Breaking News

သစ်််််််ကောင်းအိမ် - စိတ်ကျန်းမာရေးဆေးရုံ တခုပေါ်၌ မင်းမဲ့ဝါဒထူထောင်ခန်း

Than Htay Maung


သစ်််််််ကောင်းအိမ် - စိတ်ကျန်းမာရေးဆေးရုံ တခုပေါ်၌ မင်းမဲ့ဝါဒထူထောင်ခန်း

(မိုးမခ) မတ် ၂၃၊ ၂၀၂၀

ဆွေးနေတဲ့ ကြမ်းတွေကလည်း
ဦးဆွေးဆံမြေ့ဆွေးမြေ့လို့
သက်ဦးဆံပိုင် ထီးဖြူအမိုးဟာလည်း
လေတိုက်တိုင်းကိုင်းကျိုးလို့
နန်းတော်လေသာဆောင်ရှေ့ထွက်ရပ်ပြီး
ဆာလောင်ငိုကြွေးနေတဲ့လူအုပ််ကြီးကို
စားစရာမရှိရင် အဲဒီစားစရာမရှိတာကြီးပြောင်းစားကြဖို့
အော်ပြောမယ်ကြံတုန်း
လေတိုက်ထဲလှန်သွားတဲ့စကပ်ကို
လက်နှစ်ဖက်နဲ့ဆုပ်ရင်း
မေရီအင်တွိုင်းနက်ဟာ
သူ့ကိုယ်သူ
မာရီလင်မွန်ရိုးမှတ်လို့

သူတို့မှာဆုံးရှုံးစရာ
နှောင်ကြိုးဆိုလို့
အမြီးတချောင်းသာရှိတဲ့
မြေကြွက်ကြီးတွေက
ညရောက်တိုင်း မြေအောက်တွင်းနက်တွေဆီက တက်လာ

ယပ်တောင်မြင် ခေါင်းနောက်ထိုး
စိတ်ကြီးဝင်
ငါကိုယ်တော်ရေမြေ့သခင်ဆိုသူ
ရွှေပလ္လင်အမှတ်နဲ တက်ထိုင်နေကျ
လူနာကုတင်ကြီးကတိုင်တွေကို တတိတိကိုက်ဖြတ်ရင်း
တော်လှန်ရေး စတင်ကြောင်း
ပထမဆုံးသေနတ်သံကို
ပစ်ဖောက်ကြေညာလိုက်ကြ

ပုရွက်ဆိတ်အနီကောင်တွေက
အနီရောင်အောင်လံတလူလူကိုလက်ဆင့်ကမ်း
လက်ဆေးကြွေဇလုံပေါ်
တန်းစီချီတက်လို့

ပေါင်မုန့်အသိုးတွေက
ရိက္ခာဂိုထောင်ထဲ
အနံ့ဆိုးတွေနဲ့ကြွေးကြော်သံတိုင်လို့

အပိတ်ဆို့ခံရေဆိုးမြောင်းတွေက
လက်သီးလက်မောင်းတန်းပြီး
အကြွင်းမဲ့လွတ်မြောက်ရေးကိုတောင်းဆိုလို့

တပ်ဦးမှာကျဆုံးသွားတဲ့
ဆူပူလှုံဆော်ရေးသမား မိလ္လာပိုက်တွေရဲ့
ပွင့်ထွက်နေတဲ့ဝမ်းဗိုက်တွေကနေ
အနက်ရောင်သွေးပွက်တွေ
တဗွက်ဗွက်ပန်းထွက်
လမ်းမတွေထက်မှာ
မြင်မကောင်းအောင်ပြန့်ကျဲလို့

စိတ်ဝေဒနာရှင်အားလုံးကလည်း
လူအခွင့်ရေးဆုံးရှုံးမှုကို
အမူရာမျိုးစုံနဲ့သရုပ်ဖော်ရင်း
သူတို့ဆန္ဒတွေကိုထုတ်ဖော်လို့

သပိတ်စုံဖို့မလို
ရောက်နေတာ
စိတ္တဇဆေးရုံဆိုတော့
" အရူးစုံ သူပုန်ထကြ "

အရူးကအရူးကို
ပြန်ပြီးကုသနေတဲ့
စိတ်ကျန်းမာရေးဌာနတွေ
အလိုမရှိ

အရူးကအရူးကို
ပြန်ပြီးဗိုလ်လုပ်နေတဲ့
အုပ်ချုပ်ရေးယန္တယားတွေ
အလိုမရှိ

အရူးကအရူးကို
ပြန်ပြီးပိတ်လှောင်ထားတဲ့
အရူးထောင်တွေ
အလိုမရှိ

အလိုမရှိ

အလိုမရှိ

အလိုမရှိ

ထလော့ အဖိနှိပ်ခံကမ္ဘာ့ရဲဘော်အရူးအပေါင်းတို့
အရူးတအုပ်ကတော့
ကောက်ရိတ်သိမ်းပွဲတော်ကိုသွားဖို့
စိတ်ကျန်းမာရေးဆေးရုံတခုပေါ်မှာ
နွေဦးကိုစောင့်စားနေကြပြီ

" ထလော့ အငတ်ဘေးကျရောက်သူအပေါင်းတို့ရေ
ထလော့ ကမ္ဘာ့တဝှမ်းကကျေးကျွန်တွေ "

 ဖေဖော်ဝါရီ ၂၀၂၀ ၊