Breaking News

ကယ်လီဖိုးနီးယား အဆင့် ၄ ဆင့် ဖြင့် ပြန်ဖွင့်မည်

ကယ်လီဖိုးနီးယား အဆင့် ၄ ဆင့် ဖြင့် ပြန်ဖွင့်မည်

(မိုးမခ) ဧပြီ ၂၉၊ ၂၀၂၀

ဧပြီ ၂၈ သတင်းစာရှင်းလင်းပွဲမှာ ကယ်လီဖိုးနီးယားပြည်နယ် ဝန်ကြီးချုပ် ဂယ်ဘင်နယူးဆန်က ပြောကြားရာမှာ ကိုဗစ်၁၉ ရောဂါကပ်ဘေးကြောင့် အိမ်တွင်းအောင်းနေရသော ပြည်သူများကို အဆင့် ၄ ဆင့်ဖြင့် ပြန်လည် ဖွင့်လှစ်ပေးမည်ဟု ဆိုသည်။



ကိုဗစ်၁၉ ကပ်ကြောင့် အမေရိကားတပြည်လုံး ကူးစက်ခံရသူ ၁သန်းကျော်ပြီး သေဆုံးသူ ၅သောင်း၈ထောင် ကျော်ပြီ ဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ ၄သောင်း၆ထောင် ကူးစက်ခံရပြီး သေဆုံးသူ ၁၈၀၀ ကျော်ရှိသည်။ လက်ရှိတွင် ကိုဗစ်ဆေးစစ်နှုန်း ၁နေ့ ၂သောင်းကျော် ရှိပြီး ၁နေ့ ၂သောင်းခွဲအထိ တိုးမြှင့်ဆေးစစ်နိုင်ရန် ကြိုးပမ်းနေသည်။ အခြားပြည်နယ်များနှင့် ယှဉ်လျင် ကယ်လီဖိုးနီးယားသည် ကူးနှုန်း သေနှုန်း များစွာ ကျဆင်းနေသည်ဟု ဆိုနိုင်သည်။



နယူးဆန်က ပြောကြားရာတွင် ယခုလက်ရှိမှာ အဆင့် ၁ ဖြစ်သည်။ အဆင့် ၁ မှာ ဆေးစစ်နှုန်း မြှင့်တင်ခြင်း၊ ဆေးရုံ ဆေးဝန်ထမ်း ဆေးပစ္စည်းများ အဆင့်ပြင်ဆင်ထားခြင်း ဖြစ်သည်။ လက်ရှိ အဆင့်၁ ပြီးမြောက်လျင် အဆင့် ၂ ကို သွားမည် ဖြစ်သည်။



အဆင့် ၂ မှာ ၆ပေအကွာ အကန့်အသတ်အောက်မှာ လုပ်ငန်းခွင်များ စတင်လည်ပတ်ခြင်း ဖြစ်သည်။ အိမ်မှာနေပြီး အလုပ်မလုပ်နိုင်သည့် အလုပ်များအနက် စက်ရုံများ ရုံးအလုပ်များ ဖွင့်လှစ်ခြင်း၊ စားသောက်ဆိုင်များ ပါဆယ်ထုတ် ဖြင့် ဝယ်ယူနိုင်ခြင်း၊ အများသုံးနေရာများ (ပန်းခြံ၊ သဘာဝန်းကျင်) ဖွင့်လှစ်ခြင်း တို့ပါဝင်သည်။




အဆင့် ၃ မှာ တကိုယ်ရေဝန်ဆောင်မှု၊ အပမ်းဖြေလုပ်ငန်း၊ ဖျော်ဖြေရေးဌာနများ၊ အားကစားလေ့ကျင့်ရေးဌာနများ၊ ဘာသာရေး သာရေးနာရေး စုဝေးမှုများကို ခွင့်ပြုခြင်း ဖြစ်သည်။




အဆင့်၄ မှာ နဂိုအတိုင်း ပြန်လည် ပြီးမြောက်စေခြင်း ဖြစ်သည်။ လူအမြောက်အများ ထောင်ချီ စုဝေးသော ကစားပွဲများ ဖျော်ဖြေရေးများ၊ အစည်းအဝေးကြီးများ၊ ပြပွဲပြိုင်ပွဲများ ညီလာခံများ ကျင်းပခွင့် ပြုခြင်း ဖြစ်သည်။

လက်ရှိတွင် ကယ်လီဖိုးနီယားမှာ လူ ၂ သန်းနီးပါး အလုပ်လက်မဲ့ဖြစ်သွားသည်။ အမေရိကန်ပြည်ထောင်စု၏ အလုပ်လက်မဲ့ ထောက်ပံ့ရေးအစီအစဉ်အရ တပတ် ၇၀၀ ဒေါ်လာ ခန့်မှန်းနှုန်းဖြင့် တလ ၂ထောင်၈ရာ ခံစားနိုင်သည်ဟု သိရသည်။ ဇူလိုင်လအထိ ထောက်ပံ့ကြေး ရမည်ဟု ဆိုကြသည်။ ကယ်လီဖိုးနီးယား၏ အလုပ်ကူညီရေးဌာန၏ လုပ်ငန်းဆိုင်ရာ ကြံ့ကြာမှုများကို လူအများက ပြစ်တင်ဝေဖန်လျက် ရှိသည်။

ကျောင်းများ ပိတ်ထားသည်ကိုလည်း ခန့်မှန်းသည်ထက် စောပြိး ဖွင့်မည်ဟု နယူးဆန်က ဆိုသည်။ ဖွင့်နိုင်လျင် ဇူလိုင်လကုန်၊ ဩဂုတ်လဆန်းမှာ ၂၀၂၀ နှစ်ဝက်၏ စာသင်နှစ်ကို စတင်ဖွင့်မည် ဟု ပြောသည်။ အမှန်တကယ် ၂၀၂၀ နှစ်ဝက်စာသင်နှစ်မှာ ဩဂုတ်/စက်တင်ဘာမှ စရမည် ဖြစ်ပါသည်။ သို့သော်လည်း ဆန္ဒမျှသာ ဖြစ်ပြီး ဆုံးဖြတ်ချက် မချရသေးဟု နယူးဆန်က ပြောပါသည်။

အဆင့် ၄ ဆင့် ဖွင့်လှစ်ခြင်းအတွက် အချိန်ခန့်မှန်းချက်ကို ပြန်ကြားရာတွင် လက်ရှိ အဆင့် ၁ မှ ၂ သို့ သီတင်းပတ်အနည်းငယ်အတွင်း ဖြစ်နိုင်ပြီး အဆင့် ၃ နှင့် အဆင့် ၄ ဆီသို့ ချီတက်ရန်မှာ လချီပြီး ကြာနိုင်သည်ဟု ဆိုသည်။ ယခု ကယ်လီဖိုးနီးယားသည် ပြည်ထောင်စု သတ်မှတ်ချက်အတိုင်း မေလ ၃၁ ရက်အထိ အိမ်တွင်းအောင်းနေရန် အမိန့်အောက်မှာ နေထိုင်နေရသည်။