး ပျံလွန်တော်မူခဲ့သူ)ဟာ အဲဒီမြို့'မှာ မနော်ဟရီအလှ' ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုလာရောက်ရိုက်ကူးခဲ့ဖူးတယ်။ အဲဒီမြို့မှာရှိတဲ့ ' ခေတ်ကြေးမုံ ' စာကြည့် တိုက်မှာ ရေးသူဖတ်သူဆွေးနွေးပွဲ လုပ်ခဲ့တယ်။ စာကြည့်တိုက်ကိုညနေ ၅ နာရီမှာဖွင့်တယ်။ စာအုပ်ငှားဖတ်ချင်တဲ့သူတွေက စာကြည့်တိုက်မှာအသင်းဝင်ပြီး စာအုပ်ငှားဖတ်လို့ရတယ်။ စာပေဟောပြောပွဲတွေကို အောင်မင်္ဂလာ ရုပ်ရှင်ရုံထဲမှာ နှစ်စဉ်နှစ်တိုင်းဆိုသလို ကျင်းပပြုလုပ်ခဲ့တယ်။ စာပေဟောပြောပွဲတွေအပြင်စာပေပြိုင်ပွဲတွေကိုလည်း ကျင်းပပြုလုပ်ပေးတယ်။ ကျွန်တော်လည်း ကလောင်ဝင်သွေးခဲ့တာပေါ့။

     အင်းတော် အစိုးရ အထက်တန်း ကျောင်း မှာ သူငယ်တန်းကနေ ဆယ်တန်းအထိ သင်ကြားပေးတယ်။ကျောင်းမှာလည်း ကျောင်းစာတိုက်ရှိတယ်။ ကျွန်တော်တို့ကိုစာသင်တဲ့ဆရာဦးချစ်စရာ ( မောင်သာချစ်-ဝက်လက်) ကစာကြည့်တိုက်ကို ဦးစီးဆောင်ရွက်လုပ်ကိုင်တယ်။ မုန့်စားဆင်းချိန်မှ စာကြည့်တိုက်ကိုဖွင့်ပေးလို့ စာအုပ်ဖတ်ချင်တဲ့ကျောင်းသားကျောင်းသူတွေ ဖတ်ရှုလေ့လာနိုင်တယ်။ ရွှေသွေး၊ တေဇတို့ကျောင်းသားစာစောင်တွေကိုဖတ်ချင်တဲ့သူတွေဖတ်နိုင်အောင်စားပွဲပေါ်မှာတင်ထားပေးတယ်။

ကျောင်းမှာနံရံကပ်စာစောင်လည်းလုပ်တယ်။ ကျောင်းနံရံကပ်စာစောင်မှာလည်း ကျွန်တော်တို့ဝင်ရေးခဲ့တာပေါ့။
      စာကြည့်တိုက်ဆိုတာ ပုံနှိပ်စာအုပ်တွေ၊လက်ရေးစာမူတွေကို လူအများဖတ်ရှုလေ့လာဖို့ စုဆောင်းထားတဲ့ဌာနဖြစ်ပါတယ်။
ကမွာပေါ်ကရှေးအကျဆုံးစာကြည့်တိုက်တွေဟာ ခရစ်ယန်ဘုရားရှိခိုးကျောင်းကြီးတွေဖြစ်ကြတယ်။ ကမွာပေါ်မှာပထမဦးဆုံးစုဆောင်းခဲ့တဲ့စာအုပ်စာတမ်းတွေကအစိုးရမှတ်တမ်းတွေဖြစ်ပါတယ်။ ယဉ်ကျေးမှုမြင့်မားတဲ့တိုင်းပြည်တိုင်းမှာစာကြည့်တိုက်တွေရှိတယ်။
      အင်းတော်မြို့မှာ မြို့မကျောင်းလို့လူတွေခေါ်ကြတဲ့ဘုန်းကြီးကျောင်းရှိတယ်။ မြို့မကျောင်းနဲ့ကပ်လျက်လောကမာရဇိန်ဘုရားရှိတယ်။ မြို့မကျောင်းမှာ ဦးပဥ္စင်းဦးပဏ္ဏိတလို့ဘွဲ့အမည်ရတဲ့ ဦးပဥ္စင်းတစ်ပါးရှိတယ်။ 
အဲဒီဦးပဥ္စင်းကလည်း စာတွေကဗျာတွေရေးတဲ့ ဘုန်းကြီးတစ်ပါးဖြစ်ပါတယ်။ ဦးပဥ္စင်းရဲ့ကလောင်အမည် က နန်းကင်ဉာဏ်ဝင်းတဲ့၊ အင်းတော် မြို့ကလူတွေကဦးပဥ္စင်းကို" ဦးပဥ္စင်း နန်းကင်ဉာဏ်ဝင်း "လို့ပဲခေါ်ကြတယ်။ ဦးပဥ္စင်းနန်းကင်ဉာဏ်ဝင်းကလည်း သီတင်းကျွတ်လပြည့်နေ့မှာ နံရံကပ်စာစောင်လုပ်ပါတယ်။ နံရံကပ်စာစောင်ကိုထားရှိတဲ့နေရာက လောကမာရဇိန်ဘုရားပေါ်မှာဖြစ်တယ်။ အဲဒီမှာလည်း စာပေဝါသနာ ပါတဲ့သူတွေ ကလောင်ဝင်သွေးကြတယ်။
      ကျွန်တော်တို့နေခဲ့စဉ်အခါက အင်းတော်မြို့မှာ စာအုပ်ရောင်းတဲ့ဆိုင်နှစ်ဆိုင်ရှိတယ်။ တစ်ဆိုင်က အင်းတော် မြို့မစျေးရှေ့မှာရှိပြီး တစ်ဆိုင်ကတော့အင်းတော်မြို့က သတင်းထောက်ကြီး ဦးအောင်မင်းသိန်းရဲ့ တက်ထွန်းစာပေဖြစ်တယ်။ အင်းတော်မြို့က ဒီ့ပြင် သတင်းထောက်တစ်ဦးကတော့ ကိုမင်း( အင်းတော် )ပါ။
မနှစ်က ဆုံးသွားရှာပါပြီ၊ ကိုမင်း( အင်းတော် )ဟာ နောက်ဆုံးအချိန်ထိ သတင်းထောက်အလုပ်ကိုလုပ်ကိုင်သွားခဲ့သူဖြစ်တယ်။
       သွားရေးလာရေးခက်ခဲခဲ့ပေမယ့်လည်းစာအုပ်စာတန်းတွေပေါများတဲ့မြို့၊ စာပေနဲ့ပတ်သက်ြပီးအဆင့်အတန်းမြင့်တဲ့မြို့ဖြစ်လို့စာပေဝါသနာပါတဲ့ကျွန်တော့်အတွက်အဆင်ပြေခဲ့ပါတယ်။
အင်းတော်မြို့နယ်ထဲမှာရှိတဲ့မန်လည်ဆိုတာကလည်း မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်းကြီးကိုရေးသားစီရင်ခဲ့တဲ့မန်လည်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့ရာနေရာဌာနလည်း ဖြစ်တယ်။
      အင်းတော်မြို့ကနေကျွန်တော်ထွက်လာခဲ့တာအနစ်လေးဆယ်ကျော်ခဲ့ပါပြီ၊ ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကအကြောင်းအပေါင်းသင့်လို့ ကျွန်တော် အင်းတော်မြို့ကိုပြန်ရောက်ဖြစ်ခဲ့တယ်။ သွားရေးလာရေးကလည်း အရင်တုန်းကလိုမဟုတ်တော့ဘူး။
အတော်လေးကိုအဆင်ပြေနေပါပြီ၊ဟိုတုန်းက မီးရထားလမ်းကိုပဲ အားကိုးခဲ့ရပေမယ့်အခုတော့မီးရထားလမ်းအပြင် ကားလမ်းပါရှိနေပြီဖြစ်တယ်။ ရန်ကုန်ကနေမြစ်ကြီးနားကိုတိုက်ရိုက်ကားနဲ့သွားလို့ရပြီလေ။အင်းတော်ဘက်ကိုေပါက်တဲ့ကားလမ်းကနှစ်လမ်းတောင်ရှိသတဲ့။ ထီးချိုင့်ဘက်ကနေလာတဲ့လမ်းနဲ့ရွှေဘို
ဘက်ကနေလာတဲ့လမ်းဆိုပြီး ရှိသတဲ့။ ရန်ကုန်ကနေ မနက် ၁၀ နာရီခွဲထွက်တဲ့ကားက အင်းတော်မြို့ကို နောက်နေ့မနက် ၅ နာရီလောက်မှာ ရောက်တယ်လို့ ဆိုတယ်။ လက်ကိုင်ဖုန်းတွေပေါများတဲ့ခေတ်ဖြစ်လို့ ဆက်သွယ်ရေးကလည်း ဟိုတုန်းကလိုမခက်ခဲတော့ပါဘူး။
      အင်းတော်မြို့ကိုကျွန်တော်ရောက်တော့ကျွန်တော်သွားလာလှုပ်ရှားခဲ့တဲ့နေရာလေးတွေကိုသွားကြည့်မိတယ်။ ဟိုတုန်းက စာပေဟောပြောပွဲတွေကျင်းပပြုလုပ်ခဲ့တဲ့ အောင်မင်္ဂလာရုပ်ရှင်ရုံက ရုပ်ရှင်ပြတဲ့နေရာမဟုတ်တော့ဘဲ မင်္ဂလာပွဲလိုအခမ်းအနားတွေကျင်းပပြုလုပ်တဲ့ခန်းမ ဖြစ်နေပါတယ်။ ဟိုတုန်းကအင်းတော်
မြို့နားက အင်းတော်အင်းကိုသွားရင်ဘာမျှကြည့်စရာရႈစရာမရွိဘူး။ အင်းရေပြင်ပဲတွေ့ရတယ်။ အခုတော့အင်းတော်အင်းဘေးနားမှာ ငါးကင်ဆိုင်၊ အကြော်ဆိုင်တွေရှိသလို အပန်းဖြေစရာ၊ဓာတ်ပုံရိုက်စရာ ရှုခင်းရှုကွက်တွေကို ဖန်တီးထားပြီ းခရီးသွားဧည့်သည်တွေကို လာချင်အောင် အနားယူချင်အောင်ဆွဲဆောင်ထားတာကိုတွေ့ရတယ်။
        တိုးတက်ပြောင်းလဲနေတာတွေတော့အများအပြားရှိပါတယ်။ အင်းတော်မြို့မကျောင်းက ဦးပဥ္စင်း နန်းကင်ဉာဏ်ဝင်းလည်း အဲဒီကျောင်းမှာကျောင်းထိုင်ဆရာေတာ်ဖြစ်နေတာကိုဖူးမြင်ခဲ့ရတယ်။ လောကမာရဇိန်ဘုရားနားမှ ာဒုတိယကမွာစစ်အတွင်းကစစ်လမ်းကြောင်းဖြစ်ခဲ့လို့ ဂျပန်စစ်သားတွေအသုံးပြုခဲ့တဲ့မြေ အောက်ဆေးရုံကိုတူးဖော်ပြီးပြတိုက်လုပ်ထားတာကိုတွေ့ရတယ်။
      ကျွန်တော်ရဲ့ စာပေဘဝ ခရီးအစဖြစ်ခဲ့တဲ့" ခေတ်ကြေးမုံ" စာကြည့်တိုက်ကိုရောက်သွားမိတယ်။သတင်းစာ၊ ဂျာနယ်လာဖတ်တဲ့သူ တစ်ဦးစ၊နှစ်ဦးစ တော့တွေ့မိပါရဲ့။ အရင်ကလိုတော့ စည်ကားတာမတွေ့ရဘူး။ ဘေးပတ်ဝန်းကျင် ကလူငယ်တွေကို ကြည့်မိတဲ့အခါ လက်ကိုင်တယ်လီဖုန်းကိုယ်စီနဲ့ဖြစ်နေပြီး အဲဒီတယ်လီဖုန်းကိုပဲ စိတ်ဝင်တစားရှိနေကြတာကိုတွေ့ရတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ဦးကို စာကြည့်တိုက်နဲ့ပတ်သက်ပြီးမေးကြည့်တော့ လူငယ်ပရဟိတအသင်းတစ်ခုက ထိမ်းသိမ်းစောင့်ရှောက်ထားတယ်လို့ဆိုတယ်။ စာကြည့်တိုက်ရှိနေသေးတာကိုပဲ ချီးကျူးရမှာဖြစ်တယ်။ စာကြည့်တိုက်ပျက်မသွားသေးတာပဲတော်သေးတယ်လို့ဆိုရမှာပါ။ အင်းတော်မြို့ကိုပြန်ရောက်မှသိကျွမ်းမိတဲ့ကဗျာဆရာတစ်ဦးက အခုလိုဆိုပါတယ်။

     " နေရာတိုင်းမှာ အားလုံးက လက်ကိုင်တယ်လီဖုန်းလေးတွေနဲ့ဆိုတော့ ဒီမှာလည်း တယ်လီဖုန်းလေးတွေနဲ့ဖြစ်နေပြီလေ "

      တယ်လီဖုန်းတွေ၊ ကွန်ပျူတာတွေ က ခေတ်နဲ့အညီတိုးတက်ဖြစ်ထွန်းမှုတွေပါ။ ဒါတွေက မကောင်းတာမဟုတ်ပါဘူး။ အရေးကြီးတာကစာဖတ်ဖြစ်ဖို့ပါ။ စာဆိုတာကလည်း တစ်ပုဒ်စ၊ နှစ်ပုဒ်စဖတ်ဖူးရုံနဲ့ အမှန်လို့ယူဆလို့မဖြစ်ပါဘူး။ တယ်လီဖုန်းနဲ့အသုံးပြုလို့ရတဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကစာတွေ၊ သတင်းတွေအားလုံးကိုလည်းအတည်ဆိုပြီးမှတ်ယူလို့မရပါဘူး။ ကျွန်တော်သတိထားမိတာကတော့ လက်ကိုင်တယ် လီဖုန်း အသုံးပြုတဲ့သူအတော်များများ အနေနဲ့ စာသိပ်ရှည်ရင်မဖတ်ကြတော့ဘူး။
အထူးသဖြင့်တော့ ဓာတ်ပုံနဲ့ ကြည့်စရာ ရှုစရာတွေကိုပဲစိတ်ဝင်တစားနဲ့ ကြည့်ကြ၊ရှုကြ အရသာခံနေကြတာကိုတွေ့ရတယ်။
      အရည်အချင်းပြည့်ဝတဲ့သူတွေဖြစ်လာဖို့ ငယ်စဉ်ကတည်းက အရည်အသွေးပြည့်ဝအောင် စာပေတွေဖတ်ရှုလေ့လာသင့်တယ်။ ကိုယ့်ကို ကိုယ် ပြုစုပျိုးထောင်တဲ့နေရာမှာ စာဖတ်တာဟာ အကောင်းဆုံးလက် နက်၊ အကောင်းဆုံးပညာရပ်ပါပဲ။ အသိတရားနဲ့ ဆင်ခြင်တုံတရားတွေကိုမြင့်မားစေတဲ့ စာဖတ်ခန်းတွေ၊ စာ ကြည့်တိုက်တွေ၊ စာအုပ်တွေ မပျောက်ကွယ်သွားသင့်ပါဘူး။
     တစ်ရက်မှာ ၂၄ နာရီရှိပါတယ်။အိပ်ချိန်ကို ၈ နာရီထား၊ ၁၆ နာရီ ကျန်ပါတယ်။ အလုပ်ချိန် ၈ နာရီနှုတ်ရင် ၈ နာရီကျန်ပါသေးတယ်။ အဲဒီအထဲကမှ စားချိန်၊ သွားချိန်၊ ဗာဟီရ လုပ်တဲ့အချိန်တွေကိုနှုတ်လိုက်ဦး၊ စာဖတ်ဖို့အချိန် နည်းနည်းပါးပါးတော့ ကျန်ဦးမှာပါ။ စာဖတ်သူတွေရှိနေသမျှ စာအုပ်တွေမပျောက်ကွယ်နိုင်ပါ ဘူး။
    ဘဝမှာ အောင်မြင်တိုးတက်လ်ိုသူ တစ်ဦးအနေနဲ့ ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတာမှန်သမျှကို မျက်ခြေမပြတ်ဆည်းပူးလေ့လာသင့်ပါတယ်။ အဲဒီလိုလေ့လာတဲ့နေရာမှာစာဖတ်တာဟာ အကောင်းဆုံးနည်းလမ်းပါပဲ၊ ဝမ်းဗိုက်အတွက် အစားအသောက်ဖြည့်တင်းပေးဖို့လိုအပ်သလို စိတ်အတွက်လည်းအစာအဟာရဖြည့် တင်းပေးဖို့လိုအပ်တယ်။ စာဖတ်တယ်ဆိုတာ စိတ်ကိုအဟာရဖြည့်တင်းပေးတာပါပဲ။ နာကြားမှတ်သားတာဟာ သုတကိုပြည့်စုံစေပါတယ်။
သုတ ကြောင့်ပညာ တိုးပွားပါတယ်။ပညာ နဲ့ အနက်အဓိပ္ပာယ်ကိုသိနိုင်ပါတယ်။ သိလာတဲ့အနက်အဓိပ္ပာယ် ဟာ ချမ်းသာကိုဆောင်ပါတယ်။
      Francois Fenelon ( 1651-1715 )ဆိုတဲ့ပုဂ္ဂိုလ် က အခုလို ဆိုခဲ့သတဲ့။
   " ငါ၏ စာအုပ်စာပေများကို ပယ်စွန့်လျှင် ဥရောပထီးနန်းများကိုနှင်းအပ်မည်ဟု ငါ့အားဆိုလာငြားအံ့၊ သရဖူသော၊ ထီးဖြူသော၊ နန်းပလ္လင်သော၊ ဥကင်သော ငါမလိုချင်။ စာအုပ်စာပေကိုသာ ငါခင်အံ့။ "
     သူ့ရဲ့အဆိုအမိန့်က အစွန်းရောက်ကောင်းရောက်ပါလိမ့်မယ်။
ဒါပေမယ့် အဲဒီလိုလူမျိုးတွေများခဲ့ရင် စာအုပ်တွေအနေနဲ့စွန့်ပစ်ရမယ့်အမှိုက်ဘဝမရောက်မှာတော့ သေချာပါတယ်လို့ ဆိုပါရစေ။       ။

                                                   သူရထိုက်