Breaking News

ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ ၂၀


 ခွန်ဆိုင်း  - ကိုဗစ် ဒိုင်ယာရီ ၂၀

(မိုးမခ) ဧပြီ ၇၊ ၂၀၂၀


ဒီနေ့ ဒိုင်ယာရီ ရေးဘို့ စိတ်မပါဘူး။ မိုးလင်းကတည်းက အဆင်မပြေတာနဲ့ စတယ်။ အိမ်သူ ကို အလုပ်လိုက် ပို့မယ်လုပ်တော့ ကား ဘက်ထရီက ဒေါင်းနေတယ်။ ဘာမှ လုပ်မရဘူး။ဘက်ထရီက အိုနေပြီ ။ မလဲဖြစ်သေးတာ ။ ပြီးခဲ့တဲ့ ၅ရက် လုံး ကားကို ပစ်ထားလိုက်တဲ့ အခါ သူ မနိုးနိုင်တော့တာနေမယ်။ အိမ်သူ့ အလုပ်က ကပ်ပြီးမှ ဖျက်လို့ ပျက်လို့ မကောင်းတော့ သူ့ဖာသာ သူ လမ်းလျောက်သွားလိုက်တယ်။ မိနစ် ၃၀ ကျော်လောက် ခတ်ပြင်းပြင်း လျှောက်လိုက်ရင်တော့ ရောက်ပါ တယ် ။ ခုရက်ထဲ လိုင်းကားတွေက လဲ ဆွဲတယ်ဆိုရုံလေး ခတ်ကျဲကျဲ ဆိုတော့ သူ့ခင်မျာ ဘတ်စ်ကားလဲ စောင့်စီးချိန်မရ ။

ဒီကာလထဲ ကျမှ အိမ်မှာ ကားမရှိ ရင် အကုန် ပို ခက်တော့မှာ ဆိုပြီး ကိုယ့် ဘက်ထရီအို ကို လက်ပူတိုက် ပြန်နှိုး အသက်သွင်း ဘို့ ဘက်ထရီ နှိုးတဲ့ စက်( Jump Starter ) ကလေးများ ခုနေ ဘယ်က ရနိုင်မလဲ အွန်လိုင်းက တက်ကြည့်ရရော။ လမ်းလျှောက်သွားလိုက်ရင် ရောက်တဲ့ အိမ်နဲ့ နီးတဲ့ ဆိုင် ကို အရင် ကြိုးစားကြည့်တာ ၉ရက်စောင့်ရမယ် လို့ အကြောင်းပြန်တယ်။ မဖြစ်သေးဘူး ။ အိမ်နဲ့ ဝေးတဲ့ဆိုင်ကို ထပ် ကြိုးစားကြည့်တော့ ပစ္စည်း က အဆင်သင့် ရှိတယ်။ လာ ယူနိုင်ရင် ရပါမယ်လို့ အကြောင်းပြန်တယ်။ ဒီတော့ မြို့တော်တက္ကစီကို အသွားအပြန် ခေါ်တယ် ။ ဘတ်စ်ကား စီးရမှာ သိတ် မစီးရဲ။ တက္ကစီ စီးတာနဲနဲတော်မယ်ထင်တယ်။ အပြင်ထွက် တဲ့ အခါ ထုံးစံအတိုင်း လက်အိပ်တွေ မျက်နှာစည်းတွေ အကာအကွယ် ယူပြီးမှ ထွက် တယ် ။ ယူကေမှာ Halfords ဆိုတဲ့ နံမည်နဲ့ ဆိုင်မျိုးတွေ က ကားနဲ့ ပတ်သက်တာမှန်သမျှ ရောင်းတဲ့ ဆိုင် တွေ။ ပစ္စည်းကို အွန်လိုင်းက အော်ဒါလုပ် အရင်မှာ ။ ဆိုင်ရောက်တော့ ပစ္စည်းကောက်ယူ ငွေချေပေါ့ ။ အဲဒီမှာ ကိုယ်လဲ တသက်တခါကြုံရခဲတဲ့ ကိုဗစ်စျေးရောင်းနည်းကို ကြုံရတယ်။

စျေးလာဝယ်တဲ့ ဘယ်သူ့ကိုမဆို ဆိုင်ထဲအထိ ဝင်ဝယ်တာမျိုးလက်မခံဘူး။ အဝင် မခံဘူး။ ဆိုင် မှာ တံခါးတပေါက်ပဲ ဖွင့်ထားပြီး အဲဒီ တံခါးပေါက်မှာ စားပွဲ အရှည်ကြီး နှစ်လုံးကို ထိပ်ချင်း တိုက် ပိတ်ဆို့ပြီး ခံထားတယ် ။ စားပွဲ ရှည်ကြီး ၂လုံး ရဲ့ ဟိုဘက်မှာ ပစ္စည်းရောင်းတဲ့ အရောင်းစာရေးမ ။ ဝယ်သူက ဒီဘက်ကနေ မှ လှမ်းဝယ်ရတာ ဆိုတော့ ၁၂ပေလောက် ခြားထားပြီးသား Social distancing။ လူချင်းခွါ ကိုဗစ် စျေးရောင်းနည်းသစ်တမျိုးလို့ ခေါ်ရင်လဲ ရတယ် ။ အွန်လိုင်းကနေ ကိုယ်မှာထားတဲ့ ပစ္စည်းကို သူက အဆင်သင့် လုပ်ထား ခြင်းထဲထည့်ပြီး ဒုတ်ရှည်တချောင်းနဲ့ ကိုယ့်ဆီတွန်းပေး။ ကိုယ်က ပိုက်ဆံပြန် ပေးတော့ အခုအခါ ငွေစက္ကူလက်မခံပါဘူးတဲ့။ ကိုဗစ်ပါမှာစိုးလို့ ကဒ်နဲ့ ပဲ ပေးလို့ရပါမယ်တဲ့ ။ ကိုယ်တွေက လိုတိုင်း ငွေထုတ်စက်တွေကို သွားပြီး ခဏခဏ ထုတ်နေရင် ပိုးထိမှာ စိုးလို့ ဆိုပြီး အရင်က ကြိုထုတ်ထားတဲ့ ငွေ စက္ကူနဲ့ ချေဘို့ ကြိုးစားတာ အလကားဖြစ်သွားပြီ ။ ကဒ်ထိုးတဲ့ စက်ကလေးတခု ကိုယ့်ရှေ့မှာ ရှိတယ် ။ အရောင်းစာရေးမရဲ့ ကွန်ပြူတာနဲ့ နဲ့ ကျွန်တော့်ရှေ့က ငွေချေစက် ကို ဝိုင်ယာကြိုးအရှည်ကြီးတချောင်းနဲ့ သွယ်ထားကြ တယ်။ ၁၂ပေ ခွါ စျေးရောင်းနည်း အသစ်လေး က မှတ်သားဖွယ်ပါ ။ငွေချေဖြတ်ပိုင်းလဲ မပေးတော့ဘူးနော်တဲ့ ။ ရှင့် အီးမေးလ်ထဲ ကို ပဲ ဒီကနေ ထည့်လိုက်မယ်လို့ လှမ်းအော်ပြောသေး တယ် ။ ပြီးတာပဲ ။ သူတို့လဲ ဆိုင်မပိတ်နိုင်တော့ လူတွေ အွန်လိုင်းက လှမ်းဝယ်တာတွေကို ဆိုင်မပိတ်ပဲ အဖြစ် ရောင်းနေကြတဲ့ သဘောပါ ။

အပြန် လက်ကိုင်ဖုန်းကို မက်ဆေ့ချ် ဝင်တော့ ဘာများလဲ ဖတ်ကြည့်တာ တက္ကစီ ကုမ္ပဏီက ဖြစ်နေတယ်။ အခုပို့လိုက်တဲ့ လင့်ခ်လေးထဲကို တက္ကစီ ကားခ ပေးချေလိုက်ပါတဲ့ ။ ငွေစက္ကူ နဲ့ မချေပါနဲ့ တဲ့။ ကိုဗစ်နဲ့တွေ့မှ ငွေစက္ကူ လဲ မနေရ။ အလကား သိက္ခာကျ ၊ အိန္ဒြေိ တွေ တန်ဖိုးတွေ ပျက်ယွင်းရရှာပေါ့။ ကိုယ်က ကားဆရာကို ငွေစက္ကူနဲ့ပဲ ချေလိုက်တယ်။

တင်းတင်းကြပ်ကြပ် ပိတ်ဆို့တဲ့ Lockdown အကျိုးတရား နိုင်ငံတချို့မှာ နဲနဲစ ပြတယ်။ စပိန်နဲ့ အီတလီ မှာ အသေအပျောက် နှုန်း ကျလာတာကိုဆိုလိုပါတယ် ။ ဒါပေမယ့် စိတ်မကောင်းစရာ က အမေရိကန်မှာ မချိမဆန့် သေနှုန်းတက်နေသလို အင်္ဂလန် ဂျာမဏီ နဲ့ တူရကီ မှာ လဲ အဖိတ်အစင်ကိန်းဂဏန်းတွေ တက်နေတုန်း ။ ညကျတော့ ပို စိတ်မကောင်းစရာသတင်းက ဘောရစ်ဂျွန်ဆင် ကို အထူးကြပ်မတ်ဆောင် သွင်းလိုက်ရတဲ့ သတင်းပဲ ။ ပြီးတဲ့ ၂ရက် က သူ့ကိုစိတ်ပူတဲ့အကြောင်း ဒိုင်ယာရီမှာ တို့ထားသေးတယ် ။ အသည်းအသန်ရက်ထဲကို ရောက်လာနေပြီလို့ ပြောမိတာ အခုတော့တကယ်ရောက်ပါ ပေါ့။ ပိုဆိုးတဲ့နောက်တချက်ကလဲ ကိုယ်ဝန် ၇လနဲ့ သူ့ ဇနီးလောင်း ကို လဲ ကူးစက် ထားတာ။ ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်။ စကော့တလန်ဝန်ကြီးချုပ်နိကိုလပ် စတာဂျင် ။ သမတကြီး ထရန့် ရဲ့ ဇနီး အီဗီယန်ကာ ပြင်သစ်သမတ မိုက်ခရွန်တို့က ဘောရစ်ဂျွန်ဆင်ကို ဝိုင်း အားပေးနေကြ ဆုတောင်းပေးနေကြ တယ်။ မနေ့က အဲလစ်ဇဘက်ဘုရင်မကြီး အသံလွှင့်ချိန်မှာတော့ အားလုံးအောင်မြင်ကျော်လွှားကြမယ် အတူ ပြန်ဆုံဆည်းကြမယ်လို့ ပြည်သူကို အားပေးခဲ့တယ်။

မြန်မာက ဒီနေ့ ပေါ့စတစ် တယောက်ပဲ ထပ်တွေ့ပြီး တွေ့သူကလဲ ထိန်းချုပ်ပြီးသား လူနာဖြစ်နေတော့ ကောင်းမွန်တဲ့ လက္ခဏာတွေပဲ ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပဲခူးတိုင်းဒေသကြီးက တာဝန်ရှိတဲ့လူတွေ COVID-19တိုက်ဖျက်ရေး မှာ လက်တွေ့ ကြုံနေရတဲ့ အခြေအနေတွေကို အပြန်အလှန်ဆွေးနွေးကြတာ ပညာပေး သတင်းပေး သဘော၂မျိုး ပါတော့ အတော်ကောင်းပြီး လူထုစိတ်ဝင်စားတဲ့ အစီအစဥ်မျိုး ။
အစိုးရက ကိုဗစ်ကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့ လက်လုပ်လက်စားတွေကို ဆန်ဆီ ဆား ထောက်ပန့်မယ်လို့ ထုတ်ပြန်လိုက်တဲ့ သတင်းဟာလဲ တခါမှ မကြားစဖူး ကြားရသူအားလုံးအတွက် မဟာ ကုသိုလ်စိတ်ဖြစ်စေပါတယ်။

ခွန်ဆိုင်း ( ၆-၀၄-၂၀၂၀ )