Breaking News

ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ - ၅


ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ - ၅

(မိုးမခ) မတ် ၂၃၊ ၂၀၂၀

ဒီနေ့ ဟာ ဥရောပ မှာတော့ အမေများ နေ့ ပေါ့ ။ အမေများ နေ့မှာ ဗြိတိန် ဝန်ကြီးချုပ်က သူ့ တိုင်းပြည်ကလူတွေကို ( ကိုယ့်အမေကိုယ် ချစ်ရင် )အမေ့ ဆီ သွား မတွေ့ကြပါနဲ့ လို့ မှာနေတာကို ကြား ရတာ အတော်ကို မဆီလျော်၊ အတော်လဲ ဝမ်းနည်းစရာ ကောင်းပါတယ် ။

ကိုဗစ် ဟာ သက်ကြီးရွယ်အို နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဆိုပြီး မညှာတတ်ခဲ့ ဘူး ။ အဆုတ်မကောင်းတဲ့ လူ ၊ ဆီးချိုရှိတဲ့ လူနဲ့ ကျောက်ကပ်မကောင်းတဲ့လူတွေကို ပိုညှိုးတယ် ။ အသဲ ကျောက်ကပ် အစားထိုးပြီး အသက်ရှင်နေရသူတွေ ၊ ကင်ဆာ ဝေဒနာရှင်တွေအပေါ်ဆို ပိုရက်စက်ပြတတ်သေးတယ် ။ ဒီလို အားနည်းချက်ရှိပြီးသားလူတွေရဲ့ အသက်ကို ကိုဗစ်က အလွယ်လေးချွေတာမို့ အမေနေ့မှာ သူ့နိုင်ငံသူ နိုင်ငံသားတွေ အမေတွေဆီ ရောဂါပိုး သယ်သွားမိမှာစိုးလို့ သူ သတိပေးနေတာပါ ။ အရင်ရက်တွေ ကလဲ အသက် ၇၀ ကျော်နေတဲ့လူကြီးတွေအားလုံး အိမ်ထဲက အိမ်ပြင် မထွက်ကြဘို့ သူ ပန်ကြားထားပြီးပြီ ။ အခု ဗြိတိန်ကရှိရှိသမျှ အဖိုးအို အမယ်အိုစုစုပေါင်း ၁.၅ သန်းဆီကို ၃ လ တိတိ အိမ်မှာ ပဲ အောင်းနေကြဘို့ တယောက်ချင်းဆီ စာ ပို့ သတိပေးဦးမယ်တဲ့ ။ ဆက် စီစဥ်နေတယ်။

လက်ရှိ ဖြစ်နေတဲ့ အခြေအနေကို သူ အသိဆုံး။ ကူးစက်လူနာ ၅၀၀၀ ကျော်လာတော့ ဆေးရုံတွေမှာ မနိုင်မနင်း စ ဖြစ် နေပြီ။ လက်ရှိ အခြေအနေမှန် ကို သူ့လူထု အမှန်အတိုင်း သိမှ ဖြစ်မယ်။ သိနေစေချင်တယ် ။ ( စိတ်သက်သာအောင် ) အချိုသတ်ပြီး သူ မပြောချင်ဘူးတဲ့ ။

လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်း က လဲ လန်ဒန်သားများ ဟာ အိမ်မှာ နေကြပါ ဆိုတာကို မနေကြဘူး။ ဘတ်စ်ကားတွေ စီးပြီး လပ်ယားလပ်ယား သွားနေကြတုန်း ။ တယောက်နဲ့ တယောက် တွေ့နေကြတုန်း ။ဒီလိုသာဆို ပို သေကုန်တော့မှာပဲ လို့ ဒီနေ့ ထုတ် ပြောတယ် ။ ပန်းခြံတွေ အားလုံး ကို ပိတ်ပစ်မှ ရမယ့် အခြေအနေရောက်သွားပြီ ။ အရင်ရက်တွေ က ပန်းခြံတွေ မှာ ခွေးကျောင်းဘို့ ခြေဆန့်လက်ဆန့် လုပ်နိုင်ကြ ဘို့ ခွင့်ပေးထားပေမယ့် လူတွေဟာ တယောက်နဲ့တယောက် ခပ်ခွါခွါ( ၆ပေအကွာ ) နေကြပါ ဆိုတာ ကို မနေကြပဲ၊ ပန်းခြံထဲမှာ စုကြ စကားပြောကြ ပါတီလုပ်ကြဆိုတော့ ။ နောက်ရက်တွေမှာ တခြား ဥရောပ နိုင်ငံတွေ လုပ်သလို ဖမ်း တဲ့ ဆီးတဲ့ အထိ လုပ်ဖို့ အစိုးရက စကားဦးသန်းတယ် ( နယ်ပိုင်းတောပိုင်းက ပန်းခြံတွေမှာ တော့ ချွင်းချက်ရှိတယ် )

ဟော်လန်( နယ်သာလန်) က အမေနေ့ မှာ လဲ ဟော်လန်ဗဟို ပန်းစျေးကြီးမှာ ယူရို ငွေသန်းပေါင်းများစွာတန်ကြေးရှိတဲ့ ဟော်လန်ပန်းမျိုးစုံ ကို ဖျက်ဆီးပစ်နေတာ ။ ဘူဒိုဆာနဲ့ ထိုးပစ် နေတာ ။ ပန်းတွေကို အမှိုက်ပုံဆီ ပို့ နေတာတွေ မြင်ရတယ်။ နိုင်ငံတကာက လာနေကျ ပန်း အမှာစာတွေ မလာနိုင်တော့ဘူး ။လေယာဥ်တွေလဲ မပျံကြတော့ဘူးဆိုတော့သူတို့ ဘာမှလုပ်လို့ မရဘူး ။ နှစ်တရာအတွင်း တခါမှ ခုလို မဖြစ်ဖူးခဲ့ ဘူးလို့ တာဝန်ရှိတဲ့ လူက ရှင်းပြနေတယ်။ ဟော်လန် ပန်းစိုက်တောင်သူတွေအသင်းကြီး က သူတို့ ဖြင့် အရင်းပြုတ်ကုန်ကြပြီမို့- အစိုးရ ရေ ကယ်ပါဦး တဲ့ ။

အီတလီမှာ မနေ့က ၈၀၀ နီးပါးနဲ့ ဒီနေ့ ၆၅၁ ယောက် ဖိတ်စင်တယ် ။ စုစုပေါင်း အသက်ဆုံးပါးရသူ ငါးထောင် လေးရာကျော်လာပြီ။ ဒုတိယလိုက်နေတဲ့ စပိန်က ကူးစက်ခံရသူ ၂သောင်းခွဲ နဲ့ အဖိတ်အစင် ၁၅၀၀ နီးပါး ။

အာဖရိက မှာ ရှိတဲ့ အီရစ်ထရီးယား၊ ယူဂန်ဒါ၊ အင်ဂိုလာ နိုင်ငံတွေမှာ ပထမဆုံး လူနာ ဇီးရိုးတွေကို စတွေ့တယ်။ တွေ့ပုံတွေကလဲ ထူးခြားတယ်။ အီရစ်ထရီးယား က လူနာဇီးရိုးကို နော်ဝေက လက်ဆောင်ပေး တာ။ အင်ဂိုလာ က ပေါ့စတစ် ၂ယောက်ကို ပေါ်တူဂီက လက်ဆောင်ပေးတာ။ ယူဂန်ဒါက ပေါ့စတစ်ကို ဒူဘိုင်းက ပေးလိုက် တာ။ ဆိုတော့ ရန်ကုန်နားက လှည်းကူး စောင့်ကြည့်ရေး စခန်းမှာ ယူကေ က ပြန်လာတဲ့ ကျောင်းသားတွေ ၁၄ ရက် စောင့်ကြည့်ခံရတာ သိတ်မလွန်ဘူး ထင်ပါရဲ့ ။ ဥရောပ ဟာ ကိုဗစ် ရဲ့ ရေခံမြေခံ ကောင်း ။

မြန်မာဟာ ကိုဗစ်ကို သတိကြီးကြီးထား ကိုင်တွယ်နေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ထိုင်းဘက်မှာ ကျောင်းသွားတက်တဲ့ ကျောင်းသားလေးတယောက် သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာ ကို ပြန်လာတယ်၊ ရွာ ပြန်ရောက်ပြီး ဖျားနေ ချောင်းဆိုး နေလို့ စစ်ဆေးကုသတာတွေလုပ်နေတုန်း ထွက်ပြေးသွားတယ်။ ဒီဖြစ်စဥ်ကို မွန်ပြည်နယ်ကျန်းမာရေး ဒု ဦးစီးမှူး ဒေါက်တာ ဝတ်မှုန်က သက်ဆိုင်ရာဆီ အသိပေး အကြောင်းကြားတဲ့ စာတစောင်ဖတ်ရတော့ နယ်တွေ ရပ်ရွာတွေ နိုးနိုးကြားကြားရှိနေကြတယ်လို့ သတိထားမိပါ တယ်။

ဒီနေ့ ထိုင်းကနေ မြန်မာအလုပ်သမား တသိန်းပြန်လာတယ်ဆိုတဲ့သတင်းဟာတကယ်ကြီး လား ။ စစ်ဆေးလို့ မလွယ်တဲ့ အရေအတွက်က စိတ်ပူစရာပေမယ့် ကိုယ့်နိုင်ငံသားတွေဆိုတော့ ကြိုဆို လက်ခံကြရမှာပါ ။ သူတို့တွေ ထဲက တယောက်ယောက် တကယ်လို့ ကိုဗစ်နဲ့ နီးစပ်တဲ့ အဖျားလက္ခဏာမျိုး ပြလာ ရင် တာဝန်ရှိရှိ အသိတရားရှိ ရှိနဲ့ သက်ဆိုင်ရာ ကို အမြန်ဆုံး သတင်းပို့ကြမယ်။ ၁၄ ရက် သေချာ သီးသီးသန့်သန့် ခွဲ နေကြမယ်ဆိုရင် ကိုယ့်ရပ်ကိုယ့်ရွာကို စောင့်ရှောက်ကာကွယ်ရာရောက်တာပါပဲ ။

ခုထိ မြန်မာနိုင်ငံတဝှမ်းက ဆေးရုံတွေမှာ စစ်ဆေးစောင့်ကြည့်နေတဲ့ လူနာတွေဆီက ပေါ့စတစ် လူနာ မတွေ့ရသေးပေမယ့် မနက်ဖြန် သဘက် တွေ့နိုင်ပါတယ် ။ ကိုဗစ် တကယ် ဖြစ်နေရင် ဖုံးထားလို့ မရနိုင် ဘူး။ နမိုးနီးယားနဲ့ သေနေတဲ့ အသုဘတွေကို ရပ်ထဲ ရွာထဲမှာ ဖုံးထားလို့ ရမှာ မဟုတ်ဖူးလို့ ပါမောက္ခ ဆရာဝန်ကြီး ဦးညွန့်သိန်းက မီဒီယာတွေကို ရှင်းပြနေပါတယ်။

ဆရာတော် အရှင်ဆေကိန္ဒ ဦးဆောင်ပြီး ကူးစက် လူနာ ၄၀၀ အထိ လက်ခံကုသထားရှိနို င်မယ့် နေရာတခု ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌါနနဲ့ အတူ ကြိုတင် ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းဟာ အတော် ဝမ်းမြောက် သာဓု ခေါ်စရာ ကောင်းလှပါတယ်။ ဘာသာရေး လူမှုရေးခေါင်းဆောင်တွေ ဒီကိစ္စမှာ တိုင်းသူပြည်သားတွေအကျိုးအတွက် နိုးနိုးကြားကြား သတိနဲ့ ဆောင်ရွက်နေကြတာ ထင်ရှားတယ်။

ဒေါက်တာ ချစ်သုဝေတို့ ခေတ်သစ်ဖေါင်ဒေးရှင်းက ဆေးရုံကြီးနဲ့ ဝေဘာဂီဆေးရုံကို ပိုးမကူးစက်အောင် ကာကွယ်တဲ့ ပိုးကာကွယ်ရေးဝတ်စုံတွေ လှူဒါန်းနေတာလဲ ဒီနေ့ ဖတ်လိုက်ရတယ်။ ဝေဘာဂီ ဆေးရုံကို အစုံ ၆၀ ။ ရန်ကုန်ဆေးရုံကြီးကို အစုံ ၄၀ ။

EXCELLENT FORTUNE FOUNDATION ဆိုတဲ့ non profit organization က ဦးစိုင်းမျိုးဝင်း တို့ ဦးဆောင်ပြီး ဗိုင်းယပ်စ် ပိုး ကာကွယ်တဲ့ ကာကွယ်ရေးဝတ်စုံ တွေ( PPE )လက်အိတ်နဲ့ နှာခေါင်းစည်းတွေ သိန်း ပေါင်း တစ်ထောင့် တစ်ရာ ခုနှစ်ဆယ် ဖိုး ဝယ်တယ်။ လိုအပ်တဲ့ဆေးရုံတွေက သူတို့ဆီ လှမ်းအကြောင်းကြား ပါ။ ပေးပို့ လှူဒါန်းသွားမယ်ဆိုတဲ့ သတင်းကလဲ အတော်ကို မင်္ဂလာရှိလှပေါ့ ။

ပြည်ပရောက်နေတဲ့ မြန်မာတွေထဲက တက်တက်ကြွကြွနဲ့ ယူကေက အမျိုးသမီးလူငယ် ပိုးဖြူသန့် Poe Phyu Thant က အရင်ရက် တွေက ကိုဗစ် ဖြစ်လာရင် ကာကွယ်ကုသတဲ့နေရာမှာ အထောက်အကူဖြစ်စေမယ့် ပစ္စည်းတွေ ဝယ်နိုင်ဘို့ ဆိုပြီး အလှူငွေ ကောက်ခံတာ ပေါင် တသောင်းကျော် ရလိုက်တယ်လို့ သတိထားမိတယ်။ ဒီလို ပဲ ပြည်တွင်းပြည်ပ မြန်မာ နိုင်ငံသားတွေ အားလုံး ပူပန်စိတ် ကြောင့်ကြစိတ်တွေနဲ့ တယောက်တလက် နိုင်ရာ နိုင်ရာ အလုပ်တွေကို လုပ်ကြ ရင်း ကိုဗစ်ကို ရင်ဆိုင်ရတော့မှာ သေချာနေပါတယ်။

ကျွန်တော်သိထားသလောက် နဲ့ သတိရ လက်လှမ်းမီသလောက် ရေးလိုက်ရတာသာ ဖြစ်ပြီး နိုင်ငံတနံတလျားမှာ ပရဟိတပေါင်း များစွာ အသင်း များစွာဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ကိုဗစ်ကို ရင်ဆိုင်ဘို့ ပြင်ဆင် ဆောင်ရွက်နေကြတော့မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါ တယ်။

အနည်းဆုံး တနှစ်ကျော် လူထုနည်းနဲ့ ခုခံ ကြရမှာ သေချာပါတယ်။ ကမ္ဘာကျန်းမာရေး အဖွဲ့ကြီး က ဒေါက်တာ မိုက် ရွိုင်ရန်( Dr. Mike Ryan, director of the WHO Health Emergencies Program,) ကို ဘီဘီစီက ဘယ်တော့လောက်များ ကာကွယ်ဆေး ရနိုင်မလဲလို့ မေးတဲ့အခါ သူက အနည်းဆုံးတနှစ်တော့စောင့်မှ ရမယ်လို့ဖြေပါတယ်။ လူ သန်းပေါင်းထောင်ချီပြီး ထိုးပေးရမယ့် ကာကွယ်ဆေးမျိုးဖြစ်တာမို့ အမြန်လုပ်လို့ မရဘူး ။ ဘေးကင်းစိတ်ချ သေချာဘို့ က အရမ်းအရေးကြီးတယ်။ အချိန်ယူ စမ်းသတ်ပြီး သေချာမှ ထုတ်နိုင်မှာလို့ ပြောပါတယ်။

အမေရိကန်မှာတော့ ဆားစ် နဲ့ မားစ် ကိုရိုနာဗိုင်းယပ်ကိုက်တုန်းက ထုတ် လုပ်တဲ့ ကာကွယ်ဆေး နည်းပညာမျိုး နဲ့ မတ်လ ၁၆ရက်နေ့က စပြီး ကာကွယ်ဆေးကို ထုတ်လုပ်စမ်းသတ်နေပါပြီ ။ သန်စွမ်းကျန်းမာ လူ ပေါင်း ၄၅ယောက်အထိ စမ်းသတ်ထိုးကြည့်မယ်။ ၆ပတ်ကြာအောင် စောင့်ကြည့် ရမယ်ပြောပါတယ်။
တရုတ် ပြည် ဝူဟန်မြို့ Tongji Hospital ဆေးရုံ မှာ လဲ ကျန်းမာရေးကောင်းတဲ့ လူ ၁၀၈ ယောက်ကို ကာကွယ်ဆေး စမ်းသတ်ဆေးထိုးတဲ့ လုပ်ငန်းတွေစတင်နေတယ်လို့ သိရတယ် ။

ဒီလိုပဲ အစ္စရေး ဂျာမဏီ အင်္ဂလန် စတဲ့ စတဲ့ နိုင်ငံများစွာမှာ ကိုဗစ် ဗိုင်းယပ်စ်ကို နိုင်နင်းတဲ့ ကာကွယ်ဆေး အလျင်အမြန်ထုတ်နိုင်ဘို့ ကြိုးစားနေကြပါတယ်။ ဘယ်လောက်ပဲ မြန်အောင်ကြိုးစား ကြိုးစား တနှစ်တော့ ကြာမယ်။ ဒီတနှစ်အတွင်း ကမ္ဘာကြီးက နိုင်ငံအသီးသီးမှာ ဘယ်လိုနည်းဗျူဟာတွေနဲ့ ကိုဗစ်ကို ရင်ဆိုင်ကြမလဲ ။ ခုခံကြမလဲဆိုတာ အတော်ရင်ခုန်စိတ်ပူရတဲ့ ကိစ္စအမှန်။

ဒီနေ့ ယူကေ ပါလီမန်မှာ ကျန်းမာရေးဝန်ကြီး Matt Hancockက ကျွန်တော်တို့ ဟာ မမြင်ရတဲ့ ရန်သူနဲ့ စစ်ဖြစ်နေပြီလို့ ပြောပါတယ်။ We are at war against invisible enemy

တကယ်ပဲ ကိုဗစ်ဟာ ယူကေကို အီတလီလို မရှုမလှ ဖြစ်အောင် စတင်တိုက်ခိုက်နေပါပြီ။ ၃လမပြည့်ခင်မှာ ကမ္ဘာလူ သား ၃သိန်းကျော်ကို အလူးအလဲဖြစ်အောင် တိုက်ခိုက်နိုင်စွမ်းရှိကြောင်း သူ ပြတယ်။ လူ တသောင်း သုံးထောင်ကျော်ကို အပြီးသတ် အလဲထိုး အနိုင်ယူစွမ်းရှိကြောင်းသူ ပြတယ် ။

ဒီနေ့ နေ့မကူးခင်မှာ တခါ ဂျာမဏီ နိုင်ငံ ရဲ့ အဓိပတိ ခေါင်ချုပ် အင်ဂျလာ မာကဲလ်ကို တက်ပြီး ခြိမ်းခြောက်ထားလိုက်ပြန်ပြီလို့ သိရတဲ့ သတင်းဟာ တကယ်သွေးပျက်စရာကောင်းလှပါလား ။

လာမယ့် မနက်ဖြန်တွေက ကိုဗစ်ရဲ့ ပိုမို ရက်စက် ကြမ်းကြုတ်တဲ့ လျပ်တပြက် ထိုးစစ် ရက်စွဲ တွေ ဖြစ်လာ မလား ။

ခွန်ဆိုင်း ( ၂၂.၀၃.၂၀၂၀ )